Healthy Life Ad
Q & A

မျက်စိအတွင်းတိမ် ခွဲစိတ်ပြီးချိန် လူနာတို့ လိုက်နာသင့်သည့် အချက်များ

—၊ ပါမောက္ခဦးတင်ဝင်း (မျက်စိအထူးကုဆရာဝန်ကြီး) ပါမောက္ခ၊ ဌာနမှူး ရန်ကုန်မျက်စိဆေးရုံကြီးနှင့် တွေ့ဆုံဆွေးနွေးခြင်း ၊—

Q. မျက်စိအတွင်းတိမ်ကို ခွဲစိတ်ပြီးချိန်မှာ လူနာတွေအနေနဲ့ ဘယ်လိုအချက်တွေကို လိုက်နာသင့်ပါသလဲ ဆရာ။

A. အတွင်းတိမ်ခွဲစိတ်ပြီးချိန်မှာ ဆောင်သင့်/ရှောင်သင့်တဲ့ အချက်တွေရှိပါတယ်။ များသောအားဖြင့် Intraocular Surgery လို့ခေါ်တဲ့ အတွင်းတိမ်နဲ့ ရေတိမ်ခွဲစိတ်ကုသမှု ခံယူထားသူတွေက ခွဲထားတဲ့ မျက်စိထဲကို ဆရာဝန်ညွှန်ကြားထားတဲ့ မျက်စဉ်းဆေးကလွဲလို့ တခြားဘာမှ မ၀င်ရပါဘူး။ ဒီအချက်ကို တစ်လတိတိ လိုက်နာဖို့ လိုပါတယ်။ ဆိုလိုတာက ခွဲစိတ်ထားတဲ့ မျက်လုံးက ပိုးကင်းစင်နေရမယ်။ ရေလည်းမ၀င်ရဘူး။ ဖုန်လည်းမ၀င်ရဘူး။ မသန့်ရှင်းတဲ့အရာ ဘာတစ်ခုမှ မ၀င်ရဘူး။ ဒီလိုဆိုတော့ ရေကသန့်တာပဲလို့ ပြောစရာရှိလိမ့်မယ်။ ကိုယ့်အိမ်မှာသုံးနေတဲ့ ရေတွေက ၁၀၀ ရာခိုင်နှုန်း ပိုးကင်းနေပါတယ်လို့ ဘယ်သူက အာမခံနိုင်လို့လဲ။ ဒါကြောင့် မျက်စိကို ခွဲစိတ်ကုသပြီး တစ်လတိတိ ခေါင်းကနေ ရေလောင်းမချိုးရပါဘူး။ ခေါင်းကနေ ရေလောင်းချိုးလိုက်ရင် ခေါင်းပေါ်ကဗောက်တွေနဲ့ တခြားအညစ်အကြေးတွေက ခွဲစိတ်ထားတဲ့ မျက်စိထဲကို ၀င်နိုင်ခြေများလို့ပါ။ ခေါင်းလျှော်ချင်နေရင် ဆံပင်ညှပ်ဆိုင်မှာလျှော်သလို လှဲလျောင်းပြီး မျက်စိထဲ ဘာအရည်မှမ၀င်အောင် လျှော်လို့တော့ရပါတယ်။

နောက်တစ်ချက်အနေနဲ့ ခွဲစိတ်ထားတဲ့ မျက်လုံးကို ဖိအားမကျရောက်စေဖို့အတွက် အလုပ်ကြမ်းတွေ လုပ်တာမျိုးကို ရှောင်ရပါမယ်။ မျက်စိက တော်ရုံတန်ရုံ ဖိအားကိုမခံနိုင်တာကြောင့် အလုပ်ကြမ်းမလုပ်သင့်ဘူး (အလေးအပင်မတာမျိုးကို ရှောင်ရမယ်) ဆိုတဲ့ အချက်နှစ်ချက်စလုံးကို တစ်လတိတိ လိုက်နာဖို့ လိုပါတယ်။ တစ်လပြည့်သွားရင်တော့ ခွဲစိတ်ထားတဲ့ မျက်စိက အနာကျက်သွားပြီဖြစ်တာကြောင့် စိတ်ချရပါတယ်။ မျက်စိကို ခွဲစိတ်ကုသမှု ခံယူထားတဲ့သူတွေ အများစုက ကြောက်ကြပါတယ်။ ဒါကြောင့် သူတို့က ဒီအချက်နှစ်ချက်စလုံးကို သေချာလိုက်နာကြပါတယ်။ ဒီအချက်နှစ်ချက်အနက် အလေးအပင် မ,မသင့်ဘူးဆိုတဲ့ အချက်ကို အတိအကျ လိုက်နာတတ်ပေမယ့် မျက်စိထဲကို ဆရာဝန်ညွှန်ထားတဲ့ မျက်စဉ်းဆေးမှအပ ဘာမှမ၀င်ရဘူးဆိုတဲ့ အချက်ကိုတော့ မသိမသာလေး ကျူးလွန်မိတတ်ကြတယ်။ အသက်ကြီးသူတွေ အထူးသဖြင့် အဘွားကြီးတွေက ခေါင်းကယားတဲ့အခါ မနေနိုင်တော့ ခေါင်းလျှော်ရာကနေ အမှတ်မထင် မျက်စိထဲကို စိမ့်ဝင်သွားတတ်တာမျိုး ရှိတယ်။

“ အရေးကြီးတာကတော့ တစ်ကိုယ်ရေသန့်ရှင်းရေး ဖြစ်ပါတယ်။ တစ်ကိုယ်ရေသန့်ရှင်းမှု အားနည်းတဲ့သူတွေမှာ အဖြစ်များတာက မျက်စိထဲကို ပိုးဝင်တာပဲ ဖြစ်ပါတယ်။ အများအားဖြင့် ဒီလို မျက်စိထဲပိုးဝင်တာက ရပ်ဝေးကနေလာပြီး မျက်စိခွဲစိတ်ကုသမှု ခံယူတဲ့သူတွေမှာ အဖြစ်များပါတယ်။”

နောက်တစ်ချက်က မီးဖိုချောင်ဝင်ပြီး ဟင်းချက်တာမျိုးပေါ့။ မီးဖိုချောင်ဆိုတာက မီးခိုးငွေ့တွေနဲ့ မသန့်ရှင်းတတ်ဘူး။ ကိုယ်တိုင် ထမင်း၊ ဟင်းချက်ရင်း ထမင်းအိုး၊ ဟင်းအိုးအဖုံးတွေကို ဖွင့်လိုက်တဲ့အခါ မီးခိုးငွေ့တွေက မျက်စိကိုလာဟပ်ပြီး မျက်စိက ရောင်လာတာမျိုး ရှိပါတယ်။ ဒီလိုပြဿနာလေးတွေက မကြာခဏကြုံရတတ်တဲ့ ပြဿနာတွေပါ။ မျက်စိကို အန္တရာယ်ဖြစ်လောက်အောင် မထိခိုက်စေပေမယ့် သတိထားသင့်ပါတယ်။

အရေးကြီးတာကတော့ တစ်ကိုယ်ရေသန့်ရှင်းရေး ဖြစ်ပါတယ်။ တစ်ကိုယ်ရေသန့်ရှင်းမှု အားနည်းတဲ့သူတွေမှာ အဖြစ်များတာက မျက်စိထဲကိုပိုးဝင်တာပဲ ဖြစ်ပါတယ်။ အများအားဖြင့် ဒီလိုမျက်စိထဲပိုးဝင်တာက ရပ်ဝေးကနေလာပြီး မျက်စိခွဲစိတ်ကုသမှု ခံယူတဲ့သူတွေမှာ အဖြစ်များပါတယ်။ သူတို့က ဝေးလံတဲ့ နယ်ကနေလာပြီး ရန်ကုန်မှာ မျက်စိခွဲတယ်။ ခွဲပြီးတာနဲ့ စရိတ်ကကုန်တော့ ရန်ကုန်မှာ အကြာကြီးမနေနိုင်ဘူး။ အလွန်ဆုံးနေနိုင်ရင် ခွဲပြီးတစ်ပတ်လောက် အထိပေါ့။ အဲဒီအခါ နယ်ကအိမ်ကို ပြန်တဲ့လမ်းမှာ သဲတွေ၊ ဖုန်တွေဝင်တယ်။ အဲဒီလို ဖုန်တွေ၊ အညစ်အကြေးတွေ၊ ရွှံ့တွေဝင်ပြီး ပိုးတွေကြောင့် မျက်စိဆုံးရှုံးရတဲ့ ကိစ္စတွေတော့ ရှိပါတယ်။

ရပ်ဝေးက လူနာတွေအနေနဲ့ မျက်စိဆရာဝန်ကို သေချာပြောပြသင့်ပါတယ်။ “ကျွန်မနေတာက ဘယ်နေရာပါ၊ ဘယ်လိုသွားရတာ.. ကျွန်တော်နေတဲ့ နေရာကိုရောက်ဖို့ ဘယ်လိုလမ်းလျှောက်ရတာ” စသဖြင့် ပြောပြဖို့လိုပါတယ်။ တချို့ ခွဲစိတ်ကုသမှု ခံယူထားတဲ့ လူနာတွေက ကားနဲ့တောင်မရောက်တဲ့ နေရာတွေမှာ နေကြရတယ်။ တချို့ ကျလည်း ဆိုင်ကယ်ထိုင်ခုံနောက်ကနေ လိုက်စီးရတယ်။ အဲဒီအခါ လမ်းက ဗွက်ကထတာနဲ့ သဲတွေ၊ ဖုန်တွေ ထူတာနဲ့ သဲတွေ၊ ဖုန်တွေနဲ့ ရွှံ့တွေက မျက်စိထဲကို အမှတ်မထင် ၀င်သွားနိုင်ပါတယ်။

မျက်စိခွဲစိတ်ကုသတယ်ဆိုတာက မျက်စိကိုလိုအပ်လို့ ကုသတာဖြစ်ပေမယ့် ယာယီအားဖြင့် ဒဏ်ရာတစ်ခု ပေးလိုက်သလိုပဲလေ။ ဒဏ်ရာရထားတဲ့ အစိတ်အပိုင်းတိုင်းက အနာကျက်အောင် အနားပေးဖို့ လိုပါတယ်။ လက်ကျိုးသွားရင်လည်း လက်ကို သိုင်းကြိုးချည်ပြီး အနားပေးလိုက်သလိုပဲ ခြေထောက်ကျိုးရင်လည်း ခြေထောက်ကို ထောင်ထားပြီး အနားပေးလိုက်ရတယ်။ အဲဒီလို အနားရသွားရင် လက်တွေ၊ ခြေထောက်တွေက ပြန်ကောင်းသွားပါတယ်။ အဲဒီလိုပဲ မျက်စိကိုလည်း ခွဲစိတ်ပြီးချိန်မှာ အနားပေးဖို့လိုပါတယ်။ မျက်စိကို အနားမပေးဘူးဆိုရင် ခံနိုင်ရည်ရှိတဲ့သူတွေမှာ ဘာမှမဖြစ်ပါဘူး။ တချို့ ကံမကောင်းလှတဲ့ သူတွေမှာတော့ မျက်စိကို အသုံးများတဲ့အခါမှာ အနာကျက်တာနှေးသွားတယ်၊ သူငယ်အိမ်ရောင်တာတွေ ဖြစ်တတ်တယ်။

ဒီလိုဖြစ်လာရင် ပြသတတ်တဲ့ လက္ခဏာတွေကတော့ မျက်စိက ရုတ်တရက်နီပြီး ကိုက်လာတယ်၊ ပြီးတော့ မှုန်ကျသွားပါတယ်။ နီ၊ ကိုက်၊ မှုန်ဆိုတဲ့ လက္ခဏာသုံးရပ်ပေါ်တာနဲ့ ကိုယ့်ကို ခွဲစိတ်ကုသပေးခဲ့တဲ့ မျက်စိအထူးကုဆရာဝန်နဲ့ ချက်ချင်း ပြန်လည်ဆက်သွယ်သင့်ပါတယ်။ တကယ်လို့ ဆက်သွယ်ဖို့ မလွယ်ဘူးဆိုရင် အနီးဆုံး မျက်စိအထူးကု ဆရာဝန်နဲ့ ပြသဖို့လိုပါတယ်။ အဲဒီအခါ မျက်စိဆရာဝန်က ပဋိဇီဝပိုးသတ်ဆေးပါတဲ့ မျက်စဉ်းဆေးတစ်မျိုးကိုခတ်ဖို့ ညွှန်တာကို လိုက်နာပြီး ခတ်လိုက်ရင် အနည်းဆုံး တစ်ပတ်လောက်ကြာတဲ့အခါ သက်သာသွားတတ်ပါတယ်။

Most Popular

Healthy Life Ad
To Top