Healthy Life Ad
Health Tips

သင့်မျက်နှာကျပုံစံနှင့်လိုက်ဖက်သော ရှေ့ဆံမြိတ်

၊ လရိပ်မေ ၊

အမျိုးသမီးတွေက သူတို့မျက်နှာကျ ပုံစံနဲ့ လိုက်ဖက်တဲ့ ရှေ့ဆံမြိတ်ပုံ ပြောင်းလိုက်တာနဲ့ ကြည့်လို့ ပိုကောင်းသွား တတ်ပါတယ်။ ဒါကြောင့် သင့်မျက်နှာကျ ပုံစံနဲ့ လိုက်ဖက်တဲ့ ရှေ့ဆံမြိတ်ပုံ ထားကြည့် ကြရအောင်။

– သင့်မျက်နှာကျ ပုံစံက လုံးဝိုင်းနေလျှင်
ရှေ့ဆံပင်ထူထူကို မတိုမရှည် ထားပေးပါ

သင့်မျက်နှာက လုံးဝိုင်းတယ်ဆိုရင် ရှေ့ဆံပင် အဖြောင့် ခပ်တိုတိုနဲ့ အတိမထားပါနဲ့။ ရှေ့ဆံပင်ကို ဘရိတ်ဓားနဲ့ အတိုအရှည်ပုံစံ ညှပ်ပြီး ဘေးဘက် မကျတကျ စောင်းထားပေးပါ။ မျက်နှာဝိုင်းရင် ဘေးခွဲပုံစံနဲ့ ရှေ့ဆံပင် ချထားတာ၊ ဒါမှမဟုတ် အလယ်ခွဲပုံစံနဲ့ ရှေ့ဆံပင်ချထား တာတို့ကြောင့် မျက်နှာပုံစံ သွယ်လျသွားစေပြီး မေးရိုးကို ပေါ်လွင်စေပါတယ်။

– သင့်မျက်နှာကျ ပုံစံက လေးထောင့်ကျနေလျှင်
ရှေ့ဆံမြိတ်ချပုံစံကို ရှည်ရှည်စောင်းစောင်း ထားပါ

လေးထောင့်ကျတဲ့ မျက်နှာပုံစံ အသွင်ပြောင်းစေဖို့နဲ့ နူးညံ့တဲ့ မျက်နှာအသွင် ဖြစ်စေဖို့ ရှေ့ဆံမြိတ်ကို အလွှာလိုက်၊ အထပ်လိုက် ညှပ်ပြီး ဘေးစောင်း ထားပေးပါ။

– သင့်မျက်နှာကျ ပုံစံက ရှည်နေလျှင် ရှေ့ဆံပင်ကို
ဖြောင့်ဖြောင့်ရှည်ရှည် ချထားပါ

မျက်နှာပုံစံက ရှည်နေရင် နဖူးကလည်း ရှည်နေတတ်တဲ့အတွက် ဖြောင့်စင်းပြီး ကျနေတဲ့ ရှေ့ဆံမြိတ်ပုံစံ ထားပေးတာက မျက်နှာကို တိုသယောင် ထင်ရစေပါတယ်။ နဖူးအရှည်အတိုင်း ရှေ့ဆံပင်ကို အရှည်ထားရင် အကောင်းဆုံးပါ။

– သင့်မျက်နှာကျပုံစံက ဘဲဥပုံဖြစ်နေလျှင်
နှစ်သက်ရာ ရှေ့ဆံမြိတ်ချပုံစံ ထားပါ

ကံကောင်းတဲ့ မျက်နှာကျပုံစံဖြစ်လို့ ဘယ်လို ရှေ့ဆံမြိတ်ချပုံစံနဲ့မဆို အဆင်ပြေပါတယ်။ရှေ့ဆံမြိတ်အရှည်၊ အတို ဒါမှမဟုတ် ဘေးစောင်း . ဘယ်လိုပုံစံနဲ့ မဆို အဆင်ပြေပါတယ်။ ရှေ့ဆံမြိတ်ကို ခပ်တိုတိုနဲ့ တြိဂံပုံစံထားလည်း ကြည့်ကောင်းပါတယ်။ မိန်းမဆန်ဆန် ချစ်စရာကောင်းချင်ရင် ဘရိတ်ဓားနဲ့ အတိုအရှည် မညီမညာ ညှပ်ထားတဲ့ ပုံစံမျိုး ရွေးချယ်သင့်ပါတယ်။

– သင့်မျက်နှာကျ ပုံစံက နှလုံးပုံဖြစ်နေလျှင်
ရှေ့ဆံမြိတ်ကို အလွှာလိုက် ညှပ်ပါ

မျက်ဝန်း၊ နှုတ်ခမ်းနဲ့ မျက်နှာအလယ်ပိုင်း အာရုံစိုက်ခံရဖို့ ရှေ့ဆံမြိတ်ကို ခပ်ရှည်ရှည်နဲ့ အလွှာလိုက် ချထားပါ။ ရှေ့ဆံပင်မှာ အတိုဆုံးအပိုင်းက မျက်ခုံးနဲ့ ထိသင့်ပြီး အရှည်ဆုံးအပိုင်းက ပါးရိုးထိပ်နဲ့ ထိသင့်ပါတယ်။ ရှေ့ဆံမြိတ်ကို ဘေးဘက်စောင်း ချပေးရင် နှလုံးပုံစံ မျက်နှာကျပုံစံအတွက် အကောင်းဆုံး ဖြစ်ပါတယ်။

(Ref;HD)

Most Popular

Healthy Life Ad
To Top