Healthy Life Ad
Life Style

၀က်ခြံကြောင့် အမာရွတ်မကျန်လိုလျှင် ပြည်မဖြစ်မီ မညှစ်သင့်

အရေပြားအထူးကု ဆရာဝန်ကြီး ပါမောက္ခ ဒေါက်တာမြစန္ဒာကျော်

ဝက်ခြံကို ပြည်မဖြစ်သေးမီ ညှစ်ခြင်း၊ အရေပြား ပွန်းပဲ့သည်အထိ ညှစ်ခြင်းနှင့် နှိုက်ညှစ်ခြင်းတို့ ပြုလုပ်လျှင် ဝက်ခြံကြောင့် အမာရွတ် ထင်ကျန်တတ်ကြောင်း အရေပြားအထူးကု ဆရာဝန်ကြီး ပါမောက္ခ ဒေါက်တာမြစန္ဒာကျော်က ပြောကြားသည်။

“ဝက်ခြံပေါက်ရင် နေရောင်ကို တတ်နိုင်သမျှ ရှောင်ရပါမယ်။ နေပူထိရင် အနာကျက်နှေးပြီး ပိုးဝင်တတ်လို့ပါ။ ဝက်ခြံကို မဆိတ်ရပါဘူး၊ မပွတ်ရဘူး၊ မကုတ်ရပါဘူး၊ ဝက်ခြံပေါက်ပြီးဖြစ်လာတဲ့ အနာဖေးကို မခွာရပါဘူး”ဟု ဒေါက်တာမြတ်စန္ဒာကျော် က ဆိုသည်။

ဝက်ခြံအမာရွတ်ဖြစ်လျှင် သီးသန့်ဆေးကုသရန် လိုအပ်ကြောင်း၊ အချို့ဝက်ခြံများ ပျောက်ပြီး ကျန်ခဲ့သည်မှာ အမာရွတ်မဟုတ်ဘဲ အရေပြားက ရောင်ရမ်းပြီး မည်းကျန်ခဲ့ခြင်းဖြစ်ကြောင်း၊ ထိုအရေပြားမည်းခြင်းမှာမူ ၆ လမှ ၁နှစ်ကျော်လျှင် ပျောက်သွားတတ်ကြောင်း သိရသည်။

အရေပြားကနေ ရောင်ရမ်းစေတဲ့ ပစ္စည်းတွေက အနာဖြစ်နေစဉ် ထွက်လာပါတယ်။ အဲဒီအခါ အရေပြားရဲ့ ရောင်ခြယ်မှုန်ထုတ်တဲ့ဆဲလ် မယ်လနိုဆိုက်ကို ပိုအလုပ်များစေတဲ့အတွက် ရောင်ခြယ်မှုန် ပိုထွက်လာပါတယ်။ ရောင်ခြယ်မှုန်တွေက အရေပြားအောက်လွှာအထိ ကျဆင်းသွားတဲ့အခါမှာတော့ အနာဖြစ်ပြီး အရေပြားထိခိုက်တာကြောင့် အမည်းရောင်၊ အညိုရောင် ဖြစ်လာပါတော့တယ်။ အသားညိုသူ၊ မည်းသူတွေမှာ ပိုဆိုးတတ်ပါတယ်။ ပြီးတော့ နေရောင်နဲ့ ထိတွေ့တာ၊ ထိခိုက်ဒဏ်ရာရတာ၊ အရေပြား ရောင်ရမ်းတာ၊ ဆေးတချို့ (ဥပမာ တက်ထရာဆိုက်ကလင်း) သောက်တာတွေကြောင့် ပိုဆိုးတတ်ပါတယ်” ဟု ဒေါက်တာမြတ်စန္ဒာကျော်က ဆိုသည်။

ဝက်ခြံကြောင့် အမာရွတ်မကျန်စေရန် နေရောင်ခြည်ကို တတ်နိုင်သမျှ ရှောင်ခြင်း၊ နေကာခရင်မ်လိမ်းခြင်းနှင့် ဆရာဝန်ထံပြသကာ သင့်တော်သော ဆေးလိမ်းခြင်းတို့ ပြုလုပ်ရန်လိုအပ်ကြောင်း သိရသည်။

Most Popular

Healthy Life Ad
To Top