Healthy Life Ad
Health Tips

Air fryer ဖြင့် ဟင်းလျာကြော်လှော်ခြင်း၏ အကောင်းအဆိုး

——-၊ ဒေါက်တာဒေါ်ဝင်းဝင်းမြင့် (အာဟာရဆိုင်ရာ အထူးကုဆရာဝန်ကြီး) ၊———-

အခုနောက်ပိုင်းမှာ Air fryer ကို အိမ်ရှင်မတော်တော်များများသုံးပြီး ဟင်းလျာတွေ ပြင်ဆင်လာကြပါတယ်။ ဆီတွေအများကြီးနဲ့ ကြော်စားတာနဲ့ စာရင် ကျန်းမာရေးနဲ့ ပိုညီညွတ်အောင်ဆိုပြီး Air fryer ကို ထုတ်လိုက်တာပါ။ လေနဲ့အပူပေးပြီး ကြော်တဲ့နည်းကို သိပ္ပံပညာရှင်တွေက တီထွင်လိုက်တာ ဖြစ်ပါတယ်။

အသား၊ ငါး စတာတွေကို ဆီနဲ့ကြော်တဲ့အခါမှာ Acrylamide လို့ခေါ်တဲ့ ဒြပ်ပေါင်းတွေရတယ်။ ဒီဒြပ်ပေါင်းတွေများလာရင် ကင်ဆာဖြစ်နှုန်း မြင့်တက်စေပါတယ်။ ဒါကို လျှော့ချင်တဲ့အတွက် Air fryer ဆိုတဲ့ လေကြော်စက်အစားထိုးလာတာ ဖြစ်တယ်။ အဲဒီအခါမှာ Acrylamide ဒြပ်ပေါင်းရရှိမှုက လျော့သွားပါတယ်။ ဥပမာ-ကြက်ကြော်ကို ဆီထဲနှစ်ပြီးကြော်တာထက် လေနဲ့ကြော်တာဆိုရင် လေနဲ့ကြော်တဲ့အခါ ဆီပါဝင်နှုန်းကအဆ ၂၀ နီးပါးလျော့သွားတာကို တွေ့ရပါတယ်။ ဒါကတော့ ကျန်းမာရေးနဲ့ ညီညွတ်တဲ့အချက်ပါ။ ဆီသုံးရတာနည်းတော့ ကယ်လိုရီနည်းသွားတာမှန်ပါတယ်။ ဝိတ်ချချင်တဲ့သူတွေဆိုရင်လည်း အထောက်အကူတော့ ပြုပါတယ်။

ဒါပေမဲ့ Air fryer နဲ့ ကြော်တာပဲ၊ ကျန်းမာရေးနဲ့ညီတယ်ဆိုပြီး အများကြီးစားနေရင်တော့ ကယ်လိုရီရရှိမှုက များနေမှာပါပဲ။ ဝိတ်ချချင်တဲ့သူတွေက လေနဲ့ကြော်တာပဲဆိုပြီး အာလူးကြော်ကို နေ့တိုင်းစားနေတာမျိုးဆိုရင်တော့ ကယ်လိုရီများသွားမှာပဲ ဖြစ်ပါတယ်။

အရင်က ကြက်ကြော်ဆိုရင် ဆီနဲ့အများကြီး နှစ်ကြော်ကြတယ်။ ကြက်ကင်ဆိုလည်း မီးသွေးမီးနဲ့ကင်တော့ ဟိုက်ဒရိုကာဗွန်ဖြစ်လာတယ်။ အဲဒါက ကင်ဆာဖြစ်စေတဲ့အတွက် Air fryer နဲ့ ကြက်ကင်လုပ်ကြတယ်။ အဲဒီအခါ Acrylamide ဒြပ်ပေါင်းရရှိမှုက နည်းသွားတာမှန်ပါတယ်။ ဒါပေမဲ့ Polycyclic ဆိုတဲ့ ဒြပ်ပေါင်းကတော့ နဂိုအတိုင်းပဲ ကျန်ရှိနေသေးတယ်လို့ သုတေသနတွေအရ သိရပါတယ်။ အသားကို အပူချိန်အများကြီးနဲ့ အပူပေးတဲ့အခါ ထွက်လာတဲ့ဒြပ်ပေါင်းကို Polycyclic လို့ခေါ်ပါတယ်။ ဒါကြောင့် Air fryer နဲ့ ကြော်လှော်စားသောက်တဲ့အခါ ကင်ဆာဖြစ်နှုန်း တကယ်ကျစေသလားဆိုတာကတော့ လေ့လာဖို့ နှစ်တွေအများကြီး စမ်းသပ်ဖို့ လိုပါသေးတယ်။

ဒါကြောင့် Air fryer နဲ့ ကြော်လှော်စားတာကို စားပါ။ ဒါပေမဲ့ နေ့တိုင်း အသားတွေအများကြီးကို နေ့တိုင်း Air fryer နဲ့ ကြော်လှော်စားတာကတော့ မသင့်တော်ပါဘူး။ အသားကို စွပ်ပြုတ်ချက်စားတာ၊ အသားပြုတ်ပြီး အရွက်တွေနဲ့ သုပ်စားတာမျိုးကိုလည်း လုပ်ပေးဖို့၊ Air fryer နဲ့ ကြော်လှော်စားတဲ့အခါ ဟင်းခတ်အမွှေးအကြိုင်များများ ထည့်ချက်ဖို့နဲ့ အစာအုပ်စုသမမျှတအောင်စားဖို့ အကြံပေးချင်ပါတယ်။

Most Popular

Healthy Life Ad
To Top