ပါမောက္ခဦးစောဝင်း (ကလေးအထူးကု ဆရာဝန်ကြီး) နှင့် တွေ့ဆုံမေးမြန်းခြင်း
မေး ။ မိဘတွေအနေနဲ့ ဝူဟန်ဗိုင်းရပ်စ်ဂယက်ကြောင့် ကလေးတွေကို ကျောင်းမပို့ဘဲ ထားသင့်ပါသလား ဆရာ။
ဖြေ ။ အခုအချိန်မှာတော့ ကျောင်းမပို့ဘဲ ထားမယ်ဆိုတာက အင်မတန် စောပါသေးတယ်။ မြန်မာပြည်မှာလည်း တကယ်ကူးစက်တဲ့သူက အခုအချိန်ထိ တစ်ယောက်မှ မတွေ့သေးပါဘူး။ တရုတ်အမျိုးသမီးတစ်ယောက် ဆေးရုံတက်တယ်ဆိုတာ ကော်ရိုနာဗိုင်းရပ်စ်မဟုတ်ပါဘူး။
မြန်မာပြည်နဲ့ တရုတ်က နယ်နိမိတ်ချင်း ထိစပ်နေတယ်၊ အသွားအလာအကူးအသန်းများတဲ့အတွက် တစ်ချိန်မဟုတ်တစ်ချိန်မှာ ကူးစက်တာတော့ ဖြစ်လာနိုင်ခြေရှိပါတယ်။ ဖြစ်လာရင်လည်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနအနေနဲ့ တိတိကျကျ ပြောမှာပါ။
အခုအချိန်မှာ ကျောင်းမပို့ဘဲ ထားမယ်ဆိုရင် ဘယ်လောက်ကြာကြာထားမှာလဲ၊ ဆိုလိုတာက ဒါကရေရှည်ဖြစ်မယ့်အကြောင်းရှိတယ်လို့ ထင်တယ်၊ ဒီတော့ အခုချိန်မှာ ကျောင်းမပို့ဘဲထားတာကတော့ နည်းနည်းအကြောက်လွန်ရာရောက်ပါတယ်။
တကယ်လို့ ကိုယ့်ပတ်ဝန်းကျင်မှာဖြစ်တယ်၊ ကိုယ့်ကလေးရဲ့ ကျောင်းပတ်ဝန်းကျင်မှာဖြစ်တယ်ဆိုရင်တော့ ကျောင်းတွေကလည်း ပိတ်သင့်ရင် ပိတ်မှာပါ။ အခုကတော့ အဲဒီလောက်အထိ လုပ်ဖို့ မလိုသေးဘူးလို့ ထင်ပါတယ်။ တကယ်သေချာတဲ့ ကူးစက်မှုက မရှိသေးပါဘူး။
မေး ။ ကိုယ့်ကလေးကို ကျောင်းပို့တဲ့အခါမှာကော မိဘတွေက သားသမီးကို သင်ပေးထားသင့်တဲ့ ဗိုင်းရပ်စ်ကာကွယ်နည်းလေးတွေလည်း ပြောပြပေးပါဦး ဆရာ။
ဖြေ ။ အဓိကကတော့ အဆုတ်နဲ့ အသက်ရှူလမ်းကြောင်းရောဂါများကူးစက်မှုမဖြစ်အောင် ကာကွယ်တဲ့အတိုင်း ယေဘုယျကာကွယ်မှုတွေကို လုပ်ဖို့ သင်ပေးရပါမယ်။
♦ နှာခေါင်းစည်းတွေ အုပ်ရမယ်။ နှာခေါင်းစည်းမှာ N95လို Mask မျိုးက တစ်နေ့လုံး အုပ်ထားနိုင်မှာ မဟုတ်ပါဘူး။ ရိုးရိုးနှာခေါင်းစည်း (Surgpcal Mask) တပ်ရင် ရပါပြီ။
♦ လက်ကို ခဏခဏ ဆေးပေးရပါမယ်။
♦ နှာစေး၊ ချောင်းဆိုးဖြစ်တဲ့ကလေး၊ ဖျားနေတဲ့ ကလေးဆိုရင် ကျောင်းက ဆရာမတွေက ပြန်လွှတ်ဖို့ ကောင်းပါတယ်။ မိဘက အဲဒီလိုကလေးမျိုးကို ချက်ချင်းလာမခေါ်နိုင်သေးရင် သီးသန့်အခန်းထဲမှာ ခွဲထားပြီး ဆရာမက စောင့်ရှောက်ပေးသင့်ပါတယ်။
♦ နေထိုင်မကောင်းတဲ့ ကလေးဆိုရင် ကျောင်းမပို့ဖို့ မိဘတွေ သိထားရပါမယ်။
♦ ရေမကြာခဏ သောက်တာက ထိရောက်မှုရှိတယ်ဆိုတာကြာင့် ကလေးကို ရေသောက်ဖို့ ပြောရပါမယ်။
♦ ဖျားနာရင် နီးစပ်ရာ ဆရာဝန်၊ ဆရာမတွေကို ပြပြီး သေချာကုသမှု ခံယူရပါမယ်။
♦ နှာချေ၊ ချောင်းဆိုးတဲ့အခါ လက်ကိုင်ပဝါ၊ တစ်ရှူးနဲ့ အုပ်ကာရမယ်၊ ဘာမှမရှိရင် လက်တံတောင်နဲ့ အုပ်ရမယ်ဆိုတာ သင်ပေးထားရပါမယ်။
မေး ။ ဝူဟန်ဗိုင်းရပ်စ်ဝင်တဲ့အခါ ကိုယ်ခံအားမကောင်းရင် အသက်အန္တရာယ်ရှိတယ်လို့ သိထားတော့ မိဘတွေအနေနဲ့ ကိုယ့်ကလေးတွေကို ကိုယ်ခံအားကောင်းနေအောင် ဘယ်လိုကျွေးမွေး စောင့်ရှောက်သင့်ပါသလဲ ဆရာ။
ဖြေ ။ အာဟာရပြည့်အောင် အဓိကအားဖြင့် ကစီဓာတ်၊ အသားဓာတ်၊ အဆီဓာတ်၊ ဗီတာမင်နဲ့ သတ္တုဓာတ် စသဖြင့် စုံလင် မျှတစွာ ပါဝင်အောင် ကျွေးရပါမယ်၊ အားဆေးတွေ တိုက်နိုင်ရင် တိုက်ရပါမယ်။
သူတို့ကို လူထူထပ်တဲ့ နေရာမခေါ်သွားရပါဘူး။ အချိန်မှန်အိပ်ခိုင်းမယ်၊ အချိန်မှန် စားခိုင်းမယ်ဆိုရင် လုံလောက်ပါတယ်။ပညာရှင်တွေအနေနဲ့လည်း အခုအခါမှာ ကာကွယ်ဆေးထုတ်ဖို့ ကြိုးစားနေပြီဖြစ်တဲ့အတွက် မကြာခင်မှာလည်း ထိရောက်တဲ့ ကာကွယ်ဆေး ပေါ်ပေါက်လာလိမ့်မယ်လို့ ဆရာ မျှော်လင့်ပါတယ်။
ကာကွယ်ဆေးပေါ်ပေါက်လာရင်တော့ တရုတ်မှာ အကြီးအကျယ်ထိုးပြီး ပြန့်နှံ့မှုကို တားဆီးနိုင်လိမ့်မယ်လို့ ထင်ပါတယ်။လောလောဆယ်မပေါ်သေးပေမယ့် ရောဂါပိုးရဲ့ ဗီဇကို ရရှိပြီးသားဖြစ်တဲ့အတွက် မကြာခင်မှာ ပေါ်ပေါက်လာမယ်လို့ မျှော်လင့်ရပါတယ်။
မေး ။ ဝူဟန်ဗိုင်းရပ်စ်ဝင်ရင် ကုဖို့ ဆေးမရှိဘူးဆိုပြီး မိဘတွေက သိပ်စိုးရိမ်ထိတ်လန့်နေကြပါတယ်။ အဲဒါလေးနဲ့ ပတ်သက်ပြီးလည်း ပြောပေးပါဦး ဆရာ။
ဖြေ ။ ဗိုင်းရပ်စ်ပိုးကြောင့် ဖြစ်တဲ့ ရောဂါတွေအတွက် ဗိုင်းရပ်စ်ပိုးသေဆေးက တော်တော်များများမှာ မရှိပါဘူး။ တချို့ရေယုန်ရောဂါဆိုရင် ဗိုင်းရပ်စ်ပိုးသေဆေး ရှိတယ်၊ Acyclovprဆိုတဲ့ ဆေးတွေပေးတယ်၊ HPVပိုးအတွက်ဆိုရင်လည်း ဗိုင်းရပ်စ်ပိုးသေဆေးတွေ ရှိပါတယ်။
အခုကော်ရိုနာဗိုင်းရပ်စ်ပိုးအတွက် သတ်မှတ်ထားတဲ့ ဗိုင်းရပ်စ်ပိုးသေဆေးမထွက်သေးဘူးပေါ့။ တရုတ်မှာတော့ HPV မှာကုတဲ့ ဗိုင်းရပ်စ်သေဆေးတွေ သုံးကြည့်နေပါတယ်။ ဒါက ဘယ်လိုရလဒ်ရှိလဲဆိုတာ မကြာခင်မှာ သိရမှာပါ။
ဒါက ဗိုင်းရပ်စ်ပိုး သတ်တဲ့ဆေးမရှိတာကိုပဲ ပြောတာပါ။ ဗိုင်းရပ်စ်ဝင်လို့ ဖြစ်တဲ့ လက္ခဏာတွေ-ဥပမာ အဆုတ်အအေးမိ ဖြစ်လို့ အောက်ဆီဂျင်နည်းတယ်၊ အဆုတ်ရဲ့ လှုပ်ရှားမှုနည်းသွားတယ်ဆိုရင် အောက်ဆီဂျင်ပေးတာ၊ တခြားရောဂါပိုးတွေ မဝင်အောင်ကုတာ၊ လိုအပ်ရင် အသက်ရှူစက်နဲ့ အကူအညီပေးတာတို့ လုပ်ပေးလို့ ရပါတယ်။
မေး ။ ဝူဟန်ဗိုင်းရပ်စ်ကြောင့် စိတ်ပူနေကြတဲ့ မိဘပြည်သူတွေကို ဆရာဖြည့်စွက်ပြောလိုတာရှိရင် ပြောပေးပါဦး ဆရာ။
ဖြေ ။ စိတ်ပူတာက အတော်အသင့်ပူတာ မှန်ပါတယ်။ ဒီလို ရောဂါတစ်ခု ကူးစက်လာမှာကို လူတိုင်း ကြောက်ကြတာပေါ့။ ဆရာတို့ ကျန်းမာရေးဝန်ထမ်းတွေလည်း ကြောက်ပါတယ်။ ဒါပေမဲ့ ကိုယ်က သတိကြီးကြီးနဲ့ လုပ်သင့်လုပ်ထိုက်တာတွေကို ကာကွယ်တားဆီးကြရမှာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံဆရာဝန်အသင်းအနေနဲ့လည်း ၃၀ ရက်နေ့မှာ ဆရာဝန်တွေအတွက် ဝူဟန်ဗိုင်းရပ်စ်နဲ့ ပတ်သက်ပြီး ဟောပြောပွဲရှိပါတယ်၊ တနင်္ဂနွေနေ့မှာ အများပြည်သူအတွက် ဟောပြောပွဲရှိတာကြောင့် စိတ်ဝင်စားရင် လာတက်လို့ရပါတယ်။ ဖိတ်စာကို ဆရာ့ဖေ့စ်ဘွတ်ခ်အကောင့်မှာ ကြည့်လို့ရပါတယ်။
(Healthy Lpfe ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Lpfe ဂျာနယ်၊ https://www.facebook.com/healthylpfejournalmyanmar/ နှင့် www.healthylpfejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Webspte များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)