Healthy Life Ad
Health Tips

အမျိုးသားစိတ်ကျရောဂါရှိရင်

——၊ ဒေါက်တာအုန်းကျော် (စိတ်ကျန်းမာရေးအထူးကု ဆရာဝန်ကြီး) ၊—–

စိတ်ကျရောဂါနဲ့ စိုးရိမ်စိတ်လွန်ကဲရောဂါက ယောကျာ်းတွေမှာ မိန်းမတွေထက် ဖြစ်ပွားမှုနှုန်း နည်းပါးပါတယ်။ ဒါပေမဲ့ မိမိကိုယ်မိမိ သတ်သေနှုန်းက ယောကျာ်းတွေထဲမှာ မိ်န်းမတွေထက် ၃ ဆမှ ၄ ဆအထိ ပိုမိုများပြားတယ်။ အဲဒါဘာကြောင့်လဲ။

အကြောင်းရင်းအမျိုးမျိုး ရှိနိုင်ပါတယ်။

(၁) ယောကျာ်းမာနယောကျာ်းဆိုတာ စိတ်ဓာတ်ကြံခိုင်ရမယ်။ သတ္တိရှိရမယ်။ ပျော့ညံတယ်လို့ လူတွေက အထင်သေးမှာကို မခံချင်ဘူး။ ငါစိတ်ညစ်နေတယ်။ ငါစိတ်ဓါတ်ကျနေတယ်လို့ ဝန်ခံရမှာကို ရှက်ကြောက်နေတယ်။ ဒါကြောင့် စိတ်ကျရောဂါ ခံစားနေရပေမယ့်၊ ဖွင့်ဟတိုင်ပင်ဖို့ ဝန်လေးတယ်။ အကူအညီမတောင်းချင်ဘူး။ အချိန်မီကုသမှုမရရှိဘူးပေါ့။ သြစတြေးလျနိုင်ငံမှာ စိတ်ကျန်းမာရေးချို ့ယွင်းနေတဲ့ ယောကျာ်းတွေထဲမှာ (၇၂) ရာခိုင်နှုန်းကျော်က ကုသမှုခံယူဖို့ ကြိုးစားအားထုတ်မှုမရှိဘူးလို့ သိရတယ်။ (Blackdog Institute)

(၂) ရောဂါလက္ခဏာ ထုတ်ဖော်ပြသပုံ ကွဲပြားခြင်း – ယောကျာ်းစိတ်ကျရောဂါရှိရင်၊ မိန်းမတွေလိုဘဲ စိတ်ညစ်တာ၊ သာယာပျော်ရွှင်နိုင်မှုမရှိတော့တာ၊ အားအင်ကုန်ခန်း ပင်ပန်းနွမ်းနယ်တာ၊ မျှော်လင်ချက်ကုန်ဆုံးစိတ်ဖြစ်ပေါ်တာ၊ နေချင်စိတ်မရှိတော့တာ စတဲ့ စိတ်ကျရောဂါလက္ခဏာတွေကို ခံစားရပါတယ် ။ ဒါပေမဲ့ သူတိို့စိတ်ထဲက ခံစားချက်တွေကို ညည်းတွားမှုမရှိဘူး။ ရင်မဖွင့်ဘူး။ အားပေးဖျောင်းဖျတာ မခံယူဘူး။

ယောကျာ်းစိတ်ကျရောဂါရှိရင် အပြုအမူပြောင်းလဲလာတာကိုသာ တွေ ့ရမယ်။ ဒါကြောင့် ပတ်ဝန်းကျင်က သူစိတ်ကျရောဂါရှိနေတယ်လို့ မထင်မှတ်မိဘူးပေါ့။ ဘယ်လိုအပြုအမူတွေလဲ။

စိတ်ပြေလက်ပျောက်ထွက်ပေါက်ရှာတဲ့ အပြုအမူကို ပိုမိုလုပ်ဆောင်လာခြင်း (ဥပမာ – မလိုအပ်ဘဲ အလုပ်မှာ အချိ်န်ပိုလုပ်နေခြင်း၊ အားကစားလေ့ကျင့်ခန်းတစ်ခုခုကို အလွန်အမင်း စွဲစွဲမြဲမြဲလေ့ကျင့်လာခြင်း)

ခန္ဓာကိုယ်ရောဂါလက္ခဏာများကို ညည်းတွားခြင်း (ဥပမာ – အလုပ်များလို့ ခေါင်းကိုက်နေတယ်ဗျာ။ လေ့ကျင့်ခန်းများလို့ ခြေလက်ကိုက်ခဲနေတာ)

အရက် သို့မဟုတ် မူးယစ်ဆေးကို စတင်သုံးစွဲခြင်း။ သို့မဟုတ် အရက်သောက်တတ်သူက အရက်ပိုမိုသောက်သုံးလာခြင်း။

သြစတြေးလျနိုင်ငံ ယောကျာ်းတွေထဲမှာ အရက်စွဲရောဂါရှိသူ ၆ ဒဿမ ၁ ရာခိုင်နှုန်းနဲ ့ မိန်းမတွေထဲမှာ ၂ ဒဿမ ၆ ရာခိုင်နှုန်းရှိတယ်။ မြန်မာနိုင်ငံ ယောကျာ်းတွေထဲမှာ အရက်စွဲသူ ၁ ဒဿမ ၆ ရာခိုင်နှုန်းနဲ့ မိန်းမတွေထဲမှာ ဝ ဒဿမ ဝ.၅ ရာခိုင်နှုန်းရှိပါတယ်။ (World Population Review 2020)။ အရက်စွဲရောဂါရှိသူတွေထဲမှာ ၁၄ ရာခိုင်နှုန်းမှ ၆၈ ရာခိုင်နှုန်းအထိ စိတ်ကျရောဂါရှိတာ တွေ ့ရှိရတယ်။ အဲဒီအထဲမှာ စိတ်ကျရောဂါကြောင့် အရက်သောက်များလို့ အရက်စွဲရောဂါ ရရှိလာသူတွေလည်း ရှိပါတယ်။

စိတ်ကျရောဂါရှိရင် ကုသမှုမခံယူဘဲ လောင်းကစားတတ်တဲ့အကျင့် ဖြစ်ပေါ်လာနိုင်တယ်။ သြစတြေးလျနိုင်ငံ ယောကျာ်းတွေထဲမှာ လောင်းကစားစွဲရောဂါရှိသူ ၁ ဒဿမ ၅ ရာခိုင်နှုန်းရှိတယ်။ မိန်းမတွေထဲမှာတော့ လောင်းကစားစွဲရောဂါဖြစ်ပွားနှုန်းက တစ်ထောင်မှာ ၈ ယောက်ရှိတယ်။

စိတ်ကျရောဂါရှိတဲ့ ယောကျာ်းတချို ့က စိတ်ညစ်တဲ့အမူအရာမပြဘဲ စိတ်တိုတတ် အမျက်ဒေါသထွက်တတ်လာတာ ရှိပါတယ်။ ဒါကြောင့် မိသားစုအတွင်းအကြမ်းဖက်မှု ဖြစ်ပေါ်လာတတ်တယ်။ အရှေ ့တောင်အာရှနိုင်ငံတွေမှာ မိသားစုအတွင်း အကြမ်းဖက်မှု ဖြစ်ပွားနှုန်းက ၃၇ ဒဿမ ၇ ရာခိုင်နှုန်း ရှိတယ်လို့ သိရတယ်။ (WHO 2013) မိသားစုအတွင်း အကြမ်းဖက်မှု ကျူးလွန်းတဲ့ ယောကျာ်းတွေထဲမှာ ၂၀ ရာခိုင်နှုန်းက စိတ်ကျရောဂါရှိနေတာကို လေ့လာတွေ ့ရှိရတယ်။

အန္တရာယ်များတဲ့ အပြုအမူကို ပြုလုပ်တတ်ခြင်း – စိတ်ကျရောဂါရှိရင် တဇွတ်ထိုးလုပ်တတ်ကြတယ်။ ဥပမာ – အမျိုးသမီးစိတ်ကျရောဂါရှိသူတွေထဲမှာ ဈေးဆိုင်အလစ်သုတ်အပြုအမူ (Shop Lifting) ဖြစ်ပေါ်လာတာ တွေ့ရှိရတယ်။ ယောကျာ်းတွေထဲမှာတော့ စိတ်ကျရောဂါကြောင့် အလွန်းအမင်းလောင်းကစားမှုပြုတာ၊ ကားအမြန်မောင်းတာ စတဲ့ အပြုအမူတွေ ပေါ်ပေါက်လာနိ်ုင်ပါတယ်။

စားရေးသူရဲ ့ လူနာတစ်ဦးဖြစ်တဲ့ မောရစ်ကို နမူနာအဖြစ် ပြောပြလို့ရပါတယ်။

မောရစ်က အသက် ၄၀ ကျော် အိမ်ထောင်ရှင်ဖြစ်ပါတယ်။ ကိုယ်ပိုင်အသေးစား စီးပွားရေးလုပ်ငန်းတစ်ခု လုပ်ငန်းရှင်ဖြစ်တယ်။

ဒီနှစ်ထဲမှာ မောရစ်ရဲ ့ စီးပွားရေးလုပ်ငန်းက မအောင်မြင်ဘူး။ အရှုံးပေါ်လာတယ်။ ချေးငွေကို အရစ်ကျပြန်ဆပ်ဖို့ အခက်အခဲရှိလာတယ်။ ဒီလိုနဲ့ စိတ်ကျရောဂါ ခံစားလာရတယ်။ သူရဲ ့အခက်အခဲ ပြဿနာကို ဇနီးကစ်တီကိုတောင် ဖွင့်ဟမတိုင်ပင်ဘူး။ အလုပ်ကိစ္စတွေကို မဲမဲသဲသဲ အချိန်ပိုလုပ်လာတယ်။ အလုပ်ပြီးရင် အရက်သောက်ပြီး အနားယူတဲ့ အကျင့်ပေါ်လာတယ်။ အိမ်အပြန်တစ်နေ့မှာ အရက်ရှိန်ကလေးနဲ့ ကားအမြန်မောင်းလာတယ်။ လမ်းတကွေ့ရောက်တော့ အရှိန်မထိန်းနိုင်လို့ မတော်တဆ ကားတိုက်မှုဖြစ်တယ်။ ဒဏ်ရာဒဏ်ချက်တွေကို ကုသပြီးတော့ မောရစ်စိတ်ကျန်းမာရေးကို စစ်ဆေးပေးဖို့ စိတ်ကျန်းမာရေးဌာနကို လွှဲပြောင်းပေးလိုက်တာပါ။

မောရစ်ကို စမ်းသပ်စစ်ဆေးလိုက်တော့ စိတ်ကျရောဂါ ခံစားနေရတာ တွေ့ရှိရတယ်။ သူရဲ ့အခက်အခဲ ပြဿနာတွေကို မဖြေရှင်းနိုင်တော့ဘူးလို့ ယုံကြည်လာတယ်။ မျှော်လင့်ချက်ကုန်ဆုံးစိတ် ဖြစ်ပေါ်နေတယ်။ ကားအမြန်မောင်းတဲ့ညက “သေမထူးနေမထူး” ဆိုတဲ့ အတွေးစိတ်တွေနဲ့ အန္တရာယ်ရှိတဲ့ အပြုအမူကို လုပ်မိတာလို့ ဝန်ခံပါတယ်။

မောရစ်ရဲ ့ဇနီး ကစ်တီနဲ့အတူ မောရစ်စိတ်ကျန်းမာရေးကို အသိပေးပြောကြားပါတယ်။ ကစ်တီက အထိတ်တလန့် ဖြစ်သွားတယ်။

“မောရစ် ဒီလောက်အထိ ခံစားနေရမယ်လို့ ကျမသတိမထားမိတာ အမှန်ပါဒေါက်တာ။ သူပြောသလို အလုပ်များလို့ စိတ်ပင်ပန်းနေတာလို့ ထင်နေတာပါ”
“ဖြစ်တတ်ပါတယ် ကစ်တီ။ ယောကျာ်းစိတ်ကျရောဂါ ခံစားရရင် စိတ်ကျရောဂါနဲ့မတူတဲ့ အပြုအမူတွေကိုသာ ဖော်ပြတတ်တာရှိပါတယ်။ အခုတော့ မောရစ်ကိုယ်တိုင်က သူစိတ်ကျရောဂါခံစားနေရတယ်ဆိုတာ လက်ခံပါပြီ။ အရေးကြီးတဲ့ အချက်ဖြစ်ပါတယ်”
ကစ်တီက ကုသမှုအစီအစဉ်ကို မေးမြန်းတယ်။

“မောရစ် စိတ်ကျရောဂါ စတင်ဖြစ်ပွားလာတာက စီးပွားရေးအခက်အခဲကြောင့်ပါ။ ဒီတော့ ဒီကိစ္စနဲ့ပတ်သက်ပြီး မိသားစုထဲမှာ တိုင်ပင်ဆွေးနွေးအဖြေရှာရမယ်။ “ပြဿနာဖြေရှင်းတဲ့ နည်းပရိယာယ်” (Problem Solving Technique) ကို အသုံးပြုနိုင်တယ်။ ကျွန်တော်တို့ဘက်က လိုအပ်သလို ကူညီမယ်။ အကြံဉာဏ်ပေးမယ်။ နောက်ပြီး မောရစ်စဉ်းစားတွေးတောပုံက၊ အပြုသဘောမဆန်တာ ရှိနေတယ်။ အပျက်သဘောပါတဲ့ အဆိုးမြင်အတွေး ” (Negative Thought) တွေဖြစ်နေတယ်။ အဲလိုအတွေးမျိုးကို ပြုပြင်ဖို့ ” အတွေးပြုပြင်ပေးစိတ်ကုထုံး ” (Cognitive Therapy)နဲ့ ကုသမှုခံယူနိုင်ပါတယ်။ စိတ်ကုထုံးနဲ့ မသက်သာရင်၊ စိတ်ကျရောဂါကုသဆေးကို အသုံးပြုမယ်။ ကုသရတာခက်ခဲတဲ့ စိတ်ကျရောဂါအတွက် တစ်ခြားကုထုံးတွေလည်း ရှိပါတယ်။ နောက်ပြီး စိတ်ကျဝေဒနာကို အနိုင်ယူဖို့ မောရစ်ကိုယ်တိုင် ကိုင်တွယ်ဖြေရှင်းနိုင်တဲ့ နည်းပရိယာယ် (Coping Strategies) တွေ့ ရှိပါတယ်”

“ပြောပြပါဒေါက်တာ”

“စိတ်ကျန်းမာရေးဆေးပညာရှင်တွေ ထောက်ခံညွှန်ကြားထားတဲ့ နည်းပရိယာယ်တွေကို ခြုံငုံသုံးသပ်ပြောမယ်။ ရောနှောဆက်ဆံရမယ် (Socialise)။ မိသားစုဝင်၊ ဆွေမျိုးသားချင်း ခင်မင်တဲ့ မိတ်ဆွေသူငယ်ချင်းတွေနဲ့ အဆက်မဖြတ်နဲ့။ ရင်းရင်းနှီးနှီးဆက်ဆံ။ ကိုယ့်စိတ်ဆန္ဒနဲ့ စိတ်ခံစားမှုတွေကို ရင်ဖွင့်ပြောကြား။ သူတို့ဆီက စိတ်ဓာတ်ကူညီပံပိုးမှုကိုရယူ။ အထီးကျန်နေထိုင်မှုပုံစံကို ပြောင်းလဲပေးရမယ်။ ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းလုပ် (Exercise) အိမ်ထဲမှာ အလွတ်လေ့ကျင့်ခန်း လုပ်နိုင်တယ်။ တစ်နေ့ မိနစ် ၂၀ လောက် လမ်းလျှောက်တဲ့အကျင့် စလုပ်။ ကစ်တီနဲ့အတူ လမ်းလျှောက်နိုင်ရင်းကောင်းတယ်။ နေ့စဉ် အချိ်န်ဇယားချပြီးလှုပ်ရှား (Establish Routine) တွေဝေငေးမောနေမယ့်အစား၊ နေ့စဉ်အချိန်ဇယားအတိုင်း လှုပ်ရှားဆောင်ရွက်ရမယ်။ သိမ်ငယ်စိတ်၊ အားငယ်စိတ် လျော့နည်းအောင်လှုပ်ရှား။ မိမိကိုယ်မိမိ တန်ဖိုးထားနိုင်လာအောင် လုပ်ကိုင်ဆောင်ရွက်ရမယ်။ ဥပမာ – ဝါသနာလုပ်ငန်းတစ်ခုကို စတင်သင်ယူခြင်း၊ စေတနာ့ဝန်ထမ်းလုပ်ငန်းမှာ ပါဝင်ခြင်း။ မိမိနှစ်ခြိုက်တဲ့ အလုပ်ကိုလုပ်ခြင်း။ အသစ်အဆန်းတစ်ခုကို တည်ထွင်လုပ်ကိုင်ခြင်း။ တစ်စုံပြုလုပ်ပြီး အောင်မြင်မှုရှိရင် မိမိကိုယ်မိမိ ချီးကျူးခြင်း ဆုပေးခြင်း။

အပန်းဖြေနားနေခြင်း (Relaxaton) -နေ့စဉ်အပန်းဖြေနားနေချိန် ပေးရမယ်။ စာဖတ်ခြင်း၊ သီချင်းနားထောင်ခြင်း၊ တီဗီကြည့်ခြင်း၊ အကြောပြေလျော့လေ့ကျင့်ခန်း၊ အသက်ရှူလေ့ကျင့်ခန်းလုပ်ခြင်း။ တရားထိုင်ခြင်း။

နေ့စဉ်မှတ်တမ်းရေးခြင်း (Keep A Journal) ။ နေ့စဉ်မှတ်တမ်းရေးခြင်းက စိတ်ကျန်းမာရေးအတွက် အကျိုးရှိတဲ့ ပြုမှုလှုပ်ရှားမှုဖြစ်ပါတယ်။ ပညာရှင်တိုင်းက တိုက်တွန်းအားပေးတဲ့ နည်းပရိယာယ်တစ်ခုဖြစ်တယ်။ နေ့စဉ် အတွေ့အကြုံကို ပြန်လည်မှတ်တမ်းတင်ခြင်း။ ဆန်းစစ်ဝေဖန်ခြင်း။ သင်္ခန်းစားရယူခြင်း ။ ရှေဆက်လုပ်ရမယ့် အစီအစဉ်ကို ချမှတ်နိုင်ခြင်း။ ရည်ရွယ်ချက်ပန်းတိုင်ကို အတိအကျ ဖော်ထုတ်ထားနိုင်ခြင်း စတဲ့ အကျိုးကျေးဇူးတွ ရှိရတယ်။

အတွေးဆိုးကို ချေပတိုက်ဖျက်ခြင်း (Challenging Negative Thoughts)။ နေ့စဉ်မှတ်တမ်းရေးတဲ့အချိန်မှာ၊ စိတ်ကျရောဂါ ဖြစ်ပေါ်စေတဲ့ မူမမှန်တဲ့ အပျက်သဘောပါတဲ့ အတွေးကို သတိထားလေ့လာပြီး ရေးမှတ်ရမယ်။ အဲဒီအတွေးကို ဆန့်ကျင်တဲ့ အချက်အလက်တွေကို ဆင်ခြင်စဉ်းစားရမယ်။ ချေပရေးသားရမယ်။ စိန်ခေါ်ရမယ်။

ကျွန်တော်ပြောခဲ့တဲ့ နည်းပရိယာယ်တွေက၊ ဖိစီးမှုကြောင့် စိတ်ကျရောဂါ ဖြစ်ပေါ်မလာအောင် ကာကွယ်ပေးနိုင်တယ်။ စိတ်ကျရောဂါကုသမှု ခံယူစဉ်မှာ တစ်ခြားကုထုံးတွေနဲ့ ပူးတွဲလုပ်ဆောင်ရင် ကုသမှုကို အထောက်အကူပြုတယ်။ စိတ်ကျရောဂါ သက်သာပျောက်ကင်းသွားပေမဲ့၊ အဲဒီနည်းပရိယာယ်တွေကို အလေ့အထအဖြစ် ဆက်လက်လေ့ကျင့် ဆောင်ရွက်ရင် ရောဂါပြန်လည်မဖြစ်ပွားအောင် ကာကွယ်နိုင်ပါတယ်”

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Most Popular

Healthy Life Ad
To Top