Healthy Life Ad
Child

နွမ်းပါးသူ လူနာတို့အတွက် အမြဲရပ်တည်သွားမည့် ဒေါက်တာထိန် အခမဲ့ဆေးကုခန်း

၊ ဇွန်ခိုင်ဦး ၊ (ဆေးဝါးတက္ကသိုလ်)

အသိမိတ်ဆွေ တစ်ဦးက သူ့သားမွေးနေ့အလှူ အဖြစ် Dr.Htein’s Clinic (ဒေါက်တာထိန် အခမဲ့ ဆေးကုခန်း) တွင် ရာသက်ပန်
ဆေးပဒေသာပင် လှူဒါန်းကြောင်း၊ အဆိုပါ ဆေးခန်းသည် နွမ်းပါးသူ လူနာတို့ အားထားရာ အခမဲ့ဆေးခန်း ဖြစ်ကြောင်း ကြားသိရသည့်
အတွက် အဆိုပါဆေးခန်း ဖွင့်လှစ်ထားသော ဒေါက်တာထိန်ဝင်းနှင့် တွေ့ဆုံ မေးမြန်းဖြစ်ခဲ့ခြင်း ဖြစ်ပါသည်။

“၂၀၁၃ ဇွန်လက စတင်ဖွင့်လှစ် ဖြစ်ခဲ့တာပါ။ အစပိုင်းမှာ ကျွန်တော်တစ်ယောက်တည်း အခမဲ့ ဆေးကုသမှု ပေးနေရင်းနဲ့ ဖေ့စ်ဘွတ်ခ်မှာ တင်လိုက်တော့ ပရဟိတလုပ်နေတဲ့ အစ်ကိုအစ်မတွေ ဖြစ်တဲ့ ဒေါ်ဝါဝါခိုင်မင်း၊ ဒေါ်နှင်းယုဝင်း၊ ဒေါက်တာ နှင်းဝတ်ကြည်၊ ဒေါက်တာ ထွေးထွေးယုတို့က ဝိုင်းပြီး အလှူခံ ပေးပါတယ်။ ပထမတုန်းက ကိုယ်ပိုင်ဆေးခန်း ဖွင့်ထားရင်း ချို့တဲ့သူ တစ်ယောက်-နှစ်ယောက် စသဖြင့် တစ်ပိုင်တစ်နိုင် ကုပေးနေတာပါ။ အဲဒီလိုကုရင်း တစ်ပတ်မှာ တစ်ရက်လောက် အခမဲ့ကုလိုက်ရင် ကောင်းမယ်လို့ စဉ်းစားမိတယ်။ ကိုယ့်အိမ်က ဆေးခန်းမှာ အခမဲ့ ကုမယ့်အစား တောင်ဒဂုံ၊ ဘုန်းကြီးကျောင်း စတာတွေမှာ အခမဲ့ လိုက်ကုပေးရရင် ပိုကောင်းမယ်လို့ တွေးမိတယ်။ အဲဒီအတွေးလေးကို ဖေ့စ်ဘွတ်ခ်ပေါ် ရေးလိုက်တော့ အရင်ကတည်းက စစ်ကိုင်းတောင်ရိုးအတွက် အလှူခံပေးနေတဲ့ အစ်မ ဒေါ်ဝါဝါခိုင်မင်း၊ ဒေါ်နှင်းယုဝင်း၊ ဒေါက်တာ နှင်းဝတ်ကြည်၊ ဒေါက်တာ ထွေးထွေးယုတို့က အလှူငွေ ကူရှာပေးမယ်လို့ ပြောတယ်။ အဲဒီလိုနဲ့ တဖြည်းဖြည်း အလှူငွေလေးတွေ ရလာပါတယ်။

ပထမတုန်းက လစဉ်ကြေးလေးနဲ့ စခဲ့တာပါ။ ကျွန်တော်ကလည်း တစ်လကို နှစ်သောင်း ထည့်တယ်၊ တခြား ခင်မင်နီးစပ်တဲ့ အလှူရှင်တွေကလည်း ထည့်ကြတယ်။ အဲဒီလို နည်းနည်းစီ စုလိုက်တော့ တစ်သိန်း-နှစ်သိန်း ရလာတယ်။ ဒီလိုနဲ့ ပထမဆုံး မင်္ဂလာဒုံ ပုလဲမှာရှိတဲ့ ဘုန်းကြီးကျောင်းမှာ အခမဲ့ဆေးခန်းလေး စဖွင့် ဖြစ်ခဲ့ပါတယ်။ ဘုန်းဘုန်းက နေရာပေးတာနဲ့ ဆေးခန်းဖွင့်ပြီး တစ်ပတ်မှာ နှစ်ရက်- သုံးရက် စဖွင့်ဖြစ်ခဲ့တယ်။ အဲဒီကစပြီး ဆက်တိုက် ကုသဖြစ်သွားတာပါ”ဟု ဒေါက်တာထိန်ဝင်းက ပြောသည်။

ဒေါက်တာထိန် အခမဲ့ ဆေးကုခန်းများ ဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်မှာ ဆေးကုသမှု ခံယူရန်အတွက် လက်လှမ်းမမီကြသည့်
ဆင်းရဲသား များ၊ ယခုနောက်ပိုင်း ဖွံ့ဖြိုးတိုးတက်လာချိန်တွင် အစိုးရ ဆေးရုံ၊ ဆေးခန်းများတွင် အခမဲ့ကုသမှု ပေးနေသော်လည်း အစိုးရဆေးရုံနှင့် ဒေသန္တရ ဆေးခန်းများသို့ အကြောင်းအမျိုးမျိုးကြောင့် မရောက်ဖြစ်ကြသူ များ၊ သွားရေးလာရေး အခက်အခဲ ရှိသူများ လွယ်လင့်တကူ ကုသမှုခံယူနိုင်ရန် ဖြစ်ကြောင်း သိရသည်။

“ဒီအခမဲ့ ဆေးကုခန်းလေးတွေက ကျန်းမာရေး ချို့တဲ့နေသူတွေအတွက် ပြီးပြည့်စုံတဲ့ ဆေးခန်းလေးတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ သူတို့ အတွက် First Contact Person (ကျန်းမာရေးအတွက် ပထမဆုံး တိုင်ပင် ဆွေးနွေးပေးသူ) တော့ ဖြစ်ရမယ်။ ကျန်းမာရေး ဗဟုသုတ မပြည့်စုံသူတွေ ကျတော့ နာမကျန်းဖြစ်လာရင် စပ်ဆေးတွေ ဝယ်သောက် လိုက်ကြတယ်လေ၊ အဲဒီအခါ စပ်ဆေးတွေကြောင့်
နောက်ဆက်တွဲ အန္တရာယ်တွေ အများကြီး ကြုံရပြန်တယ်။ စပ်ဆေးသောက်မယ့်အစား ကျွန်တော့်ဆေးခန်းကို လာလိုက်လို့ သေချာ စမ်းသပ်စစ်ဆေးပြီး သင့်တော်တဲ့ ဆေးသောက်ခွင့် ရသွားပါမယ်။ တကယ်လို့ ကျွန်တော်က မနိုင်ဘူးဆိုတဲ့ အခါ နီးစပ်ရာ အစိုးရဆေးရုံ
တွေကို လွှဲလိုက်ရင် သူတို့အတွက် နည်းနည်းပဲဖြစ်ဖြစ် အန္တရာယ်ကင်းသွားမယ်လို့ ယူဆမိပါတယ်”ဟု ဒေါက်တာထိန်ဝင်းက ပြောသည်။
ဒေါက်တာထိန် အခမဲ့ဆေးကုခန်းသို့ လာရောက်ပြသသူ လူနာများတွင် အစောပိုင်း၌ ပုံမှန် နှာစေး၊ ချောင်းဆိုး၊ ဖျားနာသူများ၊ ရုတ်တရက် ထိခိုက်ဒဏ်ရာ ရသူများသာ များသော်လည်း တဖြည်းဖြည်းဆေးခန်းကို ပုံမှန် အချိန်ဇယားအတိုင်း ဖွင့်လှစ်နိုင်ခဲ့သည့်အခါ ဆီးချိုသွေးချို ရောဂါရှိသူများ၊ သွေးတိုးရောဂါ ရှိသူများ၊ နှလုံးရောဂါ ရှိသူများ များပြားလာကြောင်း သိရသည်။

“အဓိကတော့ ကျွန်တော်က ဆီးချိုသွေးချို ရောဂါသည်တွေကို ပိုပြီး အာရုံစိုက်ဖြစ်တာ များပါတယ်။ ဒီရောဂါသည်တွေ လိုက်နာသင့်တဲ့ ဘဝနေထိုင်မှု ပုံစံကလည်း ကျန်းမာရေး အသိပညာပေးပြီး ပြုပြင်ပေးဖို့ လိုတယ်လေ၊ ဆေးကိုလည်း ပုံမှန်စစ်၊ ပုံမှန်သောက်ဖို့ လိုအပ်တယ်။ တချို့လူနာတွေ ကျတော့ ဆေးကို ပုံမှန် ဝယ်မသောက်နိုင်တဲ့ အတွက် ဆေးခန်းကို တစ်ခါလာပြရင် နှစ်ပတ်စာ အခမဲ့ပေးလိုက်ပါတယ်။ နောက်နှစ်ပတ်မှာ ပြန်လာပြတဲ့အခါ သွေးတွင်း သကြားဓာတ်ကို တိုင်းတာစစ်ဆေးပြီး ဆေးကို နောက်နှစ်ပတ်စာ အခမဲ့ ပေးလိုက် ပါတယ်။ ဒါဆို လူနာက တစ်လလုံးလုံး ဆေးဖိုးကို အပြင်မှာ ဝယ်သောက်စရာ မလိုတော့ပါဘူး။ ဒီတော့ လူနာအတွက်ကော သူ့မိသားစုအတွက်ပါ ဝန်ထုပ်ဝန်ပိုး မဖြစ်တော့ပါဘူး။ များသောအားဖြင့် အခြေခံ လူတန်းစားတွေက တစ်လဝင်ငွေက ဘာမှမရှိတဲ့အတွက် ဆေးဖိုးက သုံးလေးသောင်းလောက် ကုန်မယ်ဆိုရင် ဆေးကို မသောက်ကြတော့ဘူး၊ ဗမာဆေးကို ပြောင်းသောက် လိုက်ကြတယ် ဒါမှမဟုတ် ဆေးသောက်လိုက်၊ ပြတ်လိုက် လုပ်ကြတယ် . . အခုလို ကျွန်တော်တို့က အခမဲ့ ကုပေးလိုက်တော့ ဆီးချိုသွေးချို ရောဂါရဲ့နောက်ဆက်တွဲ ကျန်းမာရေး ပြဿနာကို ခံရနိုင်ခြေ နည်းသွားပါတယ်။

ဒေါက်တာထိန် အခမဲ့ဆေးကုခန်း စဖွင့်ခါစ၌ လူနာဦးရေ ကန့်သတ်ချက် မရှိခဲ့သော်လည်း ယခု နောက်ပိုင်းတွင် လူနာဦးရေက ရာကျော်
အထိ များပြားလာခဲ့ရာ ဆရာဝန် မနိုင်သည့်အပြင် ဆေးဝါးစရိတ်လည်း မတတ်နိုင်တော့ပေ။ သို့ဖြစ်ရာ တစ်နေ့လျှင် လူနာ ၈၀ ဦးအထိ
သာ လက်ခံတော့သည်။ နောင်တွင် လုပ်အားပေးမည့် ကျန်းမာရေး ဝန်ထမ်းဦးရေနှင့် အလှူငွေ များလာလျှင် ယခုထက်ပို၍ လူနာဦးရေကို လက်ခံသွားရန် စဉ်းစားထားကြောင်း သိရသည်။

“အခုလက်ရှိမှာ အမာခံ အဖြစ်ကတော့ သူငယ်ချင်း ဖြစ်တဲ့ ဒေါက်တာ ဇော်သီဟမင်းနဲ့ ဒေါက်တာ ခင်ချိုတို့က ကူညီကြသလို ကျွန်တော့် ချစ်သူဖြစ်တဲ့ ဒေါက်တာ နှင်းအေးယဉ်ကလည်း ဆေးခန်းကို ဝိုင်းဝန်းလုပ်ကိုင် ကူညီပေးလျက် ရှိပါတယ်။ အခုနောက်ပိုင်းမှာ လာတဲ့ လူနာ တွေကလည်း အနယ်နယ်အရပ်ရပ်က ဖြစ်လာပါတယ်။ တကယ်လို့ ကျွန်တော်တို့ ဆေးခန်းမှာ မနိုင်တဲ့ လူနာတွေဆိုရင် အစိုးရဆေးရုံ တွေကို လွှဲပြီး ပို့ပေးလိုက်ပါတယ်။ ဆေးခန်းကို လာတဲ့အထဲမှာ နှလုံးအဆို့ရှင်လဲဖို့ လိုအပ်တဲ့ လူနာတွေ၊ ဦးနှောက် အကျိတ်ရောင်တဲ့ လူနာ၊ နှာခေါင်းအတွင်းပိုင်း ကင်ဆာရှိသူ စတဲ့ လူနာတွေဆိုရင် ကျွန်တော့်ဆေးခန်း အလှူငွေထဲကပဲ ဖြစ်ဖြစ်၊ သီးသန့်အလှူခံ ပြီးတော့ပဲ ဖြစ်ဖြစ် ထောက်ပံ့ ပေးလိုက်ပါတယ်”ဟု ဒေါက်တာထိန်ဝင်းက ဆိုသည်။ ထို့ပြင် ဆေးခန်းက တစ်ဆင့် လွှဲလိုက်သော ကင်ဆာလူနာ များအတွက် ဒေါက်တာထိန်အခမဲ့ ဆေးခန်းက ထောက်ပံ့ပေး
ကြောင်း သိရသည်။

“ကျွန်တော့်ဆေးခန်းက တစ်နေ့တာ ဆေးအလှူရှင်နဲ့ လစဉ်ကြေးအလှူနဲ့ လည်ပတ်နေတာပါ။ ဥပမာ ဦးမြရဲ့ မွေးနေ့မို့ လှူမယ်ဆိုရင် တစ်နေ့တာ ဆေးဖိုးကို ပျမ်းမျှအားဖြင့် ရှစ်သောင်းခွဲလို့ သတ်မှတ်ထားပါတယ်။ လူနာအပေါ် မူတည်ပြီး ဒီ့ထက် လျော့ကုန်တာလည်း ရှိသလို ပိုကုန်တာလည်း ရှိပါတယ်။ တချို့တချို့သော အလှူရှင်တွေက ကျွန်မမွေးနေ့မို့ ကြာဇံကြော်လေး ကျွေးပေးပါ၊ နွားနို့ တိုက်ပေးပါလို့ တောင်းဆိုလာရင် လုပ်ပေးပါတယ်။ ပုံမှန်ဆေးခန်းက ကျွေးတာမျိုးတော့ မရှိပါဘူး”ဟု ဒေါက်တာထိန်ဝင်းက ပြောသည်။

တစ်လလျှင် ငွေနှစ်သောင်းစီ စုပြီး စတင်ခဲ့သည့် Dr Htein’s Clinic (ဒေါက်တာထိန် အခမဲ့ ဆေးကုခန်း) မှာ ယခုအခါ ဆေးခန်း ငါးခုပင် ရှိခဲ့ပြီဖြစ်သည်။ အမှတ်(၁၀၇၄ / ဘီ)၊ ရွှေဘို (၁၃) လမ်း၊ (၅) ရပ်ကွက်၊ တောင်ဥက္ကလာပ မြို့နယ်တွင် ဖွင့်လှစ်ထားသည့် ဆေးခန်း (၁) ကို အင်္ဂါမှ သောကြာနေ့အထိ နေ့လယ် ၁၂ နာရီမှ ညနေ ၅ နာရီအထိ လည်းကောင်း၊ သီရိ မင်္ဂလာရွှေဘုံဦး ကျောင်း တိုက်၊ လေးထောင့်ကန် စိုက်မွေးကျေးရွာ၊ ရွာသာကြီးအလွန်၊ ဒဂုံမြို့နယ် (တောင် ပိုင်း) ၊ ရန်ကုန်တွင် ဖွင့်လှစ်ထားသည့် ဆေးခန်း (၂) ကို အပတ်စဉ် တနင်္ဂနွေနေ့တိုင်း နံနက် ၉ နာရီမှ နေ့လယ် ၁၂ နာရီ ၃၀ မိနစ်အထိ လည်းကောင်း၊ ရွှေသလ’ာကျောင်းတိုက်၊ အမှတ် (၄) ဝိုင်း၊ ဘေလီထိပ်၊ ပါရမီလမ်းနှင့် သံသုမာလမ်းထောင့်၊ တောင်ဥက္ကလာပ
မြို့နယ်တွင် ဖွင့်လှစ်ထားသည့် ဆေးခန်း (၃) ကို အပတ်စဉ် တနင်္လာနေ့တိုင်း နေ့လယ် ၁၂ နာရီမှ ညနေ ၅ နာရီအထိ
လည်းကောင်း၊ မဟာဗောဓိဓမ္မ ရိပ်သာ ၁ / က၊ အောင်သပြေ လမ်း၊ လေးထောင့်ကန် စံပြရပ်ကွက်၊ ပုလဲမြို့သစ်၊ မင်္ဂလာဒုံမြို့နယ်တွင် ဖွင့်လှစ်ထားသည့် ဆေးခန်း (၄) ကို အပတ်စဉ် စနေနေ့တိုင်း နံနက် ၉ နာရီမှ နေ့လယ် ၁၂ နာရီအထိ လည်းကောင်း၊ ဖားအောက်တောရ ဓမ္မရိပ်သာ၊ ဖောင်ကြီးလမ်း၊ လှည်းကူးမြို့နယ်၊ ရန်ကုန် တွင် ဖွင့်လှစ်ထားသည့် ဆေးခန်း (၅) ကို အပတ်စဉ် စနေနေ့ တိုင်း နေ့လယ် ၁ နာရီ မှ ညနေ ၄ နာရီအထိ လည်းကောင်း ဖွင့်လှစ် ကာ အခမဲ့ကုသမှု ပေးလျက်ရှိကြောင်း သိရသည်။

“ကိုယ်နိုင်သလောက် အားလပ်ချိန်မှာ လုပ်တဲ့ အခမဲ့ဆေးကုခန်းကို ယုံယုံကြည်ကြည် လှူဒါန်းကြတဲ့ အလှူငွေတွေ အတွက် စာရင်းကိုင် တစ်ယောက်နဲ့ ဝင်ငွေ၊ ထွက်ငွေ မှတ်တဲ့အပြင် ပြင်ပစာရင်းစစ် အဖွဲ့ဖြစ်တဲ့ Kyu Kyu Win Audit Firm နဲ့ အပ်ပြီး ခြောက်လတစ်ခါ မှတ်တမ်းအနေနဲ့ ထွက်ပါတယ်။ အဲဒါကို ဆေးခန်း Website ဖြစ်တဲ့ www.drhtein.org မှာ တင်ထားပါတယ်။ ဒါက ငွေရေးကြေး ရေး အလေအလွင့် မရှိအောင် လုပ်ဆောင်တာပါ။ အလှူငွေတွေ ထိရောက်ဖို့၊ ခြစားမှုတွေ မရှိဖို့နဲ့ ပွင့်လင်းမြင်သာမှု ရှိဖို့ ဆောင်ရွက်တဲ့ သဘောပါ”ဟု ဒေါက်တာ ထိန်ဝင်းက ပြောသည်။

ဒေါက်တာထိန် အခမဲ့ဆေးခန်းသို့ တစ်နေ့တာ ဆေးဖိုး (ရှစ်သောင်းခွဲကျပ်) လှူဒါန်းလိုလျှင်သော် လည်းကောင်း၊ ရာသက်ပန် ဆေးပဒေသာပင် (ငွေ တစ်သိန်းအထက်) လှူဒါန်းလိုလျှင်သော် လည်းကောင်း၊ လစဉ်ကြေး (တစ်ယောက် တစ်ထောင်အထက်) လှူဒါန်းလိုလျှင် သော် လည်းကောင်း ဒေါက်တာထိန် အခမဲ့ဆေးကုခန်း ဖုန်းနံပါတ် -ဝ၉ ၅၁ ၃၀၄၁၈ သို့ ဆက်သွယ်နိုင်ပါကြောင်း သတင်းကောင်း ပါးအပ်ပါသည်။

Most Popular

Healthy Life Ad
To Top