———၊ မီမိုး (ဆေးဝါးတက္ကသိုလ်) ၊———
မှတ်ဉာဏ်ဆိုတာ လူတွေနဲ့အတူ တွဲပါနေတဲ့ ဒိုင်ယာရီစာအုပ်ပဲ ဖြစ်ပါတယ်။ အဲဒီစာအုပ်ထဲမှာ လေ့လာသင်ယူထားတဲ့ အရာတွေရှိပါတယ်။ မှတ်ဉာဏ်ကောင်းမွန်စေတဲ့ သိပ္ပံနည်းကျ လေ့လာမှုနည်းလမ်းတွေကို ဆရာဝန်တွေ အတည်ပြုထား၊ လက်ခံထားတဲ့အချက်တွေ ဖော်ပြပေးလိုက်ပါတယ်။
(၁) အေရိုးဗစ်လေ့ကျင့်ခန်း
လွန်ခဲ့တဲ့နှစ်က ပြုလုပ်ခဲ့တဲ့ လေ့လာမှုတစ်ရပ်အရ အသက် ၅၀ ကျော်အရွယ်တွေအနေနဲ့ အေရိုးဗစ်လေ့ကျင့်ခန်းကို ခြောက်ပတ်ကြာ ပြုလုပ်ပြီးချိန်မှာ မှတ်ဉာဏ်သိသိသာသာ ကောင်းမွန်လာတယ်လို့ သိရပါတယ်။ “အေရိုးဗစ်လေ့ကျင့်ခန်း ပြုလုပ်တာက ဦးနှောက်ရဲ့ အရှေ ့ပိုင်းနေရာကို သွေးလှည့်ပတ်မှု ကောင်းစေတာကြောင့် မှတ်ဉာဏ်ကို သိသိသာသာ ကောင်းမွန်စေတာ ဖြစ်ပါတယ်လို့” အာရုံကြောသိပ္ပံဂျာနယ်မှာ ဖော်ပြထားပါတယ်။
(၂) ဗိုက်အဆီ လျှော့ချခြင်း
ဝမ်းဗိုက်အဆီများတာက မေ့လျော့တာနဲ့ ဆက်စပ်နေတဲ့ သူငယ်ပြန်မှတ်ဉာဏ်လျော့နည်းရောဂါကို ဖြစ်စေနိုင်ပါတယ်။ “ဝမ်းဗိုက်အဆီတွေက အသည်းမှာ PPARalpha သိုလှောင်မှုကို ထိန်းချုပ်လွန်းတဲ့အခါ အသည်းဟာ ဦးနှောက်အပါအဝင် ခန္ဓာကိုယ်ရဲ့ တခြားအစိတ်အပိုင်းတွေမှာ PPARalpha ကို စတင်သိမ်းဆည်းထားလေ့ ရှိပါတယ်။ အဲဒီအခါ ဒီပရိုတင်းဓာတ်တွေ deplete ဖြစ်ပြီး မှတ်သားနိုင်စွမ်းနဲ့ သင်ယူနိုင်စွမ်းမှာ အခက်အခဲ ဖြစ်စေနိုင်ပါတယ်။
(၃) ဦးနှောက်ဂိမ်းကစားခြင်း
လေ့လာမှုတွေအရ မှတ်ဉာဏ်ကိုသုံးရတဲ့ ဂိမ်းတွေက ဦးနှောက်ရဲ့ မှတ်မိနိုင်စွမ်းနဲ့ ပြဿနာဖြေရှင်းနိုင်စွမ်းကို တိုးစေတယ်လို့ သိရပါတယ်။ ဒီဂိမ်းတွေက ဉာဏ်ပညာကို တိုးစေတာမဟုတ်ပါဘူး။ မှတ်ဉာဏ်စွမ်းရည်ကို ကောင်းစေတာ ဖြစ်ပါတယ်။ ဒီလိုအရည်အချင်းရှိတာကြောင့် အရာရာကို ပြန်လည်မှတ်မိနိုင်စွမ်း ပိုမိုကောင်းမွန် မြန်ဆန်စေပါတယ်။
(၄) အရက်လျှော့သောက်ခြင်း
အာရုံကြောဆိုင်ရာ ဂျာနယ်ရဲ့ လေ့လာမှုအရ အမျိုးသားတွေက အမျိုးသမီးတွေထက် အရက်သောက်တာကြောင့် မှတ်ဉာဏ်ကို ပိုမိုထိခိုက်စေတယ်လို့ သိရပါတယ်။ တစ်နေ အရက်နှစ်ခွက်ခွဲကျော်သောက်တဲ့ သက်လတ်ပိုင်း အမျိုးသားတွေက အရက်အနည်းငယ်ပဲသောက်သူ အမျိုးသားတွေထက် ခြောက်နှစ်ကျော်အကြာမှာ မှတ်ဉာဏ်ကျဆင်းမှု လက္ခဏာတွေကို ပိုမိုပြလွယ်တယ်လို့ လေ့လာမှုမှတ်တမ်းတွေအရ သိရပါတယ်။