Healthy Life Ad
Health Tips

မာရီလင်မွန်ရိုးကဲ့သို့ လှပချင်သူတို့အတွက် သူ့မိတ်ကပ်ပညာရှင်ပြောသော လျှို့ဝှက်ချက် ရှစ်ရပ်

လရိပ်မေ ၊

နီနီရဲရဲနှုတ်ခမ်းဖူးတစ်စုံ၊ ရွှန်းစိုကော့လက်နေတဲ့ မျက်တောင်၊ တောက်ပကြည်လင်တဲ့ အသားအရေ စတာတွေနဲ့ လှပတဲ့ မာရီလင်မွန်ရိုးကို အားကျသူ အများကြီး ရှိမှာပါ။ မွန်ရိုးလို လှချင်တဲ့ သူတွေအတွက် သူ့မိတ်ကပ်ပညာရှင် ပြောပြထားတဲ့ မွန်ရိုးရဲ့ အလှအပ လျှို့ဝှက်ချက်တွေကို မျှဝေလိုက်ပါတယ်။

(၁) ဗက်ဆလင်းအလှဆီ လိမ်းခြင်း
မွန်ရိုးဟာ ဖောင်ဒေးရှင်းခရင်မ် မလိမ်းခင် အစိုဓာတ်ထိန်းခရင်မ် အဖြစ် ဗက်ဆလင်းအလှဆီကို လိမ်းလေ့ရှိပါတယ်။ အစိုဓာတ်ရှိနေတာက နုပျိုလှပမှုရဲ့ အခြေခံအချက် ဖြစ်တာကြောင့် မွန်ရိုးဟာ စတူဒီယို ထဲမှာ အလင်းရောင်ကြောင့် နူးညံ့တောက်ပတဲ့ အသားအရေကို ပိုင်ဆိုင်စေတာ ဖြစ်ပါတယ်။ မွန်ရိုးဟာ ပါးရိုးနဲ့ မျက်ခုံးရိုးတွေ ပေါ်လွင်ထင်ရှား တောက်ပြောင်စေဖို့ ရေနံဂျယ်လီ ( Petroleum Jelly ) ကို လိမ်းလေ့ရှိပါတယ်။
မျက်နှာအသားအရေ ပန်းနုရောင်သမ်းဖို့ စတော်ဘယ်ရီသီးတွေကို ကြိတ်ချေပြီး မျက်နှာမှာ လိမ်းကာ မျက်နှာသစ်ဆေးအဖြစ် ဆောင်ရွက်လေ့ ရှိပါတယ်။

(၂) နှုတ်ခမ်းပုံပေါ်လှပစေရန် အရောင်ကွဲ ငါးမျိုး ရောစပ်ပြီး ဆိုးခြင်း
နီနီရဲရဲနဲ့ ဆွဲဆောင်မှု အပြည့်ရှိတဲ့ နှုတ်ခမ်းသား ပိုင်ဆိုင်စေဖို့ မွန်ရိုးဟာ အပြင်ထောင့်မှာ အနီရင့်၊ အလယ်မှာ ပိုဖျော့တဲ့အရောင်စသဖြင့် အဆင့်ဆင့် အရောင်ကွဲ ငါး မျိုးကို ဆိုးလေ့ ရှိပါတယ်။ ပုံ(၁) မှာ ပြထားတဲ့အတိုင်း အဆင့်ဆင့် ဆိုးသွားတဲ့အတွက် တစ်ရောင်တည်း ဆိုးသလို မဟုတ်ဘဲ ဖူးဖူးလေး ဖြစ်နေရတာပါ။

(၃) နှုတ်ခမ်းသားတွင် အုန်းဆီ လိမ်းခြင်း
ရွှန်းစိုတောက်ပြောင်တဲ့ နှုတ်ခမ်းသားက ဆွဲဆောင်မှု အပြည့်ရှိတယ်လို့ မွန်ရိုးက ယုံကြည်ထား ပါတယ်။ သူ့နှုတ်ခမ်းတွေကို မဆိုးခင်မှာ အုန်းဆီ တစ်စက် ဒါမှမဟုတ် ဗက်ဆလင်းအလှဆီ တစ်စက် သုတ်လိမ်းလေ့ ရှိပါတယ်။

(၄) အဖြူရောင် အိုင်းရှဲဒိုးကို မျက်ခုံးရိုးပေါ် သုတ်လိမ်းခြင်း
မွန်ရိုးဟာ မျက်ခုံးရိုးနဲ့ မျက်ဝန်းအတွင်းထောင့် နေရာတွေ ပေါ်လွင်ထင်ရှားကြည့်ကောင်းစေဖို့ အဖြူရောင် အိုင်းရှဲဒိုးကို လိမ်းလေ့ရှိပါတယ်။ ဒါက ဓာတ်ပုံရိုက်တဲ့အခါ မျက်လုံးနဲ့ မျက်ခုံးအလှကို ပို ပေါ်လွင်စေတယ်လို့ ဆိုပါတယ်။

(၅) အညို၊ အမည်း၊ အဖြူနှင့် အနီ အိုင်းလိုင် နာများကို ရောစပ်ဆိုးခြင်း
ပျိုပျိုအိုအို အများစုဟာ အညိုရောင်နဲ့ အမည်း ရောင် အိုင်းလိုင်နာတွေကိုပဲ ဆိုးလေ့ရှိကြပါတယ်။ ဒါပေမဲ့ မွန်ရိုးရဲ့ မျက်ဝန်းကိုတော့ Elizabeth Arden ထုတ် မျက်ဝန်းဆွဲခဲတံတွေကို အရောင်ရောစပ်ပြီး ခြယ်လေ့ရှိတယ်လို့ သူ့မိတ်ကပ်ဆရာက ဆိုပါတယ်။ မျက်ဝန်းအပြင်ထောင့်တွေကို အဖြူရောင် အိုင်းလိုင်နာဆိုးပေးတာက မျက်ဝန်းကို ပိုကြီးပြီး ပိုကျယ်သယောင် ထင်ရစေပါတယ်။ အပေါ် မျက် တောင်လိုင်းကို အညိုနဲ့ အမည်းရောင် အိုင်းလိုင်နာ ဆိုးပြီး အထဲအတွင်းထောင့်တွေကို အဖြူရောင်နဲ့ အနားသတ်ပေးတာကြောင့် မျက်စိက ပိုကြီးမားသယောင် ဖြစ်စေတာပါ။

(၆) နှာတံပေါ်စေရန် ပန်းရောင်ပါးနီ လိမ်းခြင်း
မွန်ရိုးရဲ့ နှာတံပေါ်လွင်စေဖို့ ပါးရိုးနဲ့နှာခေါင်းအရင်း နေရာတွေမှာ ပန်းနုရောင် ပါးနီ အနည်းငယ်နဲ့ ခြားလိုက်ပါတယ်။ ပါးနီကို ခပ်နည်းနည်းနဲ့ အနားသတ်ပေးလေလေ နှာတံက ပိုပေါ်လွင်လွင်ပဲ ဖြစ်တယ်လို့ မွန်ရိုးရဲ့ မိတ်ကပ်ဆရာက ဆိုပါတယ်။

(၇) မျက်တောင်တုကို ထက်ဝက်ချိုးပြီး တပ်ဆင်ခြင်း
မွန်ရိုးက ရှည်လျားထူထဲလှပတဲ့ မျက်တောင်တွေ ပိုင်ဆိုင်ချင်ပါတယ်။ သဘာဝကျကျလည်း လှချင်တာကြောင့် မျက်တောင်ထူထဲ ကြည့်ကောင်းစေဖို့ မျက်တောင်တုကို ထက်ဝက်ချိုးပြီး မျက်လုံး အပြင်ထောင့်ကနေ ကပ်လေ့ရှိပါတယ်။

(၈) မျက်ခုံး ပုံသွင်းပြုပြင်ခြင်း
မွန်ရိုးရဲ့ စင်ယော်တောင်ပုံစံ မျက်ခုံးတွေက အလွန်သေသပ်ကျနပြီး ရေပန်းစားပါတယ်။ မွန်ရိုးဟာ မျက်ခုံးကို ခပ်ချွန်ချွန်ထားတာက နဖူးအလှကိုပါ ထင်ဟပ်စေတယ်လို့ ယုံကြည်ထားပါတယ်။

Most Popular

Healthy Life Ad
To Top