Healthy Life Ad
Life Style

နေပူဒဏ်ကြောင့် တင်းတိပ်ပိုဆိုးစေနိုင်

ပါမောက္ခဒေါက်တာမြတ်စန္ဒာကျော်
အရေပြားအထူးကု ဆရာဝန်ကြီး

နေပူဒဏ် ထိနေသမျှကာလပတ်လုံး တင်းတိပ်က ပိုမို ဆိုးလာတတ်ပြီး ပိုမိုကြီးမားလာတတ်ကာ မျက်နှာ၏ အရေပြားနေရာအသစ်များ တွင် ဖြစ်လာတတ်ကြောင်း အရေပြားအထူးကု ဆရာဝန်ကြီး ပါမောက္ခဒေါက်တာမြတ်စန္ဒာကျော်ကဆိုသည်။

“ နေရောင်ပြင်းထန်တဲ့ နွေဥတုမှာဆိုရင် တင်းတိပ်က ပိုထင်ရှားနေ တာ တွေ့ရတတ်ပါတယ်။ တချို့ဆေး (ဥပမာ- တားဆေး) သောက်ရချိန်ဆိုရင် ပိုဆိုးတတ်ပါတယ်။ ရာသီသွေး ဆင်းချိန်နဲ့ သွေးမလာသေးခင်မှာလည်း ပိုဆိုးတတ်တယ်။ ကိုယ်ဝန်ရှိစဉ်မှာ တင်းတိပ်ဟာ ပိုဆိုးတတ်ပေမယ့် ကလေးမွေး ပြီးရင်သက်သာ သွားတတ်ပါတယ်။ ခြောက်လလောက်နေပြီး မသက်သာရင် စနစ်တကျ ဆေးကုသသင့်ပါ တယ်။ သွေးဆုံးပြီးရင်တောင်မှ အရိုးပွရောဂါသက်သာအောင် ကုသတဲ့ ဟော်မုန်း အစားထိုးကုသထား သူတွေမှာ တင်းတိပ်ပိုဆိုးလာတတ်ပါတယ်” ဟု ပါမောက္ခ ဒေါက်တာမြတ်စန္ဒာကျော်ကပြောသည်။

တင်းတိတ်( Melasma )ကိုအမည်းရောင် မျက်နှာဖုံးဟုခေါ်နိုင် ပြီး နေရောင်ခြည်ကြောင့် တင်းတိပ် ဖြစ်သူ၏ အရေပြား တွင် ရောင်ခြယ်မှုန်ထုတ်ဆဲလ်များ ပိုများနေကာ ထုတ်ပေးသည့် ရောင်ခြယ်မှုန် ပိုများနေသည်။ အချို့ ပညာရှင်များက နေလောင် ဒဏ်တို့ ပေါင်းစုပြီး အရေပြား အိုမင်းသည့် သဘောဖြင့် တင်းတိပ်ဖြစ်သည်ဟု ပြောကြသည်။ အခြားတွေ့ရှိမှုတစ်ခုအရ အီစထရိုဂျင်ဟော်မုန်းလက်ခံမှု (Oestrogen receptor expression) ပိုများ၍ တင်းတိပ်ဖြစ်သည်ဟုလည်း ဆိုသည်။

“ ကိုယ်ဝန်ဆောင်တချို့နဲ့ တားဆေး သောက် သူတွေ တင်းတိပ် ပိုဖြစ်တတ်ကြပါတယ်။ အလှပြင်ပစ္စည်းနဲ့ အရေပြားထိန်းပစ္စည်းတွေကို အရေပြားက ဓာတ်မတည့်တဲ့အခါလည်း တင်းတိပ်ဖြစ်လာတတ် ပါတယ်။ တစ်ခါတလေကျတော့လည်း သူ့အလိုလို တင်းတိပ်ဖြစ်လာ တတ်သူ ရှိပါတယ်။ အရေပြားရဲ့ အပေါ်ယံလွှာ၊ အတွင်းလွှာ ဒါမှမဟုတ် နှစ်မျို းလုံးမှာ တင်းတိပ် ဖြစ်နိုင်ပါတယ်။ တင်းတိပ်ဟာ ရက်သတ္တပတ် နည်းနည်းလေးနဲ့ ဖြစ်တာရှိသလို၊ တဖြည်းဖြည်းနဲ့ ပိုဆိုးပြီးပိုမည်းလာတတ်တာလည်းရှိပါတယ် ”ဟု ပါမောက္ခဒေါက်တာမြတ်စန္ဒာကျော်က ပြော သည်။

အရေပြားအရောင်ရင့်သော( Dark skin ) အာရှတိုက်မှ လူများတွင် တင်းတိပ်ပိုဖြစ်တတ်ကြောင်း၊ သို့ပါ၍ နေရောင်ကို တတ်နိုင်သမျှ ကာကွယ်သင့်ကြောင်း သိရသည်။

“ နံနက် ဆယ်နာရီနဲ့ ညနေ သုံးနာရီကြား နေရောင်ဟာ အပြင်းထန် ဆုံးဖြစ်လို့ ဒီလိုအချိန်မှာ နေရောင် တိုက်ရိုက်ထိတွေ့တာကို ရှောင် သင့်ပါတယ်။ နေရောင်ကာ ခရင်မ်၊ သနပ်ခါးတို့လိမ်းပြီး နေရောင် ကာကွယ်ရပါမယ်။ နေရောင်ကာခရင်မ်ဟာ နေရောင်ထဲ မထွက်ခင် မိနစ် ၂၀ လောက်မှာ ကြိုတင်လိမ်း ထားရပါမယ်။ နှစ်နာရီခြား တစ်ခေါက် ပြန်လိမ်းရပါမယ်။ သနပ်ခါးကတော့ ပါးကွက်လေး ကွက်တင်ထားရင် သနပ်ခါးမှုန်လေးတွေ ဆက်ပြီး နေရောင်ကို ကာကွယ်ပေးတတ်ပါတယ် ” ဟု ပါမောက္ခဒေါက်တာမြတ် စန္ဒာကျော်က ပြောသည်။

တင်းတိပ်ကုသရန် အချိန်ယူရပြီး ခက်ခဲလှကြောင်း၊ အချို ့တင်းတိပ်များက အလိုလိုပါးသွားတတ်ကြောင်း၊ နေရောင်ကိုဆက်ထိနေလျှင် ကုသပြီးပါကလည်းပြန်ဖြစ်တတ်ကြောင်း၊ တင်းတိပ်က နက်နဲသည့် အရေပြားလွှာထဲမှာ ဖြစ်လျှင် ကုသရ ပိုမိုခက်ခဲကြောင်းသိရသည်။ သို့ဖြစ်ပါ၍ တင်းတိပ် မဖြစ်မီကတည်းကနေရောင်ကို ကြိုတင်ကာကွယ်ရန်နှင့် တင်းတိပ်ဖြစ်လျှင်ဖြစ်ချင်း စောစီးစွာ စနစ်တကျ ဆေးကုသမှုခံယူရန် လိုအပ်သည်။

Most Popular

Healthy Life Ad
To Top