Healthy Life Ad
Health Tips

အိမ်ထောင်ပြုရာတွင် ဖျားနာခြင်းကင်းပြီး ကျန်းမာသာယာသော ချစ်ခရီးလမ်း လျှောက်လှမ်းနိုင်စေရန်

ငွေကြယ်စင်ယံ

လူတစ်ယောက်ရဲ့ ဘဝမှာ အပျော်ဆုံးနေ့တွေထဲ မင်္ဂလာဆောင်တဲ့နေ့တစ်နေ့လည်း ပါဝင်နေမှာပါ။ မင်္ဂလာရက်မြတ်ကစပြီး ဘဝတစ်လျှောက်လုံး ကိုယ်ချစ်ခင်မြတ်နိုးတန်ဖိုးထားရသူနဲ့ ရွှေလက်တွဲရတော့မှာမို့ အဲဒီနေ့ဟာ စိတ်အလှုပ်ရှားဆုံးနေ့လည်း ဖြစ်ပါတယ်။ ဒါ့အပြင် မင်္ဂလာဝတ်စုံနဲ့ အဆင်ပြေပါ့မလား၊ မိတ်ကပ်ကလှပါ့မလား၊ ဖိတ်ကြားထားတဲ့ ဧည့်ပရိသတ်နဲ့ ခန်းမ အံဝင်ခွင်ကျဖြစ်ပါ့မလား စသဖြင့် စိတ်ပူပင်မှုလည်းကြီးစွာဖြစ်နေနိုင်ပါတယ်။ တကယ်တမ်း အဲဒီအရာတွေထက် ပိုအရေးကြီးတာက သင်တို့နှစ်ဦးရဲ့ ကျန်းမာရေးပါ။ ကျန်းမာရေးကောင်းနေမှ မင်္ဂလာဧည့်ခံပွဲကျင်းပနေချိန်တစ်လျှောက်လုံး လန်းဆန်းတက်ကြွစွာ ပြုံးပြုံးရွှင်ရွှင် နှုတ်ဆက်နိုင်မှာပါ။ ဒါကြောင့် ဝါကျွတ်ကာလ မင်္ဂလာဆောင်တော့မယ်ဆိုရင် ကိုယ်ခံစွမ်းအားစနစ်ကောင်းမွန်ပြီး နာမကျန်းမှု ကင်းဝေးစေဖို့ အောက်ပါနည်းလမ်းတွေကို လိုက်နာသင့်ပါတယ်။

– အဆင်သင့်အစာများကို ရှောင်ရှားပါ

မင်္ဂလာဝတ်စုံ၊ ညနေခင်း ဂါဝန်စတာတွေနဲ့ အဆင်ပြေကြည့်ကောင်းနေစေဖို့ အာဟာရပြည့်ဝပြီး ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအသောက်တွေကို ရွေးချယ်စားပေးရပါမယ်။ တာရှည်ခံအောင် ပြုပြင်ထားတဲ့ အဆင်သင့်အစာတွေက ကိုယ်ခံစွမ်းအားစနစ်ရဲ့ လုပ်ငန်းဆောင်တာကို လျော့ကျစေတဲ့အတွက် ရှောင်ရပါမယ်။ အဲဒီအစာတွေအစား လတ်ဆတ်တဲ့ သစ်သီးဝလံနဲ့ ဟင်းသီးဟင်းရွက်တွေကို များများစားပေးရပါမယ်။ အပင်ထွက်အစာတွေက အင်တီအောက်ဆီးဒင့် ပါဝင်မှုများတဲ့အတွက် အသားအရေလှပပြီး ကျန်းမာနေစေပါတယ်။

– ကောင်းကောင်းအနားယူ အိပ်စက်ပါ

အိမ်ထောင်ပြုရမယ့် နေ့ရက်အတွက် တွေးတောပူပန်ပြီး ညညအိပ်မပျော်ဖြစ်နေပါသလား။ မင်္ဂလာဆောင်မယ့် နေ့ရက်မှာ ကျန်းမာလန်းဆန်း တက်ကြွနေဖို့ရာအတွက် တစ်ညအိပ်ချိန်ရှစ်နာရီ ရှိသင့်ပါတယ်။ အိပ်စက်အနားယူမှုက မရှိမဖြစ် အရေးကြီးပါတယ်။ လူတွေက အိပ်ရေးပျက်ရင် ပြန်အစားထိုးပြီး အိပ်လိုက်မယ်လို့ ပြောတတ်ပေမယ့် တကယ်တမ်းမှာ မထိရောက်ပါဘူး။ အကောင်းဆုံးနဲ့ အရေးပါဆုံးက နေ့တိုင်းအိပ်ချိန်နဲ့နိုးချိန်ကို တူညီအောင်ထားနိုင်မှသာ ကျန်းမာရေးက အကောင်းဆုံး ဖြစ်နေမှာပါ။

– လေ့ကျင့်ခန်းလုပ်ပြီး တက်ကြွလန်းဆန်းစွာ နေပါ

ပုံမှန် လေ့ကျင့်ခန်းလုပ်တာကြောင့် ဘက်တီးရီးယားပိုးတွေကိုတိုက်ခိုက်တဲ့ ကိုယ်ခံအားစနစ်ဆဲလ်တွေကို အားကောင်းစေပြီး အအေးမိဝေဒနာနဲ့ တုပ်ကွေးဗိုင်းရပ်စ် မဝင်အောင် တွန်းလှန်ချေဖျက်နိုင်စွမ်း ရှိသွားပါတော့တယ်။ နေမကောင်းဖြစ်နေချိန်မှာ လေ့ကျင့်ခန်းမလုပ်ပါနဲ့။

– အကျိုးပြုဘက်တီးရီးယားများ စားသုံးပါ

အကျိုးပြုဘက်တီးရီးယားတွေက အူလမ်းကြောင်း ကျန်းမာရေးကို ကောင်းမွန်စေပါတယ်။ ဒါ ကြောင့် အစာခြေလမ်းကြောင်းစနစ် ကျန်းမာပြီး အာဟာရဓာတ်တွေကို ကောင်းကောင်း စုပ်ယူနိုင်ဖို့၊ ဘက်တီးရီးယားပိုးတွေ မပွားများအောင် ကာကွယ်ဟန့်တားနိုင်ဖို့နဲ့ နာမကျန်းမှုမဖြစ်အောင် ကာကွယ်နိုင်ဖို့ ဒိန်ချဉ်၊ ကင်မ်ချီအစရှိတဲ့ အကျိုးပြုဘက်တီးရီးယားပါဝင်တဲ့ အစာတွေကို စားပေးပါ။

– စိတ်ရောကိုယ်ပါ ပေါ့ပါးလန်းဆန်းစွာ ရယ်မောပါ

မင်္ဂလာပွဲအတွက်ချည်း စိတ်ဖိစီးမှုများမနေဘဲ မင်္ဂလာဆောင်ပြီးချိန်မှာ ထွက်ဖြစ်မယ့် ဟန်းနီးမွန်း ခရီးစဉ်အတွက် ကြိုတင်စိတ်ကူးယဉ်ကာ ကြည်နူးလိုက်ပါ။ ကိုယ်ခံအားစနစ် ကောင်းမွန်အောင် တည်ဆာက်နိုင်မယ့် အရာတစ်ခုက ရယ်မောတာပဲ ဖြစ်ပါတယ်။ ရယ်မောလိုက်တာကြာင့် သင့်ကို ပြုံးပျော်ကြည်နူးစေတဲ့ အန်ဒေါ်ဖင်ဓာတ်ထွက်တိုးလာပြီး တစ်ကိုယ်လုံး သွေးစီးဆင်းမှုကောင်းလာပါလိမ့်မယ်။ ဒါ့အပြင် စိတ်ဖိစီးမှုဟော်မုန်းလျော့ကျတာ၊ ကိုယ်ခံစွမ်းအား စနစ်ကောင်းမွန်တာနဲ့ စိတ်ခံစားမှုကောင်းမွန်တာ အစရှိတဲ့ ကောင်းကျိုးတွေ ရရှိစေပါတယ်။

ဖျားချင်သလိုလို ခံစားနေရသလား

မင်္ဂလာပွဲမတိုင်မီ ဖျားချင်သလိုလို၊ နေထိုင်မကောင်းသလို ခံစားနေရရင် မာလ်တီဗီတာမင်အား ဆေးသောက်ပါ၊ သကြားက ခန္ဓာကိုယ်ကို ရောင်ရမ်းမှု ဖြစ်စေတဲ့အတွက် သကြားရှောင်ပါ၊ ရေများများ သောက်ပါ၊ အနားယူပါ၊ နွေးနွေးထွေးထွေး နေပါ၊ ကိုယ်အလေးချိန်ကို အလွန်အမင်း မလျှော့ချဘဲ အစာကို မှန်မှန် စားပေးပါ။

(Ref; Best)

Most Popular

Healthy Life Ad
To Top