Healthy Life Ad
Health Tips

နှမ်းဆီသုံးရင် ကျန်းမာရေးအတွက် ဘယ်လို ကောင်းကျိုးရှိသလဲ . . .

၊ မီမိုး ၊ (ဆေးဝါးတက္ကသိုလ်)

လတ်တလောလေ့လာမှုအရ နှမ်းဆီဟာ ကျန်း မာရေးနဲ့ ညီညွတ်တဲ့အပြင် အသားအရေနဲ့ ဆံပင် သားကို ကျန်းမာစေတယ်လို့ သိရပါတယ်။ နှမ်းဆီစစ်စစ်က ကျန်းမာရေးအတွက် ဘယ်လိုကောင်းကျိုးတွေ ရှိသလဲဆိုတာ လေ့လာကြည့်ရအောင်။

– ကျန်းမာရေးနဲ့ ညီညွတ်တဲ့ ဆီဖြစ်ပါတယ်
နှမ်းဆီမှာ ပိုလီမပြည့်ဝဆီနဲ့ မိုနိုမပြည့်ဝဆီ ပါဝင်မှုများပြီး ပြည့်ဝဆီ ပါဝင်မှု နည်းပါတယ်။ ပိုလီမ ပြည့်ဝဆီနဲ့ မိုနိုမပြည့်ဝဆီတွေက နှလုံးကျန်းမာရေးနဲ့ ညီညွတ်ပြီး သွေးတွင်းကိုလက်စထရောကို ကောင်းကောင်း ထိန်းချုပ်ပေးနိုင်ပါတယ်။ ပြည့်ဝဆီနဲ့ ထရန့်စ်ဖက်အဆီတွေက ရောင်ရမ်းမှုကို တိုးစေတဲ့အတွက် နှလုံးထိခိုက်စေပါတယ်။ နှမ်းဆီတစ်ခွက်မှာ မိုနိုမ ပြည့်ဝဆီ ၆ ဒသမ ၇၅ ဂရမ်၊ ပိုလီမပြည့်ဝဆီ ၇ ဒသမ ၈၄ ဂရမ်နဲ့ ပြည့်ဝဆီ ၂ ဒသမ ၅၀ ဂရမ်ပါဝင်ပါတယ်။

– သွားသန့်ရှင်းကျန်းမာစေပါတယ်
နှမ်းဆီအနည်းငယ်ကို ငုံထားပေးရင် ခံတွင်းထဲက ဘက်တီးရီးယားပမာဏကို လျော့နည်းစေပြီး ခံတွင်းနဲ့ သွားဖုံးတွေကို ကျန်းမာစေပါတယ်။

– အနှိပ်ခံရာမှာလိမ်းတဲ့ဆီအဖြစ် အသုံးပြုနိုင်ပါတယ်
နှမ်းဆီကိုခြေသလုံးမှာလိမ်းပြီး နှိပ်ပေးရင်တစ် ညလုံး အိပ်ရေးဝ၀ အိပ်မောကျစေသလို အသားအရေကို စိုပြည်ကြည့်ကောင်းစေပါတယ်။ နှမ်းဆီလိမ်းပြီး ခြေအိတ်ဝတ်ထားဖို့ မမေ့ပါနဲ့။

– အသားအရေနဲ့ အရိုးကို အားကောင်းစေပါတယ်
နှမ်းဆီမှာ သွပ်(ဇင့်)ဓာတ် ပါဝင်မှုများပါတယ်။ ဇင့်ဓာတ်ဟာ အအေးမိ၊ တုပ်ကွေးဖြစ်တာကို သက်သာစေပြီး ခန္ဓာကိုယ်ကနေ ကော်လာဂျင် ထုတ်လုပ်မှုအားကောင်းစေပါတယ်။ ဒါ့အပြင် အရေပြားကို ဆွဲအား ကောင်းစေပါတယ်။ ဇင့်ဓာတ်က အရိုးသိပ် သည်းဆကိုလည်း အားကောင်းစေပါတယ်။

– ဆံပင်တောက်ပြောင်ပြီး မကျွတ်အောင် ကာကွယ်ပေးပါတယ်
နှမ်းဆီမှာ ဗီတာမင်ဘီ၊ ဗီတာမင်အီး၊ မဂ္ဂနီဆီယမ်၊ ကယ်လ်ဆီယမ်နဲ့ ဖော့စ်ဖရပ်စ်ပါဝင်တာကြောင့် ဆံပင်နဲ့ဦးရေပြားကိုအားဖြည့်ပေးပါတယ်။ ဦးရေပြား နဲ့ ဆံပင်အရင်းနေရာတွေကို နှမ်းဆီနည်းနည်း လိမ်းပြီး မိနစ် ၃၀ လောက်ထားပေးပါ။ ပြီးရင် ကြက်သီး နွေးရေ၊ ရှမ်ပူနဲ့ ခေါင်းလျှော်လိုက်ပါ။

– ဝမ်းမှန်စေပါတယ်
တစ်ခါတလေ ဝမ်းချုပ်တဲ့ ဝေဒနာခံစားရရင် မနက်ခင်းမှာ နှမ်းဆီ ထမင်းစားဇွန်း တစ်ဇွန်း သောက်ပေးလိုက်ပါ။ အူလှုပ်ရှားမှုကို ချောမွေ့စေပြီး ဝမ်းမှန်မှန်သွားစေပါတယ်။

– မကောင်းတဲ့ ဖရီးရယ်ဒီကယ်တွေကို တွန်းလှန်ပေးပါတယ်
မကောင်းတဲ့ ဖရီးရယ်ဒီကယ်တွေက ဒီအင်န်အေ၊ ဆဲလ်နဲ့ ပရိုတင်းတွေကို ထိခိုက်စေနိုင်ပါတယ်။ အဲဒီထိခိုက်မှုတွေက အယ်လ်ဇိုင်းမားရောဂါ၊ ပါကင်ဆန်ရောဂါနဲ့ ကင်ဆာရောဂါတွေကို ဦးတည်နေပါတယ်။ အယ်လ်ကိုဟော၊ ဆေးရွက်ကြီးမီးခိုး၊ ပိုးသတ်ဆေး၊ လေထုညစ်ညမ်းမှု၊ အဆင်သင့်အစာစတဲ့အရာတွေနဲ့ ထိတွေ့မှုရှိတဲ့အခါ ဖရီးရယ်ဒီကယ် တွေအထွက်များစေပါတယ်။ အင်တီအောက်ဆီးဒင့်ပါတဲ့ အစာတွေကိုစားရင် ဖရီးရယ်ဒီကယ်ထိခိုက်မှုကို တွန်းလှန်ပေးနိုင်ပါတယ်။ အဲဒါကြောင့် နှမ်းဆီကို သုံးပါ။

– အရသာကောင်းစေပါတယ်
ဟင်းရွက်သုပ်၊ စွပ်ပြုတ်စတာတွေမှာ နှမ်းဆီ မွှေးမွှေးလေးဆမ်းလိုက်ရင် အရသာရှိစေပြီး ခံတွင်း ပိုတွေ့စေပါတယ်။ ကောင်းစေပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top