Healthy Life Ad
International

အမေရိကန် ဆယ်ကျော်သက် အကျိတ်ထွက်သည့် ပလိပ်ရောဂါဖြင့် ဆေးရုံတက်ရ

၊ မိုးမင်းထွန်း ၊
အရှေ့ အိုရီဂွန်ပြည်နယ်မှ ဆယ်ကျော်သက် မိန်းကလေး တစ်ယောက်သည် အကျိတ်ထွက် ပလိပ်ရောဂါ ကူးစက်ခံ ခဲ့ရကြောင်း သိရှိရသည်။
ထိုမိန်းကလေးသည် အမဲလိုက် ခရီးစဉ်အတွင်း သန်းကိုက်ခံရရာမှ ရောဂါကူးစက်ခဲ့ခြင်း ဖြစ်ကြောင်း ယုံကြည်ရသည်။ ခရီးစဉ်ကအပြန် ငါးရက်အကြာတွင် ဖျားနာလာခဲ့ပြီး ဆေးရုံကို ရောက်ရှိလာခဲ့ခြင်း ဖြစ်သည်။
ယခုအခါ မိန်းကလေးကို ဆေးရုံ၏ အထူးကြပ်မတ် ကုသဆောင်တွင် ကုသမှု ခံယူနေရပြီး အခြေအနေ ကိုတော့ မသိရသေးပေ။
အကျိတ်ထွက် ပလိပ်ရောဂါသည် ယခင်အလယ် ခေတ်တုန်းက အများအပြား ဖြစ်ပေါ်ခဲ့ပြီး ယနေ့ခေတ်တွင်တော့ ရှားပါးသွားပြီ ဖြစ်သည်။
လွန်ခဲ့သည့် ဆယ်စုနှစ် များအတွင်း၌ အမေရိကန် ပြည်ထောင်စုတွင် နှစ်စဉ် ပလိပ်ရောဂါရသူ ပျမ်းမျှ ခုနစ်ဦးခန့်သာ ရှိပြီး အသေအပျောက် မရှိခဲ့ကြောင်း သိရသည်။
၂၀၁၂ ခုနှစ်က အိုရီဂွန်တွင် အမျိုးသား တစ်ယောက်က ထိုရောဂါကြောင့် ခြေချောင်း၊ လက်ချောင်း များ ဆုံးရှုံးခဲ့ရကြောင်း၊ ဖြစ်ပုံမှာ သူက အိမ်မွေးကြောင်၏ လည်ချောင်းထဲက ကြွက်ကို ဆွဲထုတ်ရန် ကြိုးစားရာမှ ရောဂါကူးစက် ခံခဲ့ရခြင်း ဖြစ်ကြောင်း သိရသည်။
ရောဂါဖြစ်ပွားစေသည် ့ပိုးကို ကြွက်၊ ရှဉ့်နှင့် အခြား ကိုက်ဖြတ်တတ်သော တောရိုင်း သတ္တဝါများနှင့် ၄င်းတို့၏ သန်းများတွင်တွေ့ရှိရကြောင်း သိရသည်။
ရောဂါကို ပဋီဇီဝဆေးများနှင့် ကုသနိုင်ပြီး မကုသဘဲ ထားပါက အသက် သေဆုံးသည် အထိ ဖြစ်ပေါ် စေနိုင်ပါသည်။ ထင်ရှားသော ရောဂါလက္ခဏာ များမှာ အဖျားကြီးခြင်း၊ ထိုင်းမှိုင်းခြင်းနှင့် အရည်ကြည်ဖုများ ထွက်ခြင်းတို့ ဖြစ်ကြကြောင်း သိရသည်။ ထိုအကျိတ်ထွက်သည့် ပလိပ်ရောဂါ ကာကွယ်ဆေးကို လောလောဆယ်တွင် မထုတ်လုပ်နိုင်သေးပေ။
လူများအနေဖြင့် တောရိုင်း ကိုက်ဖြတ်သတ္တဝါများနှင့်ထိတွေ့ခြင်း၊ ၄င်းတို့ကို အစာကျွေးခြင်းများကို ရှောင်ကြဉ်သင့်ပါသည်။ ထို့ပြင် အိမ်မွေး တိရစ္ဆာန်များကို တောရိုင်းသတ္တဝါများနှင့် ထိတွေ့ခြင်း မရှိစေရန် ထိန်းသိမ်းကာကွယ်သင့်ကြောင်း တာဝန်ရှိသူများက သတိပေးထားသည်။
(Ref; AP)

Most Popular

Healthy Life Ad
To Top