Healthy Life Ad
Child

အများပြည်သူ ကျန်းမာဖို့ရာ အာဟာရပြည့်ဝတဲ့ တန်ဖိုးသင့်ညစာ . .

ဇွန်ခိုင်ဦး (ဆေးဝါးတက္ကသိုလ်)

33c
အင်္ဂပူမြို့နယ်က မြို့နယ်ဆရာဝန်ကြီး ဒေါက်တာနန္ဒဝင်း၏ “တန်ဖိုးသင့် ညစာ” ဆိုလျှင် မကြားဖူးသူ ရှားပေလိမ့်မည်။  ၁၉-၄-၂၀၁၅ ရက်နေ့က စတင်ပြီး ကျန်းမာရေးနှင့် ညီညွတ်သည့် အာဟာရ ပြည့်ဝ တန်ဖိုးသင့်ညစာကို စတင်ရောင်းချပေးခဲ့သော  ဒေါက်တာနန္ဒဝင်းသည် ကိုယ်တာဝန်ကျသည့် နေရာတွင် ရရှိသည့် လုပ်ပိုင်ခွင့်အား ပြည်သူလူထုအတွက် အကျိုးရှိစေရန် ထိထိရောက်ရောက် လုပ်ဆောင်နိုင်ခဲ့ခြင်း အတွက် “ပြည်သူ့ဂုဏ်ရည်”ဆုကိုလည်း ရရှိခဲ့သူ ဖြစ်ပါသည်။ ဒေါက်တာနန္ဒဝင်းအနေဖြင့် အင်္ဂပူ မြို့နယ်နှင့် အနီးတစ်ဝိုက်ရှိ ကျေးရွာလူထုအတွက် အာဟာရ ပြည့်ဝသော တန်ဖိုးသင့် ညစာကိုသာ ကျွေးနေသည်မကဘဲ ဇီဝိတဒါနဆေးခန်း ဖွင့်လှစ်ကာ အခမဲ့ဆေးကုသခြင်း၊ ရေဘေးသင့် ဒေသများတွင် အဓိက ကြုံတွေ့ရသည့် သောက်ရေပြဿနာ ပြေလည်စေရန် ရေမြုပ်ရေတုံကင်များစွာ တပ်ဆင်ပေးခြင်း၊ ရေဘေးသင့်ဒေသသို့ သွားရောက် လှူဒါန်းကူညီခြင်း၊ ကျောင်းမတက်နိုင်သည့် ကလေးများကို ကြယ်စင်ပျိုးခင်း အစီအစဉ်ဖြင့် ကျောင်းထားပေးခြင်း အစရှိသည့် ပရဟိတ လုပ်ရပ်များကိုပါ လုပ်ဆောင်နေသူလည်း ဖြစ်ပေ၏။
“ဆရာရဲ့ ဆရာဝန်တစ်ယောက် ဘဝအတွေ့အကြုံမှာ လူနာတွေကို အများဆုံး တွေ့ရတယ်။ ဆေးရုံလာတဲ့ လူနာတွေရော၊ ဆေးခန်းလာပြတဲ့ လူနာတွေမှာပါ သွေးတိုးနေတဲ့ လူနာတွေကို အများကြီး တွေ့ရပါတယ်။ အဲဒီလူနာတွေကို ဝက်သား၊ ဘဲသား၊ အမဲသား စတာတွေမစားဖို့၊ အဆီအအိမ့်များတဲ့ အစာတွေမစားဖို့၊ တက်စာတွေကို မစားဖို့၊ အငန်တွေ မစားဖို့ ပြောလေ့ရှိပါတယ်။ အဲဒီအခါမှာ လူနာတွေက တခြားအစာတွေကို မစားဘဲ နေနိုင်တယ်၊ ဒါပေမဲ့ ငါးပိကိုတော့ မစားဘဲ ဘယ်လိုမှ မနေနိုင်ကြဘူး ဆိုတဲ့ အဖြေကိုရတယ်။ “ဆင်းရဲသားပဲ ဆရာ ရယ်. . ငါးပိမစားလို့ ဘာကိုသွားစားရမလဲ”ဆိုတဲ့ အဖြေကိုရတယ်၊

လူနာတွေရဲ့ အိမ်တွေကို အမှတ်မထင် ရောက်လို့ လေ့လာကြည့်တဲ့ အခါမှာလည်း တကယ်ပဲ ငါးပိချက်တစ်အိုးနဲ့ ထမင်းစားနေရတဲ့ လူတန်းစားတွေကို သွားတွေ့ ခဲ့ရပါတယ်။

ဒီတော့ အာဟာရ စံချိန် စံညွှန်းပြည့်မီတဲ့ ညနေစာလေးတွေ စီစဉ်ပေးနိုင်ရင်တော့ကောင်းမှာပဲ. .လို့ စဉ်းစားကြည့်မိခဲ့တာ ၄-၅ နှစ်ရှိခဲ့ပါပြီ။ ဒါပေမဲ့ အခါအခွင့် မသင့်ခဲ့ဘူး။ အခုလူအင်အားလည်း အဆင်ပြေတဲ့အခါမှာ ဆရာတို့က တန်ဖိုးသင့်ညစာဆိုပြီး သူတို့လေးတွေကို အလကား ကျွေးတာနဲ့စာရင် သိက္ခာရှိရှိ ဝယ်စားရာ ရောက်အောင် ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ထမင်းနဲ့ သီးစုံပဲကုလားဟင်း ဆိုရင် ၂၀ဝ ကျပ်၊ ထမင်းနဲ့ ဝက်သားဆိုရင် ၃၀ဝ ကျပ်၊ ထမင်းနဲ့ ကြက်သားဆိုရင် ၅၀ဝ ကျပ်နဲ့ ရောင်းချပေးခဲ့တာ ဖြစ်ပါတယ်”ဟု အင်္ဂပူမြို့နယ်က မြို့နယ်ဆရာဝန်ကြီး ဒေါက်တာနန္ဒဝင်းက ဆိုသည်။

33b
၁၉-၄-၂၀၁၅ ရက်နေ့ကစပြီး ဆိုက်ကားတစ်စီးဖြင့် စတင် ရောင်းချခဲ့သော တန်ဖိုးသင့်ညစာသည် နောက်ပိုင်းတွင် အလှူရှင်များ၊ ကူညီပံ့ပိုးသူများ၊ အားပေး ထောက်ပံ့သူများ၏ မေတ္တာ စေတနာတို့ကြောင့် ဆိုက်ကားလေးစီး၊ ယခုအခါ ကားတစ်စီးဖြင့် အင်္ဂပူမြို့သာမက ကွင်းကောက်၊ မဲစလီကုန်း၊ထန်းပင်ကုန်း အစရှိသည့် ရွာများတွင်ပါ ဆိုင်ခွဲများဖြင့် တန်ဖိုးသင့် ညစာကို ရောင်းချနိုင်ခဲ့ပြီ ဖြစ်ကြောင်း သိရသည်။
“ဆရာတို့ ရောင်းတဲ့ တန်ဖိုးသင့်ညစာဆိုတာ ဆေးရုံက လူနာတွေကို ရောင်းချတာ မဟုတ်ဘဲ ပြည်သူလူထုကို ရောင်းချတာ ဖြစ်ပါတယ်။ ဆရာတို့က ဆေးရုံက လူနာတွေကို မနက် ကွေကာအုတ်၊ နေ့လယ် ကြက်သားဆန်ပြုတ်၊ ညနေ နို့ဆန်ပြုတ် အခမဲ့ ကျွေးပါတယ်။ ဆေးရုံက လူနာ ၅၀ ဦးအတွက် တစ်ရက်မှာ နှစ်သောင်းနှုန်းနဲ့ လက်ခံလှူဒါန်းပေး နေတာ ဖြစ်ပါတယ်”ဟု ဒေါက်တာနန္ဒဝင်းက ရှင်းပြသည်။
တန်ဖိုးသင့်ညစာကို ချက်ပြုတ်ရာတွင် အစောပိုင်း၌ ကျန်းမာရေးနှင့် ညီညွတ်စွာ ချက်ပြုတ်နည်းကို ကောင်းစွာ တတ်ကျွမ်း နားလည်သည့် အထက်တန်း သူနာပြုဆရာမကြီးက တာဝန်ယူခဲ့ပြီး ကျန်းမာရေး ဝန်ထမ်းတို့၏ ခင်ပွန်း/ဇနီးများက ထမင်း၊ ဟင်း ချက်ပြုတ်ခြင်း၊ ဆိုက်ကားနင်းခြင်း၊ ရောင်းချခြင်း အစရှိသည်တို့ကို စေတနာဖြင့် ဝင်ရောက် ကူညီပေးကြခြင်း ဖြစ်ကြောင်း သိရသည်။
“ဆရာ ကိုယ်တာဝန်ကျတဲ့ နေရာတွေမှာ ဒီလို လုပ်ချင်ခဲ့တာ ကြာပါပြီ။ ဒါပေမဲ့ လုပ်မယ်လို့ ကြံစည်လိုက်၊ နောက်က ဝိုင်းကူညီပေးမယ့် လူအင်အားကို ပြန်ကြည့်လိုက်၊ တခြား လုပ်ငန်းလေးတွေ ပေါ်လာလိုက်နဲ့ အကောင်အထည် မပေါ်ခဲ့ဘူး။ ဒီမြို့မှာ ကျတော့ ရှိတဲ့ ကျန်းမာရေး ဝန်ထမ်းတွေက အရမ်းညီညွတ်တယ်။ အဲဒီဝန်ထမ်းတွေက ပရဟိတစိတ်ထား ရှိပြီး လောဘလည်း နည်းတယ်၊ ဆရာနဲ့လည်း အတူလက်တွဲ လုပ်ဆောင်ချင်စိတ် ရှိပြီး အေးဆေး တည်ငြိမ်ကြတဲ့ ဝန်ထမ်းမိသားစုတွေ ဖြစ်တော့ ဒီနေရာမှာ ကိုယ်လုပ်ချင်တဲ့ အရာလေးကို အကောင်အထည် ဖော်ဖြစ်သွားခဲ့တာပါ. . ဒီလို ဝိုင်းဝန်း ပံ့ပိုးပေးမယ့် သူတွေမရှိဘဲ ဆရာလုပ်လို့ မရပါဘူး”ဟု အင်္ဂပူမြို့ ဆရာဝန်ကြီး အဖြစ် သုံးနှစ်တာ ကြာခဲ့ပြီ ဖြစ်သော ရန်ကုန်သား ဒေါက်တာနန္ဒဝင်းက ဆိုသည်။
ဒေါက်တာနန္ဒဝင်းသည် အင်္ဂပူမြို့နယ်တွင် လပြည့် လကွယ်နေ့များ၌ ဆင်းရဲနွမ်းပါးသူ လူနာများကို အခမဲ့ ဆေးခန်းဖွင့်ပြီး ကုသမှုပေးသည်။ ထို အစဉ်အလာကမူ ယခင် တာဝန်ကျသည့် မြို့နယ် များတွင်လည်း ပြုလုပ်ပေး ဖြစ်ခဲ့ကြောင်း သိရသည်။
“ဆေးရုံဆိုတာ စည်းကမ်းချက်တွေ အများကြီး ရှိပါတယ်။ အရက် မသောက်ရဘူး၊ ဆေးလိပ် မသောက်ရဘူး၊ လူနာစောင့်ဆိုရင် အချိန်နဲ့ ဝင်ထွက် လုပ်ရတယ်. . ခြေထောက်နဲ့ လက်တွေမှာ ရွှံ့တွေ ပေကျံနေရင် ရေဆေးပြီးမှ ဝင်ရတယ် . .ဒီလိုမှ စည်းကမ်း မထားရင်လည်း ဆေးရုံက ပိုးကင်းစင်ပြီး ကျန်းမာရေးနဲ့ ညီညွတ်တဲ့ နေရာ ဖြစ်မှာ မဟုတ်တော့ပါဘူး။ လူနာက ဆေးရုံမတက်ခင်က ဒီရောဂါ မရှိဘူး၊ ဆေးရုံရောက်မှ ဒီရောဂါပိုး ဝင်သွားတယ် ဆိုတာမျိုး မဖြစ်အောင် အင်မတန် ထိန်းချုပ်ရပါတယ်။ အဲဒီလို စည်းကမ်းတွေ သတ်မှတ်ထားတော့ တောနေ တောင်သားတွေက ဆေးရုံလာပြဖို့ အင်မတန် ကြောက်ကြပါတယ်။ အဲဒီတော့ တော်ရုံနဲ့ ဆေးရုံကို လာမပြတော့ဘဲ ရောဂါသည်းမှ ရောက်လာ တတ်ကြပါတယ်။ အဲဒီလို မဖြစ်အောင် ဇီဝိတဒါန ဆေးခန်းလေးကို တစ်လတစ်ခါ ဖွင့်လိုက်တော့ ဒီဆေးခန်းမှာ သူတို့ကြိုက်တဲ့ နေရာမှာ ထိုင်လို့ရတယ်၊ ထမင်းချိုင့် ဖွင့်စား ချင်ရင်လည်း စားလို့ ရတယ်၊ လှဲအိပ်ချင်ရင်လည်း အိပ်လို့ရအောင် စီစဉ်ပေးထားတယ်၊ ဆေးကိုလည်း ၁၅ ရက်စာ- တစ်လစာ ထည့်ပေး လိုက်တယ်။ အဲဒီတော့ ရောဂါတွေက စောစော သက်သာသွားတယ်၊ မလိုအပ်ဘဲ ဆေးရုံတက်ရတာတွေ လျော့ကျသွားပါတယ်”ဟု ဒေါက်တာနန္ဒဝင်းက အခမဲ့ ဆေးခန်း ဖွင့်လှစ်ရသည့် အကြောင်းကို ရှင်းပြခဲ့သည်။
အင်္ဂပူမြို့က ဝန်ထမ်းမြို့လေး ဖြစ်သည့်အပြင် ရှေ့အဆက်ဆက်က ဆရာဝန်ကြီး များကလည်း ကျန်းမာရေး စောင့်ရှောက်မှု ကောင်းစွာ ပေးခဲ့သည့် အတွက် မြို့သူမြို့သားများ၏ ကျန်းမာရေးဆိုင်ရာ အသိရှိမှုက မြင့်မားကြကြောင်း သိရသည်။
“ဆရာက ရှေ့က ဆရာဝန်ကြီးတွေထက် ပို လုပ်နိုင်တာ ဘာမှ မရှိပါဘူး၊ ဆရာ လုပ်ချင်တာလေးကို အကောင်အထည် ဖော်နိုင်တာပဲ ရှိပါတယ်။ ဆရာ ဒီလိုလုပ်နိုင်အောင် မိသားစုကလည်း တစ်တပ်တအားနဲ့ ပံ့ပိုးတယ်၊ ကျန်းမာရေးဝန်ထမ်း တွေကလည်း ဝိုင်းဝန်းကူညီပေးတယ်. . ဒါတွေကြောင့် အောင်မြင် တာပါ. .”ဟု ဒေါက်တာနန္ဒဝင်းက ဆိုသည်။
တန်ဖိုးသင့်ညစာတွင် အချိုမှုန့်မပါ၊ စားအုန်းဆီ မသုံးဘဲ အလှူရှင်တို့ လှူဒါန်းသည့် အလှူငွေပေါ် မူတည်၍ ချက်ပြုတ်ပြီး ကျန်းမာရေးဌာနကို အလှူရှင် ရည်စူးထားသည့် ရွာသို့ ရောင်းချခိုင်းခြင်း ဖြစ်ရာ ကျန်းမာရေး ဝန်ထမ်းများက ထိုရွာမှ ဆင်းရဲသည့် လူတန်းစားကို ခေါ်ပြီး ရောင်းချပေးခြင်း ဖြစ်သည်။

33d
“အဲဒီလို ရောင်းလိုက်တဲ့အတွက် လူတွေက အာဟာရတန်ဖိုး ပိုရှိတဲ့ အစာကို စားရတဲ့အပြင်  ကျန်းမာရေးဌာနက ဆရာ၊ ဆရာမတွေကို အင်မတန် လေးစားပြီး သူတို့စကားကို အင်မတန် နားထောင် သွားကြပါတယ်။ အဲဒီတော့ ရေကြီးတဲ့အခါ ဝမ်းပျက်ဝမ်းလျှော မဖြစ်အောင် ရေကို ဘယ်လို သောက်၊ အိမ်သာကို ဘယ်လိုသုံး စသဖြင့် ပညာပေးတဲ့အခါ ပြည်သူလူထုရဲ့ လိုက်နာမှုနှုန်းက အင်မတန် မြင့်မားတာကို တွေ့ခဲ့ရပါတယ်။ နောက်ဆုံး မြွေ ကိုက်ရင်တောင် သေတဲ့သူ မရှိတော့ပါဘူး။ အရင်က မြွေကိုက်ရင် ဆေးရုံ၊ ဆေးခန်းတွေက ဆရာ၊ ဆရာမတွေကို အားကိုးရကောင်းမှန်း မသိခဲ့ပေမယ့် အခုတော့ အချိန်မီ ရောက်လာကြတယ်။ ဒါက သိသာထင်ရှားတဲ့ ကောင်းကျိုးပါ”ဟု ဒေါက်တာနန္ဒဝင်းက ဆိုသည်။
တန်ဖိုးသင့်ညစာဖြင့် လူသိများ ထင်ရှားခဲ့သော ဒေါက်တာနန္ဒဝင်းသည် ယခုအခါ ကြယ်စင်ပျိုးခင်း အမည်ရှိ ကျောင်းမတက်နိုင်သော ဆင်းရဲသည့် ကလေးများကို ကျောင်းထားပေးမည် ့အစီအစဉ်ကိုလည်း အကောင်အထည် ဖော်လျက် ရှိရာ ထိုကလေးများ အတွက် ကျောပိုးအိတ်၊ ကျောင်းဝတ်စုံ၊ စာရေး ကိရိယာ စသည်တို့အပြင် နေ့လယ်စာ ထမင်းချိုင့် ၂၀ဝကိုလည်း  ပေးသွားနိုင်ရန် စတင် အစီအစဉ် ရေးဆွဲနေပြီ ဖြစ်သည့် အတွက် အလှူရှင်များအနေဖြင့် ဝ၉ ၂၅၀၇၃၉၉၉၀သို့ ဆက်သွယ်လှူဒါန်း နိုင်ပါကြောင်း သတင်းကောင်း ပါးအပ်ပါသည်။

Most Popular

Healthy Life Ad
To Top