Healthy Life Ad
Life Style

ဝေဒနာတူသော်လည်း ခံစားရသောအချိန် ကွဲပြားမှုပေါ်မူတည်၍ သံသယဝင်သင့်သည့် ရောဂါများ

ငွေကြယ်စင်ယံ

ချောင်းဆိုးတာ၊ နှာစေးတာ၊ ကိုက်ခဲတာနဲ့ တစ်ကိုယ်လုံး နာကျင်တာတွေက အကြောင်းအမျိုးမျိုးကြောင့် ဖြစ်နိုင်သလို တစ်နေ့တာရဲ့ ဘယ်အချိန်မှာ ဖြစ်ပေါ်တာလဲဆိုတဲ့ အကြောင်းရင်းကို ကြည့်ပြီး ဘယ်လို ကုသသင့်တယ်ဆိုတာ သိနိုင်မှာ ဖြစ်ပါ တယ်။

ခေါင်းကိုက်ခြင်း
နံနက်ခင်းတွင် ခေါင်းကိုက်လျှင် ခေါင်းကိုက်ပြီး အိပ်ရာက နိုးလာရင် အိပ်စက်စဉ် လည်ချောင်းနံရံ ထိခိုက်ပြီး အသက်ရှူ ရခက်ခဲတဲ့ ဝေဒနာ (Sleep Apnoea)ကြောင့် ဖြစ်နိုင်ပါတယ်။ ဒါက ဟောက်တာ ကြောင့်ဖြစ်တတ်ပြီး သွေးထဲမှာ ကာဗွန်ဒိုင်အောက်ဆိုဒ်ပမာဏ မြင့်တက်လာလို့ ဖြစ်ရတာပါ။ ကာဗွန် ဒိုင်အောက်ဆိုဒ်ပမာဏ များလွန်းတာကြောင့် အက်ဆစ်စုပုံမှုများပြီး ခေါင်းကိုက်တတ်ပါတယ်။ ဒီလိုဖြစ်သူတွေကနံနက်ခင်းမှာ ခေါင်းတစ်ခြမ်းကိုက်တဲ့ ဝေဒနာနဲ့
နိုးလာတတ်ပါတယ်။ အိပ်ပျော်ချိန်မှာ အသက်ရှူ နူန်းနှေးလာတာကြောင့် အောက်ဆီဂျင်အဆင့်လျော့ကျရာက ခေါင်း ကိုက်ရတာပါ။
နေ့အချိန်တွင် ခေါင်းကိုက်လျှင် နေ့ခင်းဘက် ခေါင်းကိုက်တာက ကော်ဖီများများသောက်လို့ ဒါမှ မဟုတ် ကဖင်းဓာတ်ပါတဲ့ အရည်အသောက်များလို့ ဖြစ်ရတာပါ။ အဲဒီအခါ ခေါင်းကိုက်တဲ့ ဝေဒနာရတတ်ပါတယ်။ ကဖင်းဓာတ်ကဆီးရွှင်စေတဲ့အတွက် ရေဓာတ်ခမ်းခြောက်ကာခေါင်းကိုက်တတ်ပါတယ်။
ညနေခင်းတွင် ခေါင်းကိုက်လျှင် ညနေဘက်မှာ စိတ်ဖိစီးမှုများတာနဲ့ မျက်စိညောင်းညာကိုက်ခဲတာကြောင့် ခေါင်းကိုက်တတ်ပါတယ်။ မျက်ဝန်းတစ်ဝိုက်ကြွက်သားတွေက ကွန်ပျူတာစကရင် အကြည့်များရာက အလုပ်အလွန်အမင်းလုပ်ရပြီး ညောင်းညာမှု ဖြစ်တတ်ပါတယ်။ ဒီလိုဖြစ်တတ်သူတွေက ဒိုင်ယာရီ စာအုပ်တစ်အုပ်ထားရှိပြီး ဘယ်လို အလုပ်ကြောင့် ခေါင်းကိုက်ရသလဲဆိုတာ မှတ်ထားပြီး ဆင်ခြင်သင့် ပါတယ်။

နှာချေခြင်း

နံနက်ခင်းတွင် နှာချေလျှင် မနက်စောစောမှာ နှာချေရတဲ့ အဓိက အကြောင်းရင်းက ဓာတ်မတည့်မှု ဖြစ်လို့ပါ။ အိပ်ပျော်နေချိန်မှာ နှာချေတဲ့ တုံ့ပြန်မှုက ဖိနှိပ်ခံထားရပြီး အိပ်ရာက နိုးလာတဲ့အခါ ဓာတ်မတည့်မှုဖြစ် တတ်သူက တစ်ညလုံးထိတွေ့ခဲ့တဲ့ ဖုန်မှုန့်မွှားတွေ၊ ဖန်းဂတ်စ်မှိုတွေကြောင့် နှာချေရပါတော့တယ်။ အဲကွန်းက နှာခေါင်းလမ်းကြောင်းတွေကို ခြောက်သွေ့စေပြီး နှာချေစေပါတယ်။ နှာခေါင်းမြှေး ရောင်ရမ်းတဲ့ ဝေဒနာရှိရင် လည်း နံနက်ခင်းမှာနှာချေ တဲ့ ဝေဒနာ ခံစားရတတ်ပါတယ်။
နေ့အချိန်တွင် နှာချေလျှင် တစ်နေ့လုံး နှာချေတာက အအေးမိဝေဒနာ ဖြစ်စေတဲ့ ဗိုင်းရပ်စ်ကြောင့် ဖြစ်နိုင်ခြေများရတာပါ။ တစ်နေ့လုံး ဗိုင်းရပ်စ်ကြောင့် နှာချေနေရင် ကိုယ်အပူချိန်မြင့်တက်လာနိုင်ပါတယ်။
ညနေခင်းတွင် နှာချေလျှင် တစ်နေ့လုံး ပန်းဝတ်မှုန်တွေ လေထဲဝဲပျံနေပြီး ညနေဘက်မှာ မြေပြင်ပေါ်ကျ လာတတ်ပါတယ်။ အဲဒီပန်းဝတ်မှုန်တွေနဲ့ ထိတွေ့မှုများတာကြောင့် ညနေဘက်မှာ နှာချေတတ်ပါ တယ်။ ညနေခင်းမှာ နှာချေရင် ပြတင်းပေါက်တွေကို ပိတ်ထားသင့်ပါတယ်။ မအိပ်ခင် ရေချိုးရပါမယ်။
ပူနွေးတဲ့ ဆားရည်ခတ်တာ၊ ညမအိပ်ခင် သုံး နာရီအလိုမှာ ဟစ္စတာမင်းဟန့်တားတဲ့ ဆေးသောက်တာတို့ကို လုပ်ဆောင်ပေးဖို့ လိုပါတယ်။

ချောင်းဆိုးခြင်း

နံနက်ခင်းတွင် ချောင်းဆိုးလျှင် ချောင်းဆိုးတာက နာတာရှည် လေပြွန်ပိတ်ဆိုတဲ့ ရောဂါကြောင့် ဖြစ် တတ်ပါတယ်။ အိပ်ချိန်မှာ ချောင်းဆိုးပြီး တုန့်ပြန်တဲ့ စနစ်က ချိုးနှိမ်ခံထားရပေမယ့် လေပြွန်ရောင်နေသူ တွေမှာ သလိပ်တွေကို ရှင်းထုတ်ဖို့ ကြိုးစားရင်း ချောင်းဆိုးရတာ ဖြစ်ပါတယ်။
အသက်ရှူလမ်းကြောင်း ရောင်ရမ်းမှုကြောင့် ပန်းနာရင်ကျပ်ရောဂါခံစားရသူတွေက နံနက်စောစောမှာ ချောင်းဆိုးလိုက်ကြပါတယ်။
နေ့အချိန်တွင်ချောင်းဆိုးလျှင် တစ်နေ့လုံးချောင်းဆိုးတာက တုပ်ကွေး ဒါမှမဟုတ် အအေးမိဝေဒနာကြောင့် ဗိုင်းရပ်စ်ပိုးဝင်ရာက ဖြစ်ရတာပါ။ အစာစားပြီး ချောင်းဆိုးရင် အစာအိမ်ထဲက အစာခြေရည်တွေ အထက်ကို ဆန်တက်ရာက ပူစပ်ပူလောင်ဖြစ်ပြီး ချောင်းဆိုးတတ်ပါတယ်။ တစ်ခါတလေသွေးတိုးကျ ဆေး (ACE Inhibitors)နဲ့ ဆက်စပ်နေပြီး ချောင်းခြောက်ဆိုးတတ်ပါတယ်။
ညနေခင်းတွင် ချောင်းဆိုးလျှင် ညဘက်ချောင်း ဆိုးတာက ပန်းနာရင်ကျပ်ရောဂါရှိသူတွေမှာ အဖြစ်များပြီး ဒီလို ချောင်းဆိုးရင် ညည အိပ်ပျော်တာကိုတောင် အဟန့်အတားဖြစ်စေတယ်လို့ လူနာ ၆၁ ရာခိုင်နှုန်းက ဆိုပါတယ်။ ညဉ့်လယ်မှာ အသက်ရှူ တာက အနှေးဆုံးဖြစ်ပြီး သွေးကြောထဲကိုအောက်ဆီဂျင်ရောက်ရှိမှု လျော့နည်းလို့ပါ။

ယားယံခြင်း

နံနက်ခင်းတွင်ယားယံလျှင် ယားယံနီမြန်းတဲ့ အရေပြား ဝေဒနာနဲ့ နိုးလာတာက အင်းဆက်အကိုက်ခံရလို့ ဖြစ်နိုင်ပါတယ်။ ညဘက်မှာ အင်းဆက်အကိုက်ခံရရင် နံနက်နိုးလာတဲ့အခါ အရေပြားက ယားယံနီ မြန်းနေတတ်ပါတယ်။
နေ့အချိန်တွင် ယားယံလျှင် နေ့ခင်းဘက်ယားယံ နီမြန်းတဲ့ အရေပြား ဖြစ်ပေါ်တာက နေရောင်ခြည်နဲ့ ထိတွေ့လို့ပါ။ မိနစ်ပိုင်းအတွင်း အင်ပျဉ်ထစေနိုင်ပြီး နှစ်နာရီလောက် ကြာတတ်ပါတယ်။ ဟစ္စတမင်း ဆန့်ကျင်တဲ့ ဆေးတွေက ရေအေးနဲ့ အရေပြားကို သန့်စင်လိုက်သလို သက်သာစေပါတယ်။
ညနေခင်းတွင် ယားယံလျှင် ညဘက်မှာ အရေပြား ယားယံတဲ့ ပြဿနာ ဖြစ်ရတာက အိပ်ရာခင်းမှာရှိတဲ့ အမွှေးအမှင်တွေ၊ ဖုန်မှုန့်မွှားတွေနဲ့ ဓာတ်မတည့်လို့ ဖြစ်တတ်ပါတယ်။ အရက်အလွန်အမင်း သောက်တာကြောင့် အသည်းရောဂါရှိသူတွေဟာလည်း အရေပြားယားယံတဲ့ ဝေဒနာဖြစ်တတ်ပါတယ်။ ညနေခင်းမှာ ပိုဆိုးပြီး လက်ဖဝါး၊ ခြေဖဝါး တွေက ပိုယားယံတတ်ပါတယ်။

Most Popular

Healthy Life Ad
To Top