Healthy Life Ad
Life Style

ကိုယ်ဝန်ဆောင်စဉ် ယားယံလွန်းသော ဝေဒနာခံစားရလျှင်

၊ ဇွန်ခိုင်ဦး (ဆေးဝါးတက္ကသိုလ်) ၊

ကိုယ်ဝန်ဆောင်စဉ် ယားယံတာက ကိုယ်ဝန် တတိယသုံးလပတ်အတွင်း ဖြစ်လေ့ရှိပြီး တစ်ခါတစ်ရံမှသာ စောစောဖြစ်တတ်ပါတယ်။ ကိုယ်ဝန်ဆောင်စဉ် လက်တွေနဲ့ ခြေထောက်တွေ အပြင်းအထန်ယားယံတဲ့ ဝေဒနာဖြစ်တာကြောင့် စိတ်အနှောင့်အယှက် ကြီးစွာဖြစ်ရတဲ့ အခြေအနေပါ။ ဒီဝေဒနာဖြစ်ရင် ညဘက်မှာ ပိုဆိုးတဲ့အတွက် အိပ်မပျော်နိုင်လောက်အောင် ပင်ပန်းရပါမယ်။ ကိုယ်ဝန်ဆောင်စဉ် ယားယံတဲ့ ဝေဒနာဖြစ်ရင် ကိုယ်ဝန်ဆောင်မိခင်တွေရဲ့ကျန်းမာရေးကို မထိခိုက်စေရင်တောင်မှ ဗိုက်ထဲက ဖွံ့ဖြိုးနေတဲ့ သန္ဓေသားအပေါ် အန္တရာယ်ကင်းတယ်လို့ မဆိုနိုင်တာကြောင့် မျှော်မှန်းထားတာထက် စောစောမွေးဖို့ ဆရာဝန်တွေက အကြံပြုလေ့ရှိကြပါတယ်။

ဒီအခြေအနေဟာ သည်းခြေရည် ကမောက်ကမ ဖြစ်ရလို့ပါ။ ပုံမှန်အားဖြင့် သည်းခြေရည်ကို အသည်းကနေထုတ်ပြီး သည်းခြေအိတ်ထဲမှာ သိုလှောင်ပေးပါတယ်။ အစာခြေလမ်းကြောင်းက အဆီကိုချေဖျက်ဖို့ လိုအပ်တဲ့အခါတိုင်း အူသိမ် (Duodenum)ထဲ ရောက်ရှိလာပါတယ်။ ကိုယ်ဝန်ဆောင်စဉ် သည်းခြေဆားတွေက သွေးကြောထဲ စုပုံပြီး သည်းခြေလမ်းကြောင်းကတစ်ဆင့် အူသိမ်ထဲ မရောက်နိုင်တဲ့ အခြေအနေမှာ ယားယံတဲ့ဝေဒနာ ဖြစ်တတ်ပါတယ်။

*လက္ခဏာများ*

ကိုယ်ဝန်ဆောင်စဉ် ယားယံတဲ့ဝေဒနာ ဖြစ်ပေါ်တဲ့အခါ စိတ်အနှောင့်အယှက်အဖြစ်ရဆုံး လက္ခဏာက အလွန်အမင်းယားယံတာပါ။ လက်ဖဝါးနဲ့ ခြေဖဝါးတွေမှာ ယားယံလေ့ရှိပြီး တချို့အမျိုးသမီးတွေမှာ တစ်ကိုယ်လုံး ယားယံတဲ့ဝေဒနာ ခံစားရတတ်ပါတယ်။ ညနေခင်းတွေမှာ ယားယံတဲ့ ဝေဒနာကို ပိုမိုခံစားရတာကြောင့် ညဘက်မှာ ကောင်းကောင်း အိပ်မပျော်နိုင်ပါဘူး။ ယားယံတဲ့ ဝေဒနာအပြင်-

– အသားဝါတာ (အရေပြားနဲ့ မျက်ဝန်းရှိ အဖြူရောင်အပိုင်း ဝါတာ)၊

– အစာစားချင်စိတ် မရှိတာ၊

– ပျို့ချင် အန်ချင်ဖြစ်တာ စတဲ့ ဝေဒနာတွေလည်း ခံစားရတတ်ပါတယ်။

*ကုသမှုနှင့် အိမ်တွင်းကုထုံးများ*

ယားယံတဲ့ ဝေဒနာသက်သာရာရအောင် ဦးစား ပေးကုသရမှာ ဖြစ်ပါတယ်။

– ကလေးကို စောစော မွေးပါ

ကိုယ်ဝန်ဆောင်စဉ် ယားယံတဲ့ဝေဒနာ ခံစားရလွန်းရင် သန္ဓေသားအတွက် အန္တရာယ် ဖြစ်စေနိုင်ပါတယ်။ အဲဒီအခါ ကလေးကို ဖြစ်နိုင်သမျှ စောစောမွေးဖို့ ဆရာဝန်တွေက အကြံပြုလေ့ရှိပါတယ်။ ယေဘုယျအားဖြင့် ကိုယ်ဝန် ၃၇ ပတ်ဝန်းကျင်မှာ ကလေးမွေးဖို့ အကြံပြုကြပါတယ်။

– သည်းခြေဆား လျော့ကျစေမည့် ဆေးဝါးမှီဝဲပါ

ကိုယ်ဝန်ဆောင်မိခင်ရဲ့ သွေးထဲမှာ သည်းခြေဆားပမာဏ လျော့ကျစေဖို့ သင့်တော်တဲ့ ဆေးဝါးကို ဆရာဝန်တွေက ညွှန်ကြားလေ့ရှိပါတယ်။ သွေးထဲက များလွန်းနေတဲ့ သည်းခြေဆားပမာဏ လျော့ကျသွားရင် ယားယံလွန်းတဲ့ဝေဒနာ သက်သာသွားမှာပါ။

– ကြက်သီးနွေးရေ ချိုးပါ

ကိုယ်ဝန်ဆောင်စဉ် ယားယံလွန်းတဲ့ ဝေဒနာခံစားနေရတဲ့ အမျိုးသမီးအများစုဟာ ကြက်သီးနွေး ရေချိုးလိုက်တာကြောင့် ဝေဒနာအတန်အသင့် သက်သာသွားမှာပါ။ ကြက်သီးနွေးရေထဲမှာ မိနစ်အနည်းငယ် စိမ်ချိုးပေးရင် သက်သာနိုင်ပေမယ့် ရေပူနဲ့ချိုးတာကိုတော့ ရှောင်ရပါမယ်။

– အပျော့စား ဆပ်ပြာသုံးပါ

အနံ့မပါတဲ့ အပျော့စားဆပ်ပြာနဲ့ ရေချိုးပေးမှသာ ယားယံတဲ့ဝေဒနာ သက်သာမှာပါ။

– ရေခဲဝတ်ကပ်ပါ

ယားယံလွန်းတဲ့ အရေပြားနေရာပေါ် ရေခဲဝတ် ကပ်ပေးတာကြောင့် ဝေဒနာသက်သာရာ ရနိုင်ပါတယ်။ အထူးသဖြင့် လက်ဖဝါး၊ ခြေဖဝါးနဲ့ ခန္ဓာကိုယ်တချို့နေရာတွေမှာ ရေခဲဝတ် ကပ်ပေးပါ။

– ကလမင်းလိုးရှင်း လိမ်းပါ

နေလောင်တာ၊ ရေကျောက် ပေါက်တာ၊ အင်းဆက်ပိုးမွှား အကိုက်ခံရတာ၊ အရေပြား နီမြန်းတာ စတဲ့ အရေပြားယားယံပြီး စပ်ဖျဉ်းဖျဉ်းခံစားရတဲ့ ဝေဒနာတွေအတွက် ကလမင်းလိုးရှင်း (Calamine Lotion)က အသုံးဝင်ပါတယ်။ ဂျုံမှုန့်ကို ရေနဲ့ စေးပျစ်အောင်ဖျော်ပြီး လိမ်းပေးရင်လည်း အယား သက်သာစေပါတယ်။

– အပျော့စား ဆပ်ပြာနှင့် အဝတ်လျှော်ပါ

အဝတ်အစား၊ တဘတ်၊ အိပ်ရာခင်း စတာတွေကို လျှော်ဖွပ်ရာမှာ အပျော့စား ဆပ်ပြာသုံးပြီး လျှော်မှသာ အရေပြားယားယံတဲ့ ဝေဒနာ သက်သာမှာပါ။

– အရောင်ဖျော့ဖျော့ အဝတ်အစားကို ချောင်ချောင်ချိချိ ဝတ်ဆင်ပါ

အရေပြားကို အေးမြအောင် ထားပေးတာက ယားယံတဲ့ဝေဒနာကို သက်သာစေပါတယ်။ ဒါကြောင့် အရောင်ဖျော့ဖျော့ ချည်သားဝတ်စုံကို ခပ်ပွပွ ဝတ်ပေးပါ။

– တစ်ရေး အိပ်စက်အနားယူပါ

ယားယံတဲ့ ဝေဒနာက ကိုယ်ဝန်ဆောင် မိခင်တွေအတွက် ညဘက်မှာ ပိုဆိုးတာကြောင့် အိပ်ရေးပျက်တတ်ပါတယ်။ တစ်နေ့လုံး မကြာခဏ တစ်ရေးအိပ်စက် အနားယူပေးမှသာ သက်သာသွားမှာပါ။

(Ref;RD)

Most Popular

Healthy Life Ad
To Top