Healthy Life Ad
Child

အကျင့်ဆိုးကို ဘယ်လို ဖယ်ထုတ်ရပါ့ . .

၊ စူး (ဆေးဝါးတက္ကသိုလ်) ၊

သူဌေးကြီး ဦးဘောဂက သူ့သားရဲ့ အကျင့်ဆိုးတွေကို ဖယ်ရှားနိုင်ဖို့ ပညာရှိဦးလူတော်ကို အကူအညီ တောင်းခံ ခဲ့ပါတယ်။ ဦးလူတော်က ဦးဘောဂရဲ့ သားကိုခေါ်ပြီး ပန်းခြံတစ်ခုထဲ လမ်းလျှောက် ထွက်ခဲ့ကြတယ်။ တစ်နေရာ ရောက်တော့ ရုတ်တရက် ရပ်လိုက်ပြီး ဦးလူတော်က ကောင်လေးကို သေးငယ်တဲ့ သစ်ပင်လေး တစ်ပင်ကို ဆွဲနုတ်ခိုင်းခဲ့တယ်။ ကောင်လေးလည်း ပန်းပင်ငယ်လေး တစ်ပင်ကို လက်မနဲ့ လက်ချောင်းတွေကြား ဖိကိုင်ရင်း အသာလေး ဆွဲနုတ် လိုက်တော့တယ်။ ဦးလူတော်က အနည်းငယ် ပိုကြီးတဲ့ သစ်ပင်တစ်ပင်ကို ထပ်ဆွဲနုတ်ဖို့ ခိုင်းတော့ ကောင်လေးက အားနဲ့အင်နဲ့ ဆွဲနုတ်လိုက်တယ်၊ အမြစ်ပါ ပါလာပေမယ့် ကောင်လေး အနည်းငယ် ခန္ဓာကိုယ် ယိမ်းယိုင်သွားတယ်။ “ဒါကို ဆွဲနုတ်စမ်း ကောင်လေး” ဦးလူတော် လက်ညှိုးညွှန်ပြတဲ့ ချုံပုတ်တစ်ခုကိုလည်း ကောင်လေးဟာ ရှိရှိသမျှ ခွန်အားတွေ သုံးပြီး ဆွဲနုတ် ပစ်ခဲ့တယ်။ “ကဲ . . အခု ဒါကို ဆွဲနုတ်လိုက်. .” ဦးလူတော် ညွှန်ပြတာက မာလကာပင် ဖြစ်နေခဲ့တယ်။ ကောင်လေးလည်း ပင်စည်နားကို ကပ်ပြီး ဆွဲနုတ်ဖို့ ကြိုးစားခဲ့တယ်။ ဒါပေမဲ့ ဘယ်လိုမှ အရာမရောက် ခဲ့ပါဘူး။ “မဖြစ်နိုင်ဘူး ဦးလေး . .” ကောင်လေးက မောဟိုက်နေတဲ့ အသံနဲ့ ဖြေခဲ့တော့တယ်။ “ဒါက မကောင်းတဲ့ အကျင့်ဆိုးလိုပဲ။ အဲဒီ အကျင့်တွေက စလုပ်ခါစမှာ ပန်းပင်ငယ်လေးကို ဆွဲနုတ်သလို ဖယ်ထုတ်ရ လွယ်ပေမယ့် အကျင့်ဆိုးက စွဲကပ်တာ ကြာလာလေလေ၊ အမြစ်တွယ်ပြီး ဖယ်ထုတ်ရ ခက်လေလေပဲ လူလေး . .”

စာစုက ပေးချင်သော သင်ခန်းစာ
အကျင့်ဆိုးကို သင့်ဆီမှာ အကြီးထွား မခံပါနဲ့။ အကျင့်ဆိုးတစ်ခု စတင် စွဲကပ်ပြီဆိုတာနဲ့ ကိုယ့်ကိုကိုယ် ထိန်းချုပ်ပြီး ဖယ်ထုတ်လိုက်ရင် အလွယ်တကူ ရှောင်ခွာနိုင်မှာပဲ ဖြစ်တယ်ဆိုတဲ့ သင်ခန်းစာ ပေးတယ်လို့ ထင်ပါတယ်။

Most Popular

Healthy Life Ad
To Top