Healthy Life Ad
Life Style

ဆရာဝန်ကြီးတို့၏ ဘဝလျှောက်လမ်း

ဆေးကျောင်းသား အဖြစ်မှ ဆရာဝန်၊ ဆရာဝန် အဖြစ်မှ အထူးကုဆရာဝန် စသဖြင့် ကုသရေးဆိုင်ရာ ပါမောက္ခရာထူးအထိ အဆင့်ဆင့် တာဝန်ထမ်းဆောင်ခဲ့ရသော ဆရာဝန်ကြီးတို့၏ ဘဝသည် လွယ်ကူချောမွေ့စွာ ဖြတ်သန်းနေရခြင်း မဟုတ်။ အထူးသဖြင့် ယခုအချိန်အထိ လူနာများစွာကို ကျန်းမာရေး စောင့်ရှောက်မှု ပေးနေဆဲ ဆရာဝန်ကြီးတို့အတွက် ကုသမှုဆိုင်ရာ အခက်အခဲများကို နိစ္စဓူဝ ကြုံတွေ့နေရ နိုင်သည်။ သို့ဖြစ်ပါ၍ ဆရာဝန်ကြီးတို့ ကျင်လည်ဖြတ်သန်းခဲ့ရသော ဘဝလျှောက်လှမ်း အကြောင်းကို အများပြည်သူတို့ သိရှိနားလည်စေရန် မြောက်ဥက္ကလာပ ဆေးရုံကြီးတွင် တာဝန်ထမ်းဆောင်နေသော အရေပြား အထူးကု ဆရာဝန်ကြီး တွဲဖက်ပါမောက္ခ ဒေါက်တာမြတ်စန္ဒာကျော်နှင့် တွေ့ဆုံမေးမြန်း ဖော်ပြလိုက်ရပါသည်။
အယ်ဒီတာ
– –
“ဆေးကျောင်းသူ ဘဝကတော့ သာမန်ကျောင်းသူ တစ်ယောက်ပါ။ မိဘတွေက ဝန်ထမ်းတွေဖြစ်ပြီး ဘတ်စ်ကားစီး၊ ကျောင်းတက် ခဲ့ရပါတယ်။ မှတ်စုတိုလေးတွေ ရေးပြီး ဘတ်စ်ကားပေါ်မှာ၊ မှတ်တိုင်မှာ ရပ်ရင်း စာကျက်ခဲ့ရပါတယ်။ ပန်းနာရင်ကျပ် ရောဂါရှိလို့ တရွှီးရွှီးနဲ့ ရင်ကျပ်လို့ ညတွေဆို ကောင်းကောင်း မအိပ်နိုင်ခဲ့ဘူး။ ဒီတော့ အိပ်မပျော်နိုင်အောင် စိန်ခေါ်နေတဲ့ ညတွေမှာ ခေါင်းအုံးကိုမှီပြီး စာကျက်ခဲ့ရတယ်။ သူများတွေလောက် ကျန်းမာရေးမကောင်းလို့ ကျန်းမာရေးကို ယုံပြီး မနေရဲဘူး။ မနက်ဖြန်တွေမှာ နေမကောင်းမှာ ကြောက်လို့ မနက်ဖြန်တွေအတွက် စာကြိုကျက်တတ်တယ်”ဟု ဒေါက်တာ မြတ်စန္ဒာကျော်က သူ၏ဆေးကျော်သူဘဝ အကြောင်း ပြောပြခဲ့သည်။
အရေပြားအထူးကု ဆရာဝန်အဖြစ်ကိုမူ ကံအရ ဖြစ်သွားခြင်းဟု သူကဆိုသည်။
“ဆရာမ မလှိုင်မြို့မှာ မိခင်နဲ့ကလေး တာဝန်ခံ ဆရာဝန်ဖြစ်တော့ အိမ်ရဲ့စီးပွားရေးက ဆရာမပေါ် မှီနေခဲ့တယ်။ အဲ့ဒီအချိန်မှာ စခေါ်တဲ့ Diploma ကို သူငယ်ချင်းတွေက ဖြေကြတော့ ဆရာမက မဖြေခဲ့ရဘူး။ ဒီလိုနဲ့ ဆရာမပြည်မှာ တာဝန်ကျတော့ သစ်သားအိမ်ကြီးမှာ နေရတယ်။ ဆိုင်ကယ်စီးတော့ ပန်းနာက မခံနိုင်အောင် ဆိုးလာတယ်၊ နှစ်နာရီခြား ဆေးသောက်ရတယ်၊ ညအိပ်လို့ မရဘူး။ ပြည်ဆေးရုံကို ကိုယ့်ကိုယ်ကိုယ် ပြန်တင်ထားရတဲ့ အခြေအနေ ဖြစ်သွားခဲ့တယ်။ အဲ့ဒီအချိန်မှာ ရန်ကုန်က အရေပြားအထူးကု သင်တန်း ဘန်ကောက်မှာ သွားတက်လို့ရတယ် ဆိုပြီး သတင်းရတယ်။ ဆရာမလည်း ကျန်းမာရေးအရ နိုင်ငံခြားကို ထွက်ရရင် ကောင်းမှာပဲလို့ တွေးလိုက်မိတယ်။ အဲ့ဒီအချိန်တုန်းက အရေးပြား အထူးကုဆရာဝန် အရေအတွက်က လက်ချိုးရေဖို့တောင် အတော်နည်းနေ သေးတယ်။ အရေပြား ပညာရပ်ကလည်း အောင်ပြီးရင် ဘာလုပ်ရမယ်ဆိုတဲ့ စိတ်ကူးမရှိခဲ့ဘူး။ ဆေး(၁)က ကျောင်းပြီးပေမယ့် အလုပ်သင်ဆရာဝန် ပြီးကတည်းက ရန်ကုန်မှာလည်း တာဝန် မထမ်းဆောင်ဖူးဘူး။ ဘာသာရပ်တွေ အားလုံးထဲမှာ သေသေချာချာ ဝါသနာပါရာကို မရွေးတတ်ဘူး။ ကိုယ်က အအေးမခံနိုင်တော့ အအေးမခံရတဲ့ ဘာသာရပ်ကို ရွေးမယ်လို့တော့ အမြဲ တွေးမိတယ်။ တစ်နေ့မှာ ဆရာမ Emergency medical တာဝန်ချိန် နေ့လယ်မှာ ဆေးရုံအုပ်ကြီးကို သွားမေးတော့ ပဲခူးတိုင်းရုံးက ဖုန်းဝင်လာတာ ကြားရတယ်။ အရေပြားအထူးကု စိတ်ဝင်စားတဲ့သူ မေးတာတဲ့။ ဒီလိုနဲ့ တစ်ယောက်တည်း ဘန်ကောက်ကို သင်တန်း သွားခဲ့ရတယ်”ဟု ဒေါက်တာ မြတ်စန္ဒာကျော်က အရေပြားအထူးကု ဆရာဝန်ဖြစ်လာပုံကို ပြောပြခဲ့သည်။
ထို့နောက် ရန်ကုန်ဆေးရုံကြီးမှ အရေပြားအထူးကု ဌာနမှူး၊ ကျေးဇူးရှင် ဆရာမကြီး ဒေါက်တာ ဒေါ်မြင့်မြင့်ကြီးက တက်ခိုင်း၍ ဖြေလိုက်ရာ မဟာသိပံ္ပ M.Med.Sc (Dermatology) ကို မြန်မာနိုင်ငံတွင် စဖွင့်သည့် ပထမသုတ်၌ ရန်ကုန်၌ တက်ခဲ့ကြောင်း သိရသည်။
“နိုင်ငံရပ်ခြားမှာ ပညာသွားသင်ခဲ့တဲ့ အခါ ဆေးပညာ ဖွံ့ဖြိုးမှုတွေကို အားကျခဲ့ပါတယ်။ ဒါပေမဲ့ အားမငယ်ခဲ့ပါဘူး။ တစ်ချိန်ချိန်မှာ တိုးတက်အောင် လုပ်မယ်ဆိုတဲ့ စိတ်ကူးရှိတယ်။ နိုင်ငံရပ်ခြားမှာ ပညာသင်တုန်းက ကွန်ပျူတာတွေ တစ်ယောက်တစ်လုံး ကိုင်တာတွေ့ရတော့ ကိုယ်ကကွန်ပျူတာ မသုံးတတ်ဘူး။ Dermatology (အရေပြားဘာသာရပ်) ဆိုတာ Terminology ဆိုတဲ့ ဝေါဟာရ အခေါ်အဝေါ်တွေ များလွန်းတယ်။ ဓာတ်ပုံတွေ၊ ကုသမှုတွေ၊ ပြောင်းလဲမှု ဖြစ်စဉ်တွေ များလွန်းတော့ စာတော်တော် ကျက်ခဲ့ရတယ်။ အရေပြား သင်ရိုးညွှန်းတမ်း စာအုပ်တွေက ကျောင်းစာကြည့်တိုက်မှာ အများကြီးဆိုတော့ အားတာနဲ့ စာသွားဖတ်တာပဲ။ မိတ္တူကူးတယ်။ မှတ်စု ထုတ်တယ်။ ကျောင်းစာကြည့်တိုက်က စာအုပ်တွေကို လွယ်အိတ်နဲ့ အလေးခံထည့် သယ်တာ။ စာကြည့်တိုက်မှာ စာအုပ်လိုချင်တာ ရတယ်။ ဆရာမက Transparency နဲ့ ရေးတင်တယ်။ ကိုယ်မှ ကွန်ပျူတာ မနှိပ်တတ်တာ။ သူတို့ဆီမှာ မိုက်ခရိုစကုပ်တစ်လုံးဆီ ပေးထားပြီး သင်ပေးတယ်။ ဆေးရုံကလည်း အရေပြားအထူးကု ဆေးရုံဆိုတော့ သီးသန့် အရေပြားချည်း ကုတာပဲ။ အရေပြား လူနာတင်ဆောင်တွေ တွေ့ရတယ်။ အကြီးကြီးပဲ။ နိုင်ငံခြားတိုင်းပြည်က လူတွေပါ လာသင်နိုင်တဲ့ ဒီလိုသင်တန်းမျိုး မြန်မာနိုင်ငံမှာရှိရင် ကောင်းမှာပဲလို့ အားကျမိတယ်။ ဓာတ်မတည့်မှု အထူးကုသဌာန၊ အရေပြား ခွဲစိတ်ဌာန၊ လေဆာ ဌာန၊ Immunoflorescent ဌာနတွေ အများကြီးပဲ။ အသားစ စစ်ဆေးဌာန၊ အလင်းပြ ကုသဌာန စတဲ့ အရေပြားဌာနတွေ ခွဲထားတယ်။ တကယ် စုံတယ်။ အခုဆို ပိုတိုးတက်နေပြီပေါ့။
အခု ဆရာမတို့ မြောက်ဥက္ကလာပ အရေပြားအထူးကု ဌာနနဲ့ တခြားဌာနတွေကို နိုင်ငံတော်က လေဆာတွေ ပေးတယ်။ အလင်းပြစက်တွေ ပေးတယ်။ Training တွေလည်း သွားလို့ရမယ် ပြောတယ်။ အခုမှ မြန်မာနိုင်ငံရဲ့ အရေပြားဌာနကို တိုးတက်စေချင်တဲ့ ဆရာမရဲ့ အိပ်မက်စိတ်ကူးတွေက တကယ် ဖြစ်လာတော့တယ်”ဟု ဒေါက်တာမြတ်စန္ဒာကျော်က ပြောပြခဲ့သည်။
အရေပြားဘာသာရပ်တွင် အသက်အန္တရာယ် ထိခိုက်နိုင်သည့် တစ်ကိုယ်လုံး အရေပြား အဖတ်အဖတ်များ လန်သည့် Psoriasis လူနာကို ကုသပေးရာ၌ လူနာတွင် အခြားကိုယ်တွင်း ရောဂါတစ်ခုခု (ဥပမာ- အသည်းရောင်ခြင်း၊ ဆီးချိုရှိခြင်း၊ နှလုံးရောဂါ ရှိခြင်း) ရှိလျှင် ကုသရ ခက်ခဲကြောင်း၊ အထူးသဖြင့် လူနာက ဆေးကုမမှန်ခဲ့သည့် လူနာ၊ ဆေးမှားခဲ့သည့် လူနာဖြစ်လျှင် ကုသရ ပိုမိုခက်ခဲကြောင်း၊ သို့ဖြစ်၍ စောစောညွှန်းပို့ပြီး စောစော ကုသစေချင်ကြောင်း ဒေါက်တာမြတ်စန္ဒာကျော်က သူ့အတွေ့အကြုံအရ ပြောကြားခဲ့သည်။
“အခုဆေးရုံမှာ ဆိုရီယားစစ် လူနာတစ်ယောက် အရက်သောက်လို့ အသည်းထိခိုက်ထားတော့ ကုသလိုတဲ့ ဆေးထိထိရောက်ရောက် မပေးနိုင်ဘဲ စိတ်ညစ်ရပါတယ်။ အရည်ကြည်ဖုတွေ၊ ပြည်ဖုတွေ အများကြီးဖြစ်တဲ့ Autoimmune Bullous Disease (Pemphigus vulgaris) ရောဂါရှင်မျိုးဆို ကုသရ ခက်ပါတယ်။ တစ်ကိုယ်လုံး အရည်ကြည်ဖုတွေ အများကြီး ဆက်နေအောင် ပေါက်နေတဲ့ လူတစ်ယောက်က လှဲလည်းမအိပ်နိုင်၊ မတ်တတ်လည်း မရပ်နိုင်နဲ့ နေရခက်နေပါတယ်။ အဖျားတက်ကာ ပိုးပြန့်တယ်ဆိုပြီး Junior ဆရာဝန်က ဖုန်းဆက်တော့ အိမ်က မထွက်ချင်လောက်အောင် ကိုယ့်ဘက်မှာ ခက်ခဲနေပေမယ့် ဆေးရုံကို ညအိပ်သွားစောင့် ပေးခဲ့ဖူးပါတယ်။ အဲ့ဒီညက လူနာအဖျား ကျသွားပြီး ကောင်းသွားပါတယ်။ အရေပြားရောဂါဆိုတာ အသက်အန္တရာယ် ရှိနိုင်တယ်ဆိုတာ လူများစုက မသိကြဘူး။ ဒီလို လူနာတွေတွေ့တိုင်း မှန်မှန်ကုနော်၊ ပိုက်ဆံမပါလည်း လာခဲ့၊ ဆေးဖိုးမရှိလည်း လာခဲ့လို့ မှာရပါတယ်။ ဒီလိုလူနာတွေက ဆေးမှန်မှန် မစစ်ရင်၊ ဆေးမှန်မှန် မကုရင် အသက်အန္တရာယ် ထိခိုက်တတ်လို့ သေသေချာချာ မှာရတယ်။ ဆေးကို ကိုယ့်ဘာသာ ဝယ်မသောက်ရဘူး။ ဒီမှာ ပြန်ပြပြီးမှ သောက်ရမယ်လို့ ပြောရပါတယ်။ အခုတော့ မြို့အတော်များများမှာ အရေပြားအထူးကုတွေ ရှိနေတော့ ပြန်လွှဲလိုက်ရုံပါပဲ။ ဆေးစစ်တာလည်း နိုင်ငံတော်က အတော်ကို အခမဲ့ ပြုလုပ်ပေးနေပါပြီ။

တချို့သူတွေက ဆရာမ
တင်းတိတ်ပျောက်ဆေးလေး
ပေးပါ၊ ဝက်ခြံပျောက်ဆေးလေး
ပေးပါ ဆိုပြီး
တောင်းတတ်ကြပါတယ်။
ဒါကလည်း အလွန်ခက်ပါတယ်။
တင်းတိတ် /ဝက်ခြံပျောက်
ဆေးတွေက

သင်ရိုးညွှန်းတမ်းထဲက ဆေးတွေပဲ သုံးရပါတယ်။ တာရှည်ကုသ ရတယ်။ လူနာရဲ့ တုန့်ပြန်ချက်နဲ့ ဆိုးကျိုးအပေါ် မူတည်ပြီး အတိုးအလျှော့ အပြောင်းအလဲ လုပ်ရတယ်။ အထပ်ထပ် မှာရတယ်။ ပေးချင်ရင်တောင် ဆေးကြောင့် ဆိုးကျိုးဖြစ်မှာ ကြောက်ရတော့ အဲဒီလိုတောင်းရင် စိတ်ကျဉ်းကျပ်ပါတယ်။ မပေးရင်လည်း တွန့်တိုရာရောက်၊ ပေးရင်လည်း တစ်ခေါက်တစ်ဘူးနဲ့ ရောဂါမပျောက်တော့ ခက်လှပါတယ်။ လူနာလည်း ဆေးကုသရာမှာ စိတ်ရှည်မှ ရောဂါပျောက်ပါတယ်”ဟု ဒေါက်တာ မြတ်စန္ဒာကျော်က လူနာများသို့ အသိပေးထားသည်။
အခမဲ့ ဆေးကုသမှုများကို ကုသိုလ်ဖြစ် ဆေးခန်း၊ ဘုန်းတော်ကြီး ပညာသင်ကျောင်း၊ သီလရှင် ကျောင်းများတွင်သာမက မြန်မာနိုင်ငံ အမျိုးသမီး ဆရာဝန်အသင်းနှင့် ကြို့ပင်ကောက်မြို့သို့ နှစ်စဉ်သွားရောက် ကုသပေးဖြစ်ကြောင်း ဆိုသည်။
“ဘုန်းတော်ကြီးသင် ပညာရေးကျောင်းတွေမှာ လူစုလူဝေးထားလို့ အတွေ့များတဲ့ အရေပြားရောဂါတွေ ဖြစ်တဲ့ ဝဲ၊ ပွေး၊ ဒက်၊ အနာဆက်တွေလို ကူးစက်တတ်တဲ့ ရောဂါတွေ အဖြစ်များကြတယ်။ ဝဲနဲ့အရေပြား ပိုးဝင်ရင် အသက်အန္တရာယ် ထိခိုက်နိုင် တယ်။ ဒါကြောင့် အဲဒီကိုသွားရင် အရေပြားကျန်းမာရေး ပညာပေးဟောပြောပွဲ လုပ်တယ်။ ပြီးရင် ဆေးကုတယ်။ ဆေးတွေမှာရှိတဲ့ ဆိုးကျိုးတွေကို ရှင်းပြရတယ်။ ဆရာမရှိတဲ့ ဆေးရုံကို လာပြခိုင်းရတယ်။ ဆေးပတ်လည်အောင် ကုမှ ဝဲ၊ ပွေး၊ ဒက်က အမြစ်ရှင်းတယ်။ မဟုတ်ရင် ကူးစက်ရင်း သံသရာလည်နေ တတ်တယ်။ ဒါကြောင့် ဆေးတွေက တစ်လ၊ တစ်လခွဲစာ ပေးရတယ်။ တခဏနဲ့ ကုလို့မရတဲ့ အရေပြားရောဂါတွေကို ဆေးရုံကို ပြန်ညွှန်းရတယ်” ဟု အခမဲ့ဆေးကုသမှု ခံယူစဉ် ကြုံဆုံခဲ့ရသော အတွေ့အကြုံကို ပြောပြခဲ့သည်။
အရေပြားရောဂါသည် လူနာကို အရုပ်ဆိုးစေရုံသာမက စိတ်ကိုလည်း ထိခိုက်စေတတ်ကြောင်း အဖြစ်အပျက်တစ်ခုကို ပြောပြခဲ့သည်
“ဆိုးရီးယေးစစ် (Psoriasis) လူနာအမျိုးသမီး အိမ်ထောင်ရှင် တစ်ယောက်မှာ အသည်းရောင်ပိုးလည်း ရှိနေတယ်။ စားဆေးက ကိုယ်ခံစွမ်းအားနဲ့ ဆိုင်တဲ့ဆေးဖြစ်လို့ ပေးရခက်နေတယ်။ လိမ်းဆေးနဲ့ အမျိုးမျိုးကုပေမယ့် ကောင်းမလာဘူး။ အဲဒီတော့ အိမ်ထောင်ရေးပြဿနာ ဖြစ်လာတယ်။ Psoriasis ရောဂါက စိတ်ညစ်လေ ပိုဆိုးလေဆိုတော့ လူနာကို တရားဟောရတယ်။ မေတ္တာ ပို့ခိုင်းရတယ်။ ဘုရား ဂုဏ်တော် ရွတ်ခိုင်းတယ်။ ရောဂါက တက်လိုက်၊ ကျလိုက်နဲ့ဆိုတော့ လိမ်းဆေးနဲ့ မထိန်းနိုင်တော့ဘူး။ လူနာကလည်း ရောဂါပျောက်ချင်၊ Psoriasis အနံ့တွေကလည်း ငါးညှီနံ့လို တစ်ထောင်းထောင်းထွက် ဆိုတော့ လူနာက ငိုလိုက်၊ စိတ်ဓာတ်ကျလိုက်နဲ့ ဖြစ်နေခဲ့တယ်။ သူ့ရောဂါအတွက် စားဆေးတင်ရင် အသည်းထိခိုက်မှာစိုးလို့ အသည်းအထူးကု ဆရာဝန်ကြီးက အသည်းရောဂါအထူးကု ဆရာဝန်ကြီးနဲ့ ပြန်တိုင်ပင်ရပါတယ်။ ဆရာမက အရေပြားရောဂါကို ကု၊ အသည်းအထူးကု ဆရာဝန်ကြီးက အသည်းရောဂါကုနဲ့ တဖြည်းဖြည်းနဲ့ လူနာသက်သာ လာခဲ့တယ်။ ဟိုးတလောက အဲ့ဒီလူနာ ပြန်လာသေးတယ်။ အိမ်ထောင်ရေး ပြန်အဆင်ပြေသွားပြီတဲ့၊ စုံတွဲပွဲတက် နေပြီဆိုပဲ”
ယခုအချိန်တွင် နိုင်ငံတော်က ပြည်သူ့ဆေးရုံကြီးများကို အတတ်နိုင်ဆုံး ကြိုးစား ထောက်ပံ့နေကြောင်း ဒေါက်တာမြတ်စန္ဒာကျော်က ဆိုသည်။
“ချမ်းသာလို့ နိုင်ငံခြားကို သွားကုသ သူတွေကလည်း သွားနေမှာပါ။ ဒီမှာ ကုသလို သူတွေကလည်း ဒီမှာပဲ ကုသနေမှာပါ။ အရေပြားရောဂါဆိုတာ ကိုယ်တွင်း ကိုယ်ခံစွမ်းအားစနစ်ကြောင့် ဖြစ်တတ်သလို ပတ်ဝန်းကျင်၊ အလုပ်အကိုင်၊ အနေအထိုင်၊ ရာသီဥတု၊ ဖုန်၊ အဝတ်အစား စတာတွေနဲ့ ဖြစ်တတ်တော့ လူနာကိုယ်တိုင်က သေသေချာချာ နားမလည်ရင် ကုသရခက်ပါတယ်။ ကြာရှည်ကုသရတဲ့ ရောဂါဖြစ်ပါတယ်။ သေသေချာချာ ဆွေးနွေးပြီး လူနာကိုယ်တိုင် နားလည်မှ ဆေးကုသမှု အောင်မြင်နိုင်တဲ့ ရောဂါမျိုးပါ။ ဆရာမတို့ မြန်မာနိုင်ငံရဲ့ ရာသီတောင်မှ တောင်ကြီး၊ တောင်တွင်းကြီး၊ ရန်ကုန်၊ မန္တလေး မတူနိုင်ပါဘူး။ နွေး၊ မိုး၊ ဆောင်း မတူပါဘူး။ ဒါကြောင့် ရာသီအလိုက် ပြောင်းလဲတတ်တဲ့ အရေပြားရောဂါနဲ့ အရေပြားလိမ်းဆေး အထာကို သိတာက မြန်မာနိုင်ငံက လူနာအတွေအတွက် အရေပြားအထူးကု ဆရာဝန်တွေပါပဲ။ လူနာကို အချိန်ပေး ဆွေးနွေးရမယ်။ သုံးမယ့်ဆေးကို နားလည်အောင် ပြောပြရမယ်။ ဒါဆိုရင် အရေပြားလူနာတွေ နိုင်ငံခြား သွားကုမလား၊ မြန်မာပြည်မှာ ကုမလား စဉ်းစားတော့ပေါ့။ ဆရာမတစ်ခါ ကြုံဖူးတဲ့ အတွေ့အကြုံက လူနာက အင်ပျဉ်ထွက်တာ။ နိုင်ငံခြားမှာ သေသေချာချာ စမ်းသပ်ပေမယ့် ဘာမှမတွေ့ဘူး။
အိမ်ရောက်တာနဲ့ အင်ပြင်ထွက်တာ။ ဒါနဲ့ သေသေချာချာမေးတော့ သူက တစ်အိမ်လုံး ခြင်ဆေးဗူး ကိုင်ဖြန်းမှန်းသိတာ။ ဆရာမ အတွေ့အကြုံ အရ အရေပြားရောဂါ ကုသတာ နိုင်ငံခြားမှာ ကုသပြီး မပျောက်လို့ ဒီမှာ ပြန်ကုသရတာ များပါတယ်” ဟု ဒေါက်တာမြတ်စန္ဒာကျော်က ဆိုသည်။
အလှပြင်ပစ္စည်းများသည် ဆေးမဟုတ်ကြောင်း၊ ဝက်ခြံပဲဖြစ်ဖြစ်၊ တင်းတိတ်ပဲ ဖြစ်ဖြစ် အလှပြင်ပစ္စည်းဖြင့် ပျောက်အောင်ကုသရန် ခက်ခဲကြောင်း၊ အလှပြင်ပစ္စည်းအသစ် ပေါ်တိုင်း စမ်းသပ်သုံးရာမှ ဒုက္ခရောက်သူများ အများကြီး တွေ့ရကြောင်း၊ အရေပြားတွင် အရောင်ပြောင်းနေသည့် အဖြူကွက်၊ အမည်းကွက်များ တွေ့လျှင် ပျောက်အောင် ပွတ်တိုက်ခြင်းက မှားယွင်းနေကြောင်း ဒေါက်တာမြတ်စန္ဒာကျော်က ဆိုသည်။
“တွေ့ဖူးတဲ့ အမျိုးသမီးလူနာတစ်ယောက်က ပါးကတင်းတိပ်ကို ပွတ်တိုက်တာ အစင်းရာအမာရွတ်တွေ အများကြီးကျန်ပြီး ကိုင်ကြည့်ရမှာ စိတ်ညစ်ရလောက်တဲ့အထိ ရုပ်ဆိုးသွားတာမျိုး ရှိဖူးပါတယ်။ အပြင်မှာ ဝယ်လို့ရတဲ့ အရေပြားလိမ်းဆေး တချို့တွေကပြင်းတော့ ရောဂါကို ကုသတာထက် ဆေးရဲ့ဆိုးကျိုးကို သက်သာအောင် ပြန်စောင့်ပြီး ကုသရတာ ပိုကြာ၊ ပိုခက်ပါတယ်။ ထိတွေ့ မြင်နေရတဲ့ အင်္ဂါအစိတ်အပိုင်းဖြစ်တော့ အရေပြားရောဂါကို ကုသရင် လွယ်မယ်ထင်သလိုလိုနဲ့ ခက်တာ လက်တွေ့ခံစားဖူးသူတိုင်း သိကြမှာပါ”
အရေပြားရောဂါ ပညာရပ်က ကျယ်ဝန်းလှ၏။ အရေပြား ဝေဒနာရှင်များကို ကုသခြင်း၊ အရေပြား အလှအပဆိုင်ရာ အရေးကြောင်း ဖျောက်ဆေး (Botox) ထိုးခြင်း၊ အသားဖြူဆေး ထိုးခြင်း၊ လေဆာဖြင့် အရေပြားရောဂါ ကုသခြင်းတို့ လုပ်ဆောင်ခြင်း၊ အရေပြားခွဲစိတ် ပြုပြင်ခြင်း အစရှိသည့် ဘာသာရပ် အမျိုးမျိုးရှိသည်။
“ဆရာမက အရေပြားရောဂါကု ဆရာဝန်ဘဝကို ရွေးချယ်ပြီးပေမယ့် Junior တွေကတော့ ကိုယ်အားသန်ရာကိုယ် ရွေးချယ်ကြမှာပါ။ ရွေးချယ်မှု မှန်ဖို့တော့ လိုပါတယ်။ ရောဂါကတော့ ကုသတာနဲ့အမျှ သက်သာမယ်၊ ပျောက်ကင်းမယ်၊ လူနာရော ကုသပေးတဲ့သူပါ စိတ်အလွန် ချမ်းသာပါတယ်” ဟု ဒေါက်တာမြတ်စန္ဒာကျော်က အရေပြားအထူးကု ဆရာဝန်ဖြစ်လိုသူ ဆရာဝန်အငယ်များသို့ အကြံပြုထားသည်။
မြန်မာနိုင်ငံ ဆေးလောကနှင့် ပတ်သက်ပြီး အတိုးတက်ဆုံး၊ အကောင်းဆုံးနှင့် အအောင်မြင်ဆုံး ဖြစ်စေချင်သည်မှာ သူ့ဆန္ဒပင်ဖြစ်ကြောင်း ဒေါက်တာမြတ်စန္ဒာကျော်က ဖွင့်ဟပြောကြားခဲ့ပါသည်။

Most Popular

Healthy Life Ad
To Top