Healthy Life Ad
Life Style

သုတ်ပိုးသေခြင်း သို့မဟုတ် မရွေ့လျားနိုင်ခြင်း (Necrozoospermia)

၊ ဦးမိုး ၊

အမျိုးသားတစ်ဦး သုတ်လွှတ်လိုက်တဲ့အခါ ထွက်ရှိလာတဲ့ သုတ်ပိုးတွေအားလုံး သေနေတာ ဒါမှမဟုတ် မရွေ့လျားနိုင်တာကို Necrozoospermia လို့ ခေါ်ပါတယ်။

ရောဂါရှာဖွေခြင်း
အမျိုးသားတစ်ဦးမှာ Necrozoospermia ဆိုတဲ့ အခြေအနေရှိသလား၊ မရှိဘူးလားဆိုတာ သိရှိနိုင်ဖို့ သင့်တော်တဲ့ ရောဂါရှာဖွေမှု လုပ်ရပါမယ်။ ဓာတ်ခွဲခန်းမှာ သုတ်ပိုးထည့်တဲ့ခွက်နဲ့ လက်ကို သန့်စင်အောင်ဆေးပြီး သုတ်ရည်ခံယူကာ စစ်ဆေးရမှာ ဖြစ်ပါတယ်။

အဖြစ်များသော အကြောင်းရင်းများ
သုတ်ရည်နမူနာကို ဓာတ်ခွဲခန်းမှာ စစ်ဆေးပြီးတဲ့အခါ Necrozoospermia ဖြစ်ကြောင်း အတည်ပြုနိုင်ပြီဆိုရင် ဖြစ်ရတဲ့ပြဿနာရဲ့ အခြေခံအကြောင်းရင်းကို စစ်ဆေးရပါမယ်။ အဖြစ်များတဲ့ အကြောင်းတွေကတော့-

(၁) ကူးစက်ပိုးဝင်ခြင်းနှင့် ရောင်ရမ်းမှု့ဖြစ်စေသည့် အခြေအနေများ
ကူးစက်ပိုးဝင်တဲ့အခါ သုတ်ပိုးတွေ ရှင်သန်ဖို့ လိုအပ်တဲ့ အာဟာရဓာတ်တွေကို ကူးစက်ပိုးတွေက စုပ်ယူ စားသုံးသွားတတ်ပါတယ်။ အဲဒီအခါ ပုံမှန ်စံအဆင့်မဟုတ်တော့ဘဲ ဆီးကျိတ်ရောင်ရမ်းတာ နဲ့ ဝှေးစေ့တစ်ဖက် ဒါမှမဟုတ် နှစ်ဖက်စလုံး ရောင်ရမ်းတာတို့ ဖြစ်တတ်ပါတယ်။ အဲဒီ့လို အခြေအနေဖြစ်ရင် Necrozoospermia ဖြစ်တတ်ပါတယ်။

(၂) ဆီးကျိတ်အရည် လျော့နည်းခြင်း
ဆီးကျိတ်အရည်ဆိုတာ ဆီးကျိတ်ဂလင်းက ထုတ်လိုက်တဲ့ အယ်လ်ကာလိုင်းဂုဏ်သတ္တိ အနည်းငယ်ရှိတဲ့ အရည်တစ်မျိုးပါ။ သုတ်ရည် တစ်စိတ်တစ်ပိုင်းဖြစ်ပြီး သုတ်ရည်ရဲ့ ၃၀ ရာခိုင်နှုန်းက ဆီးကျိတ်ရည်တွေပါ။ ဆီးကျိတ်အရည် လျော့ကျလာတဲ့အခါ သုတ်ပိုးဆဲလ်အများစုက ပျော်ဝင်ဖို့ ခက်ခဲသွားတတ်ပါတယ်။ အဲဒီ့အခါ သုတ်ပိုးတွေရဲ့ လှုပ်ရှားမှု့ လျော့ကျတာ ဒါမှမဟုတ် သုတ်ပိုးတွေ သေဆုံးတာတို့ ဖြစ်တတ်ပါတယ်။

(၃) ပုံမှန်မဟုတ်သော သုတ်ကောင်တို့ များလွန်းခြင်း
သုတ်လွှတ်လိုက်တိုင်း သုတ်ပိုး ၅၀ ရာခိုင်နှုန်းကျော် ပါရှိနေတာကို ဆေးပညာအရ ပုံမှန်မဟုတ်တဲ့ သုတ်ပိုးတွေလို့ ခေါ်ပါတယ်။ ယေဘုယျအားဖြင့် ပုံမှန်မဟုတ်တဲ့ သုတ်ပိုးတွေက ပုံမှန်ကျန်းမာတဲ့ သုတ်ပိုးတွေထက် အသက်ရှင်နိုင်ခြေ ပိုနည်းပါတယ်။

(၄) သုတ်ကောင် လှုပ်ရှားနိုင်စွမ်း ထိခိုက်ခြင်း
သုတ်ပိုးတွေ စွမ်းအင်ရမယ့် အဓိက အရင်းအမြစ်က ဖရက်တို့စ်ပါ။ ဖရက်တို့စ် အလုံအလောက်ရှိမှသာ သုတ်လွှတ်လိုက်တဲ့အခါ ထွက်လာတဲ့ သုတ်ပိုးတွေ စွမ်းအင်ကောင်းကောင်းရရှိပြီး အသက်ရှင်ကာ လှုပ်ရှား ကူးခတ်နိုင်စွမ်းရှိမှာ ဖြစ်ပါတယ်။ ဖရက်တို့စ် ချို့တဲ့ရင် သုတ်ကောင် ကူးခတ်နိုင်စွမ်း လျော့ကျရုံသာမက သုတ်ပိုးတွေ သေဆုံးနှုန်းလည်း မြင့်မားတတ်ပါတယ်။ ဗီတာမင် E ချို့တဲ့ရင်လည်း သုတ်ပိုးတွေရဲ့ ကူးခတ်နိုင်စွမ်းကို ထိခိုက်စေနိုင်ပါတယ်။

ကုထုံး
Necrozoospermia ကို ဘယ်လိုကိုင်တွယ် ထိန်းချုပ်ရင် အကောင်းဆုံးဖြစ်မလဲဆိုတာ ကျွမ်းကျင်သူတွေ မသိသေးပါဘူး။ ဖြစ်ရတဲ့ အခြေခံအကြောင်းရင်းကို ရှာဖွေပြီး ကုသမှုပေးလေ့ရှိပါတယ်။ ဥပမာ သုတ်ပိုးဆဲလ်သေရတာက ဆီးကျိတ်ရောင်တာနဲ့ ဝှေးစေ့ရောင်တာကြောင့်ဖြစ်ရင် အဲဒီ့ရောင်ရမ်းတဲ့ ပြဿနာတွေကို အရင်ဆုံး ကုသမှုပေးရပါမယ်။ ဒါ့အပြင် ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအသောက်စားလိုက်ရင် သုတ်ပိုးတွေဆီ သင့်တော်တဲ့ အာဟာရဓာတ်တွေ ရောက်ရှိပြီး အချိန်ကြာကြာ ရှင်သန်ကူးခတ်နိုင်စွမ်း ရှိနေမှာပါ။

(Ref;HD)

Most Popular

Healthy Life Ad
To Top