Healthy Life Ad
Health Tips

ပူပင်သောကကို ခံစားနေရပြီဆိုရင် ဘယ်လိုထိန်းချုပ်ကြမလဲ

စူး (ဆေးဝါးတက္ကသိုလ်)

ရုန်းကန်လှုပ်ရှားနေရတဲ့ ဘဝအမောတွေကြားမှာ ပူပင်စရာ၊ စိတ်သောကဖြစ်စရာ အကြောင်းတွေက တစ်ချိန်မဟုတ် တစ်ချိန်ဆိုသလို ပေါ်နေမှာပါ။ အဲဒီအခါ ဖြစ်ပေါ်လာတဲ့ ပူပင်သောကကို အမြန်ဆုံးနဲ့ အထိရောက်ဆုံး မထိန်းချုပ်နိုင်ဘူးဆိုရင် နောက်ဆက်တွဲအနေနဲ့ စိတ်ဖိစီးမှုများတာ၊ စိတ်ဓာတ်ကျတာစတဲ့ ပြင်းထန်တဲ့ စိတ်ဝေဒနာတွေအထိ ခံစားရတတ်ပါတယ်။ ဒါကြောင့် ဖြစ်ပေါ်လာတဲ့ ပူပင်သောကကို ချက်ချင်း ထိန်းချုပ်နိုင်ဖို့ နည်းလမ်းကောင်းတချို့ကို အကြံပြုပါရစေ။

(၁) သင့်ကို ပူပင်သောက ဖြစ်စေတဲ့ အကြောင်းရင်းဇာစ်မြစ်ကို သိနားလည်အောင် အရင်ကြိုးစားပါ။ တချို့လူတွေက အကြောင်းရင်း တိတိကျကျမရှိဘဲ အလိုလို ပူပင်နေတတ်လို့ပါ။ သင့်ကို ပူပင်စေတဲ့ အကြောင်းရင်းကို သိပြီဆိုတာနဲ့ ဘယ်အရာက မှားယွင်းနေသလဲဆိုတာ ဆန်းစစ်လိုက်ပါ။ ပြီးရင် အဲဒီအချက်ကို ပြင်ဆင်နိုင်ဖို့ ကိုယ့်ကိုယ်ကိုယ် သုံးသပ်ပါ။

(၂) လေ့ကျင့်ခန်းလုပ်ပါ။ လေ့ကျင့်ခန်းလုပ်တဲ့အခါ ထွက်လာတဲ့ အန်ဒေါ်ဖင်ဟော်မုန်းက စိတ်ဖိစီးမှုကင်းစေတဲ့ စိတ်အခြေအနေကို ဖြစ်စေပြီး “ငါကျော် လွှားနိုင်တယ်”ဆိုတဲ့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်စိတ်ကို တိုးစေလို့ပါ။

(၃) “ကြောက်ရွံ့စိတ်”ကလွဲပြီး ကြောက်စရာကောင်းတဲ့ အခြေအနေဆိုတာ လုံးဝမရှိပါဘူး။ ဒါကို နှလုံးသွင်းထားပါ။

(၄) အကောင်းမြင်တတ်သူတွေ၊ ကိုယ့်ကိုယ်ကိုယ် ယုံကြည်စိတ်လွန်ကဲသူတွေနဲ့ အချိန်ဖြုန်းပါ။

(၅) အပန်းဖြေပါ။ တရားထိုင်တာ၊ ယောဂကျင့်တာစတဲ့နည်းတွေနဲ့ အပန်းဖြေလိုက်တဲ့အခါ ပူပင်သောက လျော့ပါးသွားပါလိမ့်မယ်။

(၆) ပိုကောင်းတဲ့ အနာဂတ်ကိုမှန်းဆပြီး စိတ်ကူးယဉ်လိုက်ပါ။ စိတ်ကြည်နူးပျော်ရွှင်သွားပါလိမ့်မယ်။

(၇) သေးငယ်တဲ့ အလုပ်ကိစ္စတွေပြီးမြောက်သွားတဲ့အခါတိုင်း အောင်မြင်မှုတစ်ရပ်အဖြစ် ဂုဏ်ယူပါ။

(၈) အာဟာရပြည့်ဝပြီး ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအသောက်တွေကိုစားပါ။

(၉) သင် အကြိုက်ဆုံးသီချင်းကို နားဆင်ပါ။ ဒါဟာ အလုပ်လုပ်နေချိန်မှာ စိတ်ဖိစီးမှု လျော့ကျစေပြီး စိတ်ခံစားမှု ကောင်းမွန်စေတဲ့ နည်းလမ်းကောင်းတစ်ခုပါ။
(၁၀) ကြီးမားတဲ့ ပန်းတိုင်ချမှတ်ပြီး သေးငယ်တဲ့ တစ်လှမ်းချင်းကို မဆုတ်မနစ်လှမ်းတက်ပါ။
REF:HD

Most Popular

Healthy Life Ad
To Top