———၊ စူး (ဆေးဝါးတက္ကသိုလ်) ၊———
သွေးခဲအန္တရာယ်၊ နှလုံးရောဂါဖြစ်တာ၊ အရေးကြောင်းဖြစ်တာနဲ့ ကင်ဆာစတဲ့ အဖြစ်များတဲ့ ရောဂါဝေဒနာတွေကို ကာကွယ်တွန်းလှန်နိုင်ဖို့ သင့်မီးဖိုချောင်ထဲက အစာတွေကို မေ့မထားသင့်ပါ။
ခရမ်းချဉ်သီး – သွေးခဲဖြစ်နှုန်းကို လျော့ကျစေနိုင်
ခရမ်းချဉ်သီးမှာ အင်တီအောက်ဆီးဒင့် လိုင်ကိုပင်းဓာတ် ပါဝင်တဲ့အတွက် သွေးခဲဖြစ်နှုန်း လျော့ကျမှုနဲ့ ဆက်စပ်နေပါတယ်။ အမျိုးသား တစ်ထောင်ဦးကို ၂၀၁၂ လေ့လာမှုအရ သွေးထဲမှာ လိုင်ကိုပင်းအဆင့် မြင့်မားသူတွေဟာ လေဖြတ်နိုင်ခြေ အနည်းဆုံးဖြစ်တယ်လို့ တွေ့ရှိခဲ့ရပါတယ်။ ခရမ်းချဉ်သီးဟင်းမှာ လိုင်ကိုပင်းဓာတ် ပိုမိုပါဝင်ပြီး ခန္ဓာကိုယ်က လိုင်ကိုပင်းစုပ်ယူမှုကို သိသိသာသာ ကောင်းမွန်စေပါတယ်။ ခရမ်းချဉ်သီးဟင်း အနှစ်တစ်ခွက်စာ ပမာဏမှာ လိုင်ကိုပင်းဓာတ် ၁၆ ဂရမ် ပါဝင်ပါတယ်။
အခွံမာသီး – နှလုံးရောဂါအန္တရာယ် လျှော့ချနိုင်
တစ်နေ့မှာ အခွံမာသီး လက်တစ်ဆုပ်စာပမာဏ စားတဲ့သူတွေက သိပ်စားလေ့မရှိသူတွေထက် အသက်ရှည်ရှည်နေရကြောင်း နယူးအင်္ဂလန်ဆေးဂျာနယ်ရဲ ့ လေ့လာမှုအရ သိရပါတယ်။ အခွံမာသီးတွေဟာ သွေးတွင်းသကြားဓာတ်ကို မြင့်တက်မှုမဖြစ်စေနိုင်ဘဲ အမျှင်ဓာတ်ပါဝင်တာကြောင့် သွေးတွင်းကိုလက်စထရောအဆင့် လျော့ကျကာ နှလုံးရောဂါအန္တရာယ်ကို လျော့ကျစေပါတယ်။
ကိုက်လန် – မျက်စိကို နေရောင်ကြောင့် ထိခိုက်မှုမဖြစ်စေရန် ကာကွယ်နိုင်
ကိုက်လန်မှာ လူတင်ဓာတ် များစွာပါဝင်ပါတယ်။ လူတင်ဟာ မျက်စိကို ခရမ်းလွန်ရောင်ခြည်ကြောင့် ထိခိုက်မှုမဖြစ်အောင် ကာကွယ်ပေးပါတယ်။ လူတင်ပမာဏများများ ရယူတာကြောင့် အသက်ကြီးတာနဲ့ ဆက်စပ်နေတဲ့ မက်ကူလာယိုယွင်းမှုဖြစ်နှုန်းကို လျော့ကျစေပါတယ်။
ဘလက်ဘယ်ရီသီး – သွေးစီးဆင်းမှုကို ကောင်းမွန်စေနိုင်
ဘလူးဘယ်ရီသီးမှာ အင်တီအောက်ဆီးဒင့်များများ ပါဝင်တဲ့အတွက် ခန္ဓာကိုယ်ထဲက ဆဲလ်တွေကို ထိခိုက်မှုမဖြစ်အောင် ကာကွယ်ပေးပါတယ်။ ဒါ့အပြင် သွေးလွှတ်ကြောတွေကို ပျော့ပျောင်းစေပြီး သွေးစီးဆင်းမှုကောင်းကာ နှလုံးကျန်းမာစေပါတယ်။
ပဲနီစေ့ – အိုမင်းမှုကို တားဆီးပေးနိုင်
ပဲနီစေ့မှာ ပိုတက်ဆီယမ်၊ မဂ္ဂနီဆီယမ်နဲ့ သံဓာတ်တို့ များစွာပါဝင်တာကြောင့် စွမ်းအင်အဆင့်မြင့်တက်စေပြီး သွေးဖိအားကို ပုံမှန်ရှိစေကာ အစာခြေစနစ်ကို ကောင်းကောင်းအလုပ်လုပ်စေပါတယ်။ ပဲနီစေ့မှာ ပျော်ဝင်တဲ့ အမျှင်ဓာတ်ပါဝင်တာကြောင့် ကိုလက်စထရောနဲ့ပေါင်းပြီး ခန္ဓာကိုယ်ထဲက စွန့်ထုတ်ပေးနိုင်ပါတယ်။
သံလွင်ဆီ – အရေးကြောင်း လျော့နည်းစေနိုင်
စားတဲ့အစာထဲမှာ သံလွင်ဆီ၊ ပဲနီစေ့နဲ့ ဟင်းသီးဟင်းရွက်တွေ များများပါဝင်လေလေ၊ အရေးကြောင်းထင်နှုန်း လျော့နည်းလေလေ ဖြစ်ပါတယ်။ နေရောင်ခြည်ထိတွေ့မှုနဲ့ မျိုးဗီဇအပြင် သံလွင်ဆီကလည်း အရေးကြောင်းထင်တာနဲ့ ဆက်နွှယ်မှုရှိတယ်လို့ သိရပါတယ်။ သံလွင်ဆီမှာ မပြည့်ဝဆီပါဝင်တဲ့အတွက် အရေပြားဆဲလ်ရဲ ့ တည်ဆောက်ပုံအတွက် အရေးပါပါတယ်။
ပဲပုပ်စေ့ – ကင်ဆာကို ကာကွယ်ပေးနိုင်
ပဲပုပ်စေ့ဟာ ကင်ဆာတွန်းလှန်နိုင်တဲ့ အစာတစ်မျိုးပါ။ တိုဟူးလို ပဲပုပ်စေ့နဲ့လုပ်ထားတဲ့ အစာတွေမှာ စပင်ဂိုလစ်ပွိုက်ဓာတ် ပါဝင်တာကြောင့် ဆဲလ်ကြီးထွားမှုကို ထိန်းညှိပေးပြီး ပုံမမှန်ဆဲလ်တွေကို ဖျက်ဆီးပေးနိုင်ပါတယ်။ ပဲပုပ်စေ့မှာပါတဲ့ စပိုနင်ဓာတ်ဟာ ကင်ဆာအကျိတ်ဆီ အောက်ဆီဂျင်နဲ့ အာဟာရထောက်ပံ့ပေးတဲ့ သွေးကြောတွေကို ကြီးထွားမှုမဖြစ်အောင် ကာကွယ်ပေးပါတယ်။
မုန်လာဥနီ – ကိုယ်ခံအားစနစ် မြင့်တက်စေနိုင်
မုန်လာဥနီမှာ ဘီတာကယ်ရိုတင်းများစွာ ပါဝင်တဲ့အတွက် မကောင်းတဲ့ ဖရီးရယ်ဒီကယ်တွေကို တွန်းလှန်ပေးပါတယ်။ မကောင်းတဲ့ ဖရီးရယ်ဒီကယ်တွေက ဆဲလ်တွေထိခိုက်တာ၊ အရေပြားအိုမင်းတာနဲ့ သွေးလွှတ်ကြောတွေ တင်းမာတာတို့ဖြစ်ကာ ကင်ဆာလို ရောဂါတွေဖြစ်စေနိုင်ပါတယ်။ ဘီတာကယ်ရိုတင်းဟာ ခန္ဓာကိုယ်ထဲမှာ ဗီတာမင်အေအဖြစ် ပြောင်းလဲပြီး ကိုယ်ခံအားစနစ်ကို မြင့်တက်လာစေပါတယ်။ သရက်သီးလို လိမ္မော်ရောင်နဲ့ အနီရောင် သစ်သီးဝလံတွေမှာလည်း အလားတူအာနိသင်ရှိပါတယ်။
ကြက်သွန်နီ – ရောင်ရမ်းမှုလျော့ကျစေနိုင်
အင်တီအောက်ဆီးဒင့် ကွာစီတင်ပါဝင်တဲ့ ကြက်သွန်နီဟာ ရောင်ရမ်းမှုကို ဟန့်တားနိုင်စွမ်း ရှိပါတယ်။ နာတာရှည်ရောင်ရမ်းမှုကြောင့် ကိုယ်အလေးချိန်များတာ၊ သွေးတွင်းသကြားဓာတ် မြင့်တက်တာနဲ့ ဆဲလ်တွေထိခိုက်တာတို့ကို ဖြစ်စေနိုင်ပါတယ်။
(Ref; DM)