Healthy Life Ad
Life Style

မင်္ဂလာဆောင်မည့်သူတို့အတွက် ကျန်းမာရေး အကြံပြုချက်များ

ပါမောက္ခဦးကိုကို
ဆီးချိုနှင့်အထွေထွေရောဂါ အထူးကုဆရာဝန်ကြီးနှင့် တွေ့ဆုံဆွေးနွေးခြင်း

မေး. မင်္ဂလာဆောင်တော့မယ့် သတို့သား၊ သတို့သမီးလောင်းတွေက ဘယ်လို ကျန်းမာရေး စစ်ဆေးမှုတွေ ပြုလုပ်သင့်ပါသလဲ ဆရာ။

ဖြေ. အိမ်ထောင်ပြုမယ့် သူတွေက ကူးစက်ရောဂါတွေ ရှိသလား၊ မျိုးရိုးလိုက်တတ်တဲ့ ရောဂါတွေ ရှိသလားဆိုတာတွေ သိအောင် စစ်ဆေးသင့်ပါတယ်။ အထူးသဖြင့် လိင်ကတဆင့် ကူးစက်တတ်တဲ့ ရောဂါတွေကို စစ်ဆေး ထားသင့်ပါတယ်။ ရောဂါအများစုက ရောဂါလက္ခဏာ ဘာမှမပြဘဲ ပိုးရှိနေတာမျိုး ဖြစ်နိုင်လို့ပါ။ ဥပမာ အသည်းရောင် အသားဝါ ဘီပိုးဆိုရင် နုချိန်မှာ ရောဂါလက္ခဏာ မပြတတ်ပါဘူး။ လိင်ကတစ်ဆင့် ကူးစက်တတ်တဲ့ ရောဂါတွေဆိုတာ ဆစ်ဖလစ် ရောဂါ(Syphilis)၊ ဂနိုဆီးပူညောင်းကျ ရောဂါ (Gonorrhea) ၊ ကလာမိုင်ဒီးယား(Chlamydia)၊ လိင်အင်္ဂါမှာ ပေါက်တဲ့ ရေယုန် (Herpes Simplex Virus)၊ ထရွိုင်ကိုမိုးနပ်စ် (Trichomoniasis)၊ ရှန်ကာရွိုက် (Chancroid)၊ တင်ပါးဆုံတွင်း အင်္ဂါတွေရောင်တာ (Pelvic Inflammatory Disease (PID))၊ အသည်းရောင် အသားဝါဘီ (Hepatitis B)နဲ့ ခုခံအားကျ ရောဂါ (HIV/AIDS) စတာတွေ ဖြစ်ကြပါတယ်။

အိမ်ထောင်မပြုခင် သတို့သား၊ သတို့သမီးတွေက ကျန်းမာရေး စစ်ဆေးလိုက်လို့ ကိုယ့်မှာ ကူးစက်ရောဂါတွေ ရှိမှန်းသိလိုက်တာနဲ့ ဆေးကုလိုက်ရင် အိမ်ထောင်ပြုတဲ့အချိန်မှာ အိမ်ထောင်ဖက်ကို ဒုက္ခမပေးနိုင်တော့ပါဘူး။ တကယ်လို့ ရောဂါရှိမှန်းမသိဘဲ အိမ်ထောင်ပြုလိုက်ရင် ကိုယ့်အိမ်ထောင်ဖက်ကိုသာမက မွေးလာမယ့် ကလေးတွေကိုပါ ရောဂါကူးစက် စေနိုင်ပါတယ်။

မေး. လိင်ကတဆင့် ကူးစက်ရောဂါတွေ ရှိနေရင် တစ်ဦးနဲ့တစ်ဦး မကူးစက်အောင် ဘယ်လို ကာကွယ်နိုင်ပါသလဲ ဆရာ။

ဖြေ. တကယ်လို့ ဆေးစစ်လိုက်လို့ တစ်ယောက်ယောက်မှာ လိင်ကတစ်ဆင့် ကူးစက်နိုင်တဲ့ ရောဂါတွေရှိနေရင် မကူးစက်အောင် ကွန်ဒုံးအမြဲသုံးပါ။ ရောဂါလက္ခဏာရှိရင် မြန်မြန် ထိထိရောက်ရောက် ဆေးကုသမှု ခံယူသင့်ပါတယ်။ ဒါပေမဲ့ ကွန်ဒုံး (Condoms)က လိင်ကတစ်ဆင့် ကူးစက်တတ်တဲ့ ရောဂါအားလုံးကို မကာကွယ်နိုင်ပါ။ ကွန်ဒုံးမဖုံးတဲ့ အရေပြားမှာ ပေါက်နေတဲ့ လိင်အင်္ဂါ ကူးစက်ရောဂါ အနာတွေကိုတော့ မကာကွယ်နိုင်ပါဘူး။

မေး. တကယ်လို့ ကိုယ်ဝန်ဆောင်မယ်ဆိုရင်ကော ဘယ်လို အချက်တွေကို အထူးသတိ ထားသင့်ပါသလဲ ဆရာ။

ဖြေ. ကိုယ်ဝန်ဆောင်ချိန် လိင်မှတစ်ဆင့် ကူးစက်တတ်တဲ့ ရောဂါတွေရှိနေရင် အထူးသတိထားပါ။ ကလေးစောမွေးတာနဲ့ ကိုယ်ဝန်ပျက်ကျတာတွေလည်း ဖြစ်နိုင်သလို သန္ဓေသားကိုလည်း ထိခိုက်စေနိုင်ပါတယ်။ ကလေးအသေမွေးတာ၊ ပေါင်မပြည့်တဲ့ ကလေးမွေးတာ၊ ကလေးမှာ မွေးရာပါ ချို့ယွင်းချက်တွေပါတာ စသဖြင့် ဖြစ်နိုင်ပါတယ်။

မေး. အိမ်ထောင်ပြုမယ့် သတို့သမီးလောင်းတွေကို ပညာပေးလိုတဲ့ အချက်တွေရှိရင် သိပါရစေ ဆရာ။

ဖြေ. အိမ်ထောင်သားမွေး ပြုတော့မယ်ဆိုရင် လစဉ် ရာသီမှန်မှန်လာဖို့ လိုပါတယ်။ တကယ်လို့ ရာသီမမှန်ရင် သားဖွားမီးယပ် အထူးကုဆရာဝန်နဲ့ ပြပါ။ မင်္ဂလာဆောင်ရက်နဲ့ ရာသီလာမယ့်ရက် တိုက်ဆိုင်လို့ ရာသီရက် ပြောင်းချင်ရင် လုပ်ပေးနိုင်ပါတယ်။
သွေးအုပ်စုကိုလည်း စစ်ထားပြီး အထူးသဖြင့် အမျိုးသမီးတွေက Rh group ကို သိထားသင့်ပါတယ်။ သားအိမ်ခေါင်း ကာကွယ်ဆေး ထိုးထားပါ။
ကလေး မယူချင်သေးရင် အိမ်ထောင် မပြုခင်ကတည်းက သားဖွားမီးယပ် အထူးကုဆရာဝန်နဲ့ တွေ့ဆုံပြီး ဆွေးနွေး တိုင်ပင်ပါ။ ကလေး ချက်ချင်းယူဖို့ အစီအစဉ်ရှိရင်လည်း ကြိုတင် တိုင်ပင်ထားပြီး လိုအပ်တဲ့ ဖောလစ်အက်စစ်၊ အိုမီဂါ ၃၊ ဗီတာမင် E စတာတွေကို သောက်ထားပါ။

Most Popular

Healthy Life Ad
To Top