Healthy Life Ad
Life Style

ကျွန်တော့်ကို မိန်းမတစ်ယောက် နှောင့်ယှက်နေတယ် ဆရာ . .

ပါမောက္ခဒေါက်တာ ဉာဏ်ဝင်းကျော်
ဦးနှောက်နှင့် စိတ်ကျန်းမာရေး အထူးကုဆရာဝန်ကြီး ပြောကြားသည်

ကိုသော်ကောင်းတစ်ယောက် ည ည အိပ်မပျော်တာ ကြာပြီ။ အိပ်မပျော်တော့ နောက်တစ်နေ့ လုပ်ငန်းခွင်မှာ ခေါင်းမကြည် . . ဘယ်လိုမှ အလုပ်ကမတွင် . . ည ည အိပ်ပျော်အောင်ဆိုပြီး အရက်သောက်ပြီး အိပ်လိုက်မိတယ်။ အစပိုင်းတော့ ဟုတ်သလိုလိုပဲ . . အရက်မူးပြီး အိပ်ပျော်သွားတယ်၊ ဒါပေမဲ့ ညဉ့်ဦးယံလောက် ကျတော့ ကိုသော်ကောင်းကို အမျိုးသမီး တစ်ယောက်က လာလာ စကားပြောနေခဲ့တယ်၊ ကိုသော်ကောင်း တစ်ယောက် အိပ်ပျော်ရာက လန့်နိုးရတဲ့အထိ . . လန့်နိုးလို့ ကြည့်လိုက်ပြန်တော့လည်း အနားမှာ ဘယ်သူဆို ဘယ်သူမှ မရှိ။ နောက်တစ်ညကျတော့ အဲဒီအမျိုးသမီးက လာစကားပြောရုံမက ခြိမ်းလား၊ ခြောက်လားနဲ့ ကြောက်စရာ ကောင်းလောက်အောင်ကို နှောင့်ယှက် နေတော့တယ်။ အမူအရာကလည်းရယ်လိုက်၊ အော်လိုက်နဲ့ အသံက မျိုးစုံ . . ကိုသော်ကောင်းမှာ ဘာမှကို ပြန်မပြောနိုင်ရှာ၊ အဲဒီ အမျိုးသမီးကချည်း တစ်ဖက်သတ် အော်ဟစ် ခြိမ်းခြောက်နေတော့တာ. .
ခက်တာက မနက်မိုးလင်းလို့ ညက ဘာတွေ ဖြစ်ခဲ့သလဲ၊ ဘယ်လို ကြုံခဲ့ရသလဲဆိုတာ ကိုသော်ကောင်း ပြန်စဉ်းစားကြည့်တော့ ဘာကိုမှ သေချာမမှတ်မိ။ အဲဒီအမျိုးသမီး လာလာ စကားပြောပြီး နှောင့်ယှက်နေတာတော့ သေချာတယ် . . ။ ဒါပေမဲ့ ဘာတွေ လာပြောမှန်း သေချာဂဃနဏ မသိတော့-
“ရှင် အခုတလော မူပျက်နေတယ်နော်၊ ညတုန်းက ကျွန်မ ပြောထားတဲ့ စကားတွေကို မနက်ကျရင် ဘာမှ မမှတ်မိတော့ဘူး”
ဇနီးသည် မြကဆိုတော့ ကိုသော်ကောင်း အူတိအူကြောင်. . ။
“ငါ ဘာတွေဖြစ်နေလို့လဲ . .”
“ရှင်

ဖုန်းကို အိပ်ကပ်ထဲ ထည့်ထားပြီး ဖုန်းပျောက်လို့ ဆိုပြီး လိုက်ရှာနေတယ်လေ၊ ကားသော့ကို ကားထဲမှာ တန်းလန်း ထားခဲ့ပါရက်နဲ့ ကားသော့ ဘယ်သူယူထားလဲ ဆိုပြီး လိုက်မေးနေတာကလည်း အခါခါ . . ရှင်အရင်က ဒီလိုမဟုတ်ပါဘူး၊ အဆိုးဆုံးကတော့

ရှင်အပေါ်ထပ်တက်ပြီး မအိပ်ခင် အောက်ထပ်မှာ ကျွန်မနဲ့အတူ တီဗီကြည့်ရင်း ည ည ပြောတဲ့ စကားတွေကို ရှင်မေ့မေ့နေတာပဲ . . မနေ့ညကရော ရှင်ဘာတွေ ပြောခဲ့သလဲ ရှင့်ကိုယ်ရှင် မှတ်မိရဲ့လား . .”
မြ ပြောမှ ကိုသော်ကောင်း ပြန်တွေးကြည့်လိုက် မိတယ်။ ဟုတ်တယ် . . သူ ဘာကိုမှ မမှတ်မိတော့ဘူး။
“ပြီးတော့ ရှင် ည ညဆို အိပ်မယ်ဆိုပြီး အပေါ်ထပ် တက်သွားပြီးခါမှ ဖေ့စ်ဘွတ်ခ်ပေါ် ဘာစာတွေ လျှောက်တင်တာလဲ မသိဘူး၊ ကိုယ့်အလုပ်အကိုင်နဲ့ ကိုယ့် ဂုဏ်သိက္ခာလေးလည်း ထိန်းပါဦး”
မြ ပြောမှ သူဖေ့စ်ဘွတ်ခ်ကို ကမန်းကတန်း ဖွင့်ကြည့်မိတယ်။ “ဟာ . .သွားပြီ” လုပ်ငန်းရှင် တစ်ယောက် မတင်သင့်တဲ့ စတေးတပ်စ်တွေကို သူ ဘယ်လိုစိတ်ကူးနဲ့များ တင်ခဲ့မိပါလိမ့်။ ကမန်းကတန်း ပြန်ဖျက်ပြီး အကောင့် ဟက်ခံရလို့ပါဆိုပြီး စတေးတပ် ပြန်တင်လိုက်ရတယ်။
အလုပ်ကိုသွားပြီး အလုပ်တွေ လုပ်နေရင်း ကိုသော်ကောင်း ပြဿနာတစ်ခု ကြုံရတော့တယ်။
“အစ်ကို ဟိုနေ့က အဲဒီဈေးနဲ့ ပေးမယ်လို့ ပြောထားပြီးသားလေ၊ အစ်ကို အခုမှ ဈေးတက်သွားလို့ ဘယ်ဖြစ်ပါ့မလဲ၊ အစ်ကို ကတိတည်မှပေါ့”
လုပ်ငန်း ပါတနာဘက်က စကားဆိုလာတယ်။ သူပြောတဲ့ ဈေးကို ကိုသော်ကောင်း ဘယ်တုန်းကမှ မပြောခဲ့ပါဘူး၊ ဒါပေမဲ့ တစ်ဖက်က ပြောပြီးသားဈေးလို့ အခိုင်အမာ ဆိုနေတော့တယ်။ ကိုသော်ကောင်း ဘယ်လိုမှ မမှတ်မိတော့။
“အဲဒီဈေးက အရင်းတောင် မရှိလို့ပါဗျာ၊ ကျွန်တော် ပြောခဲ့တယ်ဆိုတာလည်း ဘယ်လိုမှကို မဖြစ်နိုင်ပါဘူး”
တစ်ဖက်က စိတ်ဆိုးသွားပြီ။
“ခင်ဗျားလို စကားကို ပလောင်းပလဲ ပြောတတ်တဲ့သူနဲ့ ဘယ်လိုလုပ်ပြီး အလုပ် တွဲလုပ်ရမလဲ”ဆိုပြီး စိတ်ဆိုးမာန်ဆိုး ပြောသွားတော့တယ်။
အိမ်ရောက်တော့ စိတ်ညစ်ညစ်နဲ့ ခါတိုင်းလိုပဲ ဝီစကီ နှစ်ပက်လောက် သောက်လိုက်တယ်၊ ဝီစကီကို ထည့်သောက်ရင်း ဘယ်လောက် သောက်မိလို့ သောက်မိမှန်း မသိတော့ဘူး။ ကုန်သွားတာနဲ့ ဘေးမှာရှိတဲ့ ဗော့ဒ်ကာကိုပါ ယူသောက်လိုက်တယ်။ အဲဒီလို သောက်ရင်းသောက်ရင်း စိတ်ထဲ အူကြောင်ကြောင် ရီတီတီ ဖြစ်လာတာနဲ့ ရေခဲသေတ္တာထဲက ဘီယာ နှစ်ဘူးလောက်ကိုပါ မော့ပစ် လိုက်တော့တယ်။ ပြီးတော့ ခါတိုင်းလိုပဲ မြနဲ့အတူ တီဗီကြည့်လိုက်၊ စနောက်လိုက်၊ ကျီစယ်လိုက် လုပ်ရင်း ဘယ်လိုလုပ်ပြီး အိပ်ရာထဲ ရောက်သွားမှန်း မသိတော့ဘူး။
အိပ်မောကျမလို ဖြစ်နေတုန်း အဲဒီအမျိုးသမီးဟာ ခါတိုင်းလိုပဲ မပျက်မကွက် ရောက်လာပြန်တယ်။
“ဘယ်လိုလဲ သူရဲကောင်းကြီး . . ပျော်ရဲ့လား” ဆိုပြီး တဟီးဟီး တဟားဟား ရယ်နေတော့တယ်။ သူ ကယောင်ကတမ်း ဖြစ်နေပေမယ့် အမျိုးသမီးက တစ်ရစပ်ပဲ သူ့ကို ဟစ်အော် ခြိမ်းခြောက် နေခဲ့တယ်။
“ရှင့်ဘဝ ပျက်စေရမယ် . . သိလား၊ အလုပ်တွေ ထိခိုက်စေရမယ်. .ဟား ဟား ဟား”
အိပ်တစ်ဝက်၊ နိုးတစ်ဝက် လန့်စိတ်နဲ့ ကိုသော်ကောင်း မိုးစင်စင် လင်းခဲ့ရပြန်တော့တယ်။
_ _ _
“မြ . . ကိုယ် ဘာတွေ ဖြစ်နေလဲဆိုတော့ မသိတော့ဘူးကွာ”
ကိုသော်ကောင်း စိတ်ညစ်ညစ်နဲ့ ပြောတော့ မြက ထောက်ခံတယ်။
“ဟုတ်တယ် . . ရှင် မူပျက်နေတာ အတော်ကြာပြီ၊ မနေ့က အလုပ်မှာလည်း ပြဿနာတက်ခဲ့တယ်ဆို . . မြသူငယ်ချင်း တစ်ယောက် ပြောတာတော့ ရှင်ဖြစ်နေတဲ့ ပုံစံက စိတ်ကျန်းမာရေး အထူးကုဆရာဝန် တစ်ယောက်ယောက်နဲ့ ပြကြည့်ဖို့ လိုတယ်တဲ့”
“ဒါဖြင့် အမြန်ဆုံး သွားကြရအောင်ကွာ”
_ _ _
“အဓိကကတော့ ဆရာ ကျွန်တော် ည ည ပြောသမျှ၊ လုပ်သမျှကို မနက်ကျရင် ဘာမှ မမှတ်မိတော့တာပဲ ဆရာ၊ တစ်ခါတလေ မနေ့က ပြောထားတဲ့ စကားလည်း ကျွန်တော် မမှတ်မိတော့ဘူး၊ အိပ်လို့လည်း မပျော်ဘူး၊ အစပိုင်းတော့ အလုပ်တာဝန်တွေနဲ့ ဖိစီးမှုတွေများလို့ အိပ်မပျော်တာလို့ ထင်ပြီး ကျွန်တော် အရက်သောက်မိတယ် ဆရာ၊ အရက်သောက်ရင်း သောက်ရင်းနဲ့ အရက်တစ်မျိုး ကုန်သွားတဲ့အခါ စိတ်တွေ ရှုပ်ထွေးတာ မပျောက်လို့ နှစ်မျိုး-သုံးမျိုး ရောသောက်မိတယ် ဆရာ. . အိပ်ပျော်မယ် ကြံတဲ့အချိန်မှာ အမျိုးသမီး တစ်ယောက်က လာလာ နှောင့်ယှက်နေပြန်ရော . . အိပ်ရေး ဝသလိုလို မဝသလိုလိုနဲ့ ညက ဖြစ်ပျက်ခဲ့တာတွေကို မနက်ကျတော့ ပြန်မမှတ်မိတော့ဘူး၊ ကျွန်တော် အခုဆိုရင် အရင်က ဘောလုံးပွဲ ကြည့်ရတာ ကြိုက်တာတောင် ကြည့်ချင်စိတ် မရှိလောက်အောင် ဖြစ်နေတယ် ဆရာ၊ ပုံမှန်တော့ မဟုတ်ဘူးလို့ ထင်တယ် ဆရာ၊ ကျွန်တော့်ကို ကယ်ပါဦး ဆရာ”
တကယ်တော့ ကိုသော်ကောင်းဟာ သူပြောတာ၊ သူလုပ်တာတွေကို ဘာမှ သတိမရတော့တဲ့ Memory Black Out အခြေအနေကို ခံစားနေရတာ ဖြစ်ပါတယ်။ ဖိစီးမှုတွေ ပြေပျောက်စေဖို့ အရက်နဲ့ ဖြေဖျောက်ရာက အရက်အမျိုးအစားကို တစ်မျိုးတည်းတောင် မကဘဲ သုံးမျိုးလောက် သောက်ရင်း လှုံ့ဆော်မှုမဲ့ အာရုံမှား ဝေဒနာလက္ခဏာတွေကို ခံစားနေရတဲ့ အပြင် Memory Black Out အခြေအနေကို ဆိုးဆိုးဝါးဝါး ခံစားနေရတာ ဖြစ်ပါတယ်။ ကိုသော်ကောင်းကို လိုအပ်တဲ့ သွေး၊ ဆီး၊ ဝမ်း စစ်ကြည့်လိုက်တဲ့အခါ အသည်းရဲ့ လုပ်ငန်းဆောင်တာတွေ ထိခိုက်နေတာကို တွေ့ရတာကြောင့် အရက်ကို ဆေးရုံတက်ပြီး ဖြတ်ရင် အကောင်းဆုံးပဲလို့ အကြံပေးလိုက်တော့ ကိုသော်ကောင်းက တက်တက်ကြွကြွနဲ့-
“ဟုတ်ကဲ့ပါ ဆရာ. . ကျွန်တော် အခု ခံစားနေရတဲ့ ဝေဒနာတွေ သက်သာချင်လှပါပြီ. . ဒါကြောင့် ကျွန်တော် ဆေးရုံတက်ပြီး အရက်ဖြတ်ပါ့မယ်” ဆိုပြီး ဆေးရုံတက်ဖို့ ပြင်ဆင် ပေးလိုက်ပါတယ်။
အားလုံး ကိုယ်၊ စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာ ကြပါစေ။

Most Popular

Healthy Life Ad
To Top