Healthy Life Ad
Health Tips

တူညီသော အကြောင်းရင်းခံ ကင်ဆာများနှင့် အိမ်ထောင်ဦးစီးတို့၏ အခန်းကဏ္ဍ

—၊ ဒေါက်တာမိုးအောင်ကျော်နိုင် (အထွေထွေရောဂါအထူးကု သမားတော်ကြီး) အထွေထွေအတွင်းရေးမှူး၊ ရွှေရောင်နှင်းဆီ ကင်ဆာဖောင်ဒေးရှင်းနှင့် တွေ့ဆုံဆွေးနွေးခြင်း ၊—

Q. ကင်ဆာအများစုမှာ တူညီတဲ့ အခြေခံအကြောင်းရင်းတွေ ရှိတယ်လို့ သိရပါတယ်။ အဲဒါတွေက ဘာတွေပါလဲ ဆရာ။

A. ကင်ဆာရောဂါဖြစ်ပွားရတဲ့ အဓိက အခြေခံအကြောင်းရင်း နှစ်ခုက ကင်ဆာမျိုးရိုးဗီဇပါရှိတာနဲ့ ပတ်ဝန်းကျင်ဆိုင်ရာ အချက်အလက်တွေရှိတာတို့ ဖြစ်ပါတယ်။ ဒီလို တူညီတဲ့ အကြောင်းရင်းခံတွေကို သိရှိရှောင်ကြဉ်နိုင်ရင် ကင်ဆာရောဂါအားလုံး ဖြစ်ပွားမှုရဲ့ ၃၀ ရာခိုင်နှုန်းမှ ၅၀ ရာခိုင်နှုန်းအထိ လျှော့ချနိုင်မှာ ဖြစ်ပါတယ်။

တူညီတဲ့ အကြောင်းရင်းတွေကတော့-

ပြုပြင်ပြောင်းလဲလို့ မရနိုင်တဲ့ အကြောင်းရင်းတွေ

(၁) အသက်အရွယ်ကြီးလာခြင်း

(၂) မိသားစုမှာ ကင်ဆာဖြစ်ဖူးသူရှိခြင်း

ဒီအချက်နှစ်ခုက ပြုပြင်ပြောင်းလဲလို့ မရပေမယ့် စောစောစီးစီး သိရှိဖို့ရာအတွက် ကြိုတင်စစ်ဆေးနိုင်ပါတယ်။

ပြုပြင်ပြောင်းလဲလို့ရတဲ့ အကြောင်းရင်းတွေ

(၁) ဆေးလိပ်သောက်ခြင်း

(၂) အရက်သောက်ခြင်း

(၃) ကွမ်းစားခြင်း

(၄) နီတဲ့အသား၊ အဆီ၊ ပြုပြင်ထားတဲ့ ကြာရှည်ခံအစားအစာတွေနဲ့ အချိုစားသုံးမှုများခြင်း

(၅) အမျှင်စားသုံးမှုနည်းခြင်း

(၆) ကင်ဆာဖြစ်စေတဲ့ ဓာတုပစ္စည်းပါ အစားအသောက်တွေစားမိတာနဲ့ ဓာတုပစ္စည်းတွေကို ထိတွေ့ရှူရှိုက်မိခြင်း

(၇) ကိုယ်လက်လှုပ်ရှားမှု မရှိခြင်း

(၈) ကိုယ်အလေးချိန်များခြင်း၊ အ၀လွန်ခြင်း

(၉) ဆီးချိုရောဂါရှိခြင်း

(၁၀) အသည်းရောင်ဘီပိုးနဲ့ လိင်အင်္ဂါကြွက်နို့ပိုး ကူးစက်ခံရခြင်း

(၁၁) လေထုညစ်ညမ်းခြင်း

(၁၂) ဓာတ်ရောင်ခြည်သင့်ခြင်း၊ နေရောင်ခြည်ထိတွေ့မှုများခြင်း စတာတွေပဲ ဖြစ်ပါတယ်။

Q. ပြုပြင်ပြောင်းလဲလို့မရတဲ့ ကင်ဆာဖြစ်စေတဲ့ အကြောင်းရင်းခံတွေနဲ့ပတ်သက်ပြီး ဘယ်လိုနေထိုင် ကာကွယ်သင့်ပါသလဲ ဆရာ။

A. အသက်အရွယ်ကြီးလာတာနဲ့ ကင်ဆာဖြစ်နိုင်ခြေ မြင့်တက်လာလို့ ဖြစ်နိုင်ခြေများတဲ့ အခြေအနေပေါ် မူတည်ပြီး ကင်ဆာကို ကြိုတင်စစ်ဆေးရပါမယ်။ ဥပမာ-ရင်သားကင်ဆာ၊ သားအိမ်ခေါင်းကင်ဆာ၊ အူမကြီးနဲ့ အစာဟောင်းအိမ်ကင်ဆာ၊ ဆီးကျိတ်ကင်ဆာ၊ ခံတွင်းကင်ဆာ၊ ဘီပိုး၊ စီပိုးရှိသူတွေမှာ အသည်းကင်ဆာ စတာတွေဖြစ်ပါတယ်။ မိသားစုမှာ ကင်ဆာဖြစ်ဖူးသူရှိတဲ့ သူတွေကလည်း အသက်အရွယ်အလိုက် ကင်ဆာကြိုတင်စစ်ဆေးမှုကို လုပ်ဆောင်ရပါမယ်။ ဥပမာ-အူမကြီးနဲ့ အစာဟောင်းအိမ်ကင်ဆာ၊ ရင်သားကင်ဆာ၊ ဆီးကျိတ်ကင်ဆာ၊ သားဥအိမ်ကင်ဆာ၊ အစာအိမ်ကင်ဆာ၊ သားအိမ်ခေါင်းကင်ဆာ စတာတွေ ဖြစ်ပါတယ်။

Q. ပြုပြင်ပြောင်းလဲလို့ရတဲ့ ကင်ဆာဖြစ်စေတဲ့ အကြောင်းရင်းခံတွေနဲ့ ပတ်သက်ပြီး အိမ်ထောင်ဦးစီးတွေက ကိုယ့်မိသားစုအပေါ် ဘယ်လို စောင့်ရှောက်သင့်ပါသလဲ ဆရာ။

A. ဒါနဲ့ ပတ်သက်ပြီး တစ်ချက်ချင်းစီ ရှင်းပြပါမယ်။

(၁) ဆေးလိပ်သောက်ခြင်း

ခန္ဓာကိုယ်တစ်ခုလုံးမှာဖြစ်တဲ့ ကင်ဆာစုစုပေါင်းရဲ့ ၃၀ ရာခိုင်နှုန်းက ဆေးလိပ်သောက်တာကြောင့် ဖြစ်တာပါ။ အဓိက အဆုတ်ကင်ဆာအပြင် ခံတွင်း၊ အစာအိမ်၊ အူမကြီး၊ ရင်သား၊ သားအိမ်ခေါင်း၊ ပန်ကရိယကင်ဆာအပါအ၀င် ကင်ဆာ ၁၅ မျိုးကို ဖြစ်စေနိုင်ပါတယ်။ အိမ်ထောင်ဦးစီးတစ်ယောက်အနေနဲ့ မိမိကိုယ်တိုင် ဆေးလိပ်မသောက်ရတဲ့အပြင် မိမိရဲ့ မိသားစုဝင်တွေထဲက ဆေးလိပ်သောက်သူတွေကိုလည်း ဆေးလိပ်ဖြတ်ခိုင်းရပါမယ်။ တစ်ဆင့်ခံဆေးလိပ်ငွေ့ ရှူရှိုက်မိသူတွေကလည်း ဒီလိုကင်ဆာတွေ ဖြစ်နိုင်ခြေမြင့်တက်တာကြောင့် ကိုယ်ရော ကိုယ့်မိသားစုဝင်တွေပါ ဆေးလိပ်မသောက်သင့်ပါဘူး။

(၂) ကွမ်းစားခြင်း

ကွမ်းစားတာက ကိုယ့်ရုပ်ရည်သွင်ပြင်ကို ထိခိုက်စေတဲ့အပြင် ခံတွင်းနဲ့ အာခေါင်ကင်ဆာတွေ ဖြစ်စေနိုင်လို့ ကိုယ်တိုင်ကွမ်းမစားသင့်သလို မိသားစုဝင်တွေ ကွမ်းစားတာကိုပါ တားမြစ်ရပါမယ်။

(၃) အရက်သောက်ခြင်း

အရက်သောက်တာကြောင့် အသည်းထိခိုက်ပျက်စီးစေပြီး အသည်းကင်ဆာအပြင် ခံတွင်း၊ အာခေါင်၊ လည်ချောင်း၊ အစာရေမျိုပြွန်၊ အူမကြီးနဲ့ ရင်သားကင်ဆာဖြစ်နိုင်ခြေ မြင့်မားစေတာကြောင့် တတ်နိုင်ရင် အရက်လုံးဝမသောက်ဘဲ တခြားသူတွေကိုလည်း အရက်ဖြတ်အောင်၊ လျှော့သောက်အောင် တိုက်တွန်းရပါမယ်။

“ အိမ်ထောင်ဦးစီးတစ်ယောက်အနေနဲ့ မိမိကိုယ်တိုင် ဆေးလိပ်မသောက်ရတဲ့အပြင် မိမိရဲ့ မိသားစုဝင်တွေထဲက ဆေးလိပ်သောက်သူတွေကိုလည်း ဆေးလိပ်ဖြတ်ခိုင်းရပါမယ်။ တစ်ဆင့်ခံဆေးလိပ်ငွေ့ ရှူရှိုက်မိသူတွေကလည်း ဒီလိုကင်ဆာတွေ ဖြစ်နိုင်ခြေ မြင့်တက်တာကြောင့် ကိုယ်ရော ကိုယ့်မိသားစုဝင်တွေပါ ဆေးလိပ်မသောက်သင့်တာ ဖြစ်ပါတယ်။”

(၄) နီတဲ့အသား၊ အဆီ၊ ပြုပြင်ထားတဲ့ ကြာရှည်ခံအစားအစာတွေနဲ့ အချိုစားသုံးမှုများခြင်း

နီတဲ့အသား၊ ကြာရှည်ခံအောင် ပြုပြင်ထားတဲ့ အသားတွေစားတာကြောင့် အူမကြီး၊ အစာအိမ်၊ ပန်ကရိယနဲ့ ဆီးကျိတ်ကင်ဆာတွေကို ဖြစ်စေနိုင်ပါတယ်။ အဆီ၊ အချိုစားသုံးမှုများရင် ခန္ဓာကိုယ်ကို အ၀လွန်စေပြီး နောက်ဆက်တွဲ ကင်ဆာရောဂါဖြစ်နိုင်ခြေ မြင့်တက်စေပါတယ်။

အိမ်ထောင်ဦးစီးတွေအနေနဲ့ ကိုယ့်အိမ်ရှင်မကို ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအသောက်တွေ ရွေးချယ်ချက်ပြုတ်ကျွေးမွေးအောင် အကြံပေးရပါမယ်။ အစားအစာထဲမှာ အဆီ၊ အချိုတွေလျှော့ပြီး နီတဲ့အသားကို တစ်ပတ်မှာ အများဆုံးနှစ်ကြိမ်ပဲ ၀ယ်ချက်ဖို့၊ ပုဇွန်၊ ငါးတို့ ပိုစားဖို့ တိုက်တွန်းရမှာ ဖြစ်ပါတယ်။

(၅) အမျှင်စားသုံးမှု နည်းခြင်း

အမျှင်စားသုံးမှုနည်းရင် ၀မ်းချုပ်စေပြီး အသက်ကြီးတဲ့အခါ အူမကြီးနဲ့ အစာဟောင်းအိမ်ကင်ဆာဖြစ်နိုင်ခြေ မြင့်မားပါတယ်။ ဒါကြောင့် အိမ်ရှင်မကို မိသားစုထမင်းဝိုင်းမှာ အသီးအရွက်တွေ မပါမဖြစ် ထည့်ချက်ကျွေးဖို့ အိမ်ထောင်ဦးစီးတွေက ပြောရပါမယ်။

(၆) ကင်ဆာဖြစ်စေတဲ့ ဓာတုပစ္စည်းပါ အစားအသောက်တွေ စားမိတာနဲ့ ဓာတုပစ္စည်းတွေကို ထိတွေ့ရှူရှိုက်မိခြင်း

မှိုတက်နေတဲ့ အစာတွေမှာပါတဲ့ Aflatoxin ကြောင့် အသည်းကင်ဆာ ဖြစ်စေနိုင်သလို အသားကင်၊ ငါးကင်တွေမှာပါတဲ့ Nitrosamine ကလည်း အစာအိမ်နဲ့ အသည်းကင်ဆာ ဖြစ်စေနိုင်ပါတယ်။ ပလတ်စတစ်မှာပါတဲ့ dioxins နဲ့ bisphenol ဓာတ်တွေက အူမကြီးကင်ဆာ ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် အိမ်ထောင်ဦးစီးတွေက ကိုယ့်အိမ်ရှင်မကို မှိုတက်စေနိုင်တဲ့ အစာတွေ၊ မီးနဲ့တိုက်ရိုက်ထိတွေ့တဲ့ အသားကင်၊ ငါးကင်တွေကို ပြင်ဆင်မစားမိအောင်၊ ပူတဲ့အစားအသောက်တွေကို ပလတ်စတစ် ခွက်ယောက်တွေထဲ ထည့်စားတာ၊ သယ်တာတွေ မလုပ်အောင် အကြံပေးရပါမယ်။

လုပ်ငန်းခွင်ထဲမှာ ဓာတုပစ္စည်းတွေ ကိုင်တွယ်ရတာ၊ ရှူရှိုက်မိရတာတွေရှိရင် အကာအကွယ် ပစ္စည်းတွေကို အသုံးပြုရပါမယ်။ (ဥပမာ- Asbestos၊ Formaldehyde တို့ ရှူရှိုက်မိနိုင်တဲ့ ကျောက်ဂွမ်းစက်ရုံ၊ ပရိဘောဂတိုက်တွေမှာ အလုပ်လုပ်ရရင်)

(၇) ကိုယ်လက်လှုပ်ရှားမှု မရှိခြင်း

ကိုယ်လက်လှုပ်ရှားမှု ပြုလုပ်တာကြောင့် ခန္ဓာကိုယ်ထဲရှိ အီစထရိုဂျင်နဲ့ အင်ဆူလင်ဓာတ်တွေကို ကျဆင်းစေပါတယ်။ ကိုယ်လက်လှုပ်ရှားမှုမရှိဘဲ ကိုယ်အလေးချိန်မြင့်တက်ရင် ရင်သားကင်ဆာနဲ့ အူမကြီးကင်ဆာဖြစ်နိုင်ခြေ မြင့်တက်စေပါတယ်။ ဒါကြောင့် အိမ်ထောင်ဦးစီးတွေဟာ ကိုယ့်မိသားစုဝင်တွေကို အားကစားတစ်ခုခု ပြုလုပ်အောင် စီစဉ်ပေးပါ။ တကယ်လို့ မလုပ်ဖြစ်ရင်တောင် တစ်နေ့ မိနစ် ၃၀ နဲ့ တစ်ပတ်မှာ ၅ ရက် လမ်းလျှောက်လေ့ကျင့်ခန်း ပြုလုပ်ဖြစ်အောင် တိုက်တွန်းအားပေးရပါမယ်။

(၈) ကိုယ်အလေးချိန်များခြင်း၊ အ၀လွန်ခြင်း

အစားအသောက်ပိုစားတာနဲ့ ကိုယ်လက်လှုပ်ရှားမှုနည်းတာကြောင့် ကိုယ်အလေးချိန်ရှိသင့်တာထက် ပိုမြင့်လာရင် ရင်သား၊ အူမကြီး၊ အစာဟောင်းအိမ်၊သားအိမ်၊ အစာရေမျိုပြွန်၊ အစာအိမ်၊ အသည်း၊ သားဥအိမ်၊ ပန်ကရိယ၊ ကျောက်ကပ်၊ သည်းခြေအပါအ၀င် တခြားကင်ဆာတွေကို ဖြစ်နိုင်ခြေ မြင့်တက်စေပါတယ်။ ကိုယ့်မိသားစုဝင်တွေကို လစဉ် ကိုယ်အလေးချိန်မှတ်ခိုင်းပြီး ခန္ဓာကိုယ်သိပ်သည်းဆ(BMI) ၂၅ ထက်မြင့်နေသူတွေကို ၀ိတ်လျှော့ပြီး ပုံမှန်ကိုယ်အလေးချိန်ရောက်အောင် အိမ်ထောင်ဦးစီးက အကြံပေးတိုက်တွန်းရပါမယ်။

(၉) ဆီးချိုရောဂါရှိခြင်း

ဆီးချိုရှိပြီး စနစ်တကျကုသမှု မခံယူရင် အမျိုးသမီးတွေအနေနဲ့ ကင်ဆာဖြစ်နိုင်ခြေ ၂၇ ရာခိုင်နှုန်း၊ အမျိုးသားတွေမှာ ၁၉ ရာခိုင်နှုန်း မြင့်မားတယ်လို့ လေ့လာချက်တွေက ဆိုပါတယ်။ အမျိုးအစား (၂) ဆီးချိုရောဂါရှိပြီး သေချာထိန်းချုပ်ကုသမှု မခံယူတာကြောင့် အသည်း၊ ပန်ကရိယ၊ သားအိမ်၊ အူမကြီးနဲ့ အစာဟောင်းအိမ်၊ ရင်သား၊ ဆီးအိမ်ကင်ဆာတွေကို ပိုဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် မိသားစုဝင်တွေ ဆီးချိုမဖြစ်အောင် ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအသောက်တွေ စားသောက်ဖို့၊ ဆီးချိုရှိ၊ မရှိ သွေးစစ်ဆေးမှု ခံယူဖို့ အိမ်ထောင်ဦးစီးက တိုက်တွန်းပေးရပါမယ်။

(၁၀) အသည်းရောင်ဘီပိုးနဲ့ လိင်အင်္ဂါကြွက်နို့ပိုး ကူးစက်ခံရခြင်း

အသည်းရောင်ဘီပိုးကြောင့်ဖြစ်တဲ့ အသည်းကင်ဆာကာကွယ်ဖို့ မိသားစုဝင်တွေအားလုံး ဘီပိုးစစ်ဆေးပြီး ပိုးမရှိရင် ကာကွယ်ဆေးထိုးဖို့ အိမ်ထောင်ဦးစီးက စီစဉ်ဆောင်ရွက်ပေးရပါမယ်။ မိသားစုထဲက ၉ နှစ်မှ ၂၆ နှစ်ကြားအမျိုးသမီးအားလုံး သားအိမ်ခေါင်းကင်ဆာကာ ကွယ်ဆေးထိုးဖို့လည်း စီစဉ်ပေးရပါမယ်။

(၁၁) လေထုညစ်ညမ်းခြင်း

ဆေးလိပ်ငွေ့အပြင် ကား၊ စက်ရုံ၊ အလုပ်ရုံကထွက်တဲ့ ကာဗွန်မိုနော့ဆိုက် ဓာတ်ငွေ့တွေ၊ ခြင်ဆေးခွေ၊ အမွှေးတိုင်၊ ထင်းတို့ကထွက်တဲ့ အငွေ့တွေအားလုံးက အဆုတ်ကိုထိခိုက်စေနိုင်ပြီး အဆုတ်ကင်ဆာ ဖြစ်စေနိုင်တဲ့အတွက် ကိုယ့်မိသားစုနေတဲ့အိမ်နဲ့ ပတ်ဝန်းကျင်မှာ ဒီအငွေ့တွေ ကင်းရှင်းကာ လေကောင်းလေသန့်ရအောင် အိမ်ထောင်ဦးစီးက စီစဉ်ဆောင်ရွက်ပေးရပါမယ်။

(၁၂) ဓာတ်ရောင်ခြည်သင့်ခြင်း၊ နေရောင်ခြည်ထိတွေ့မှုများခြင်း

ဓာတ်မှန်ရိုက်တဲ့အခါ အသုံးပြုတဲ့ X-rays နဲ့ မကြာခဏထိတွေ့ရတာ၊ ကင်ဆာအတွက် ဓာတ်ရောင်ခြည်ကုသမှု ခံယူရတာ၊ လည်ပင်းကြီးရောဂါနဲ့ သိုင်းရွိုက်ရောဂါအတွက် ရေဒီယိုသတ္တိကြွ ဆေးဝါးတွေ သုံးစွဲရတာ၊ အဏုမြူဓာတ်ပေါင်းဖိုမှ ဓာတ်ငွေ့ယိုစိမ့်မှုတွေက သွေးကင်ဆာနဲ့ တခြားကင်ဆာတွေကို ဖြစ်စေနိုင်လို့ ရေဒီယိုသတ္တိကြွ ဓာတ်ပစ္စည်းတွေနဲ့ အလုပ်လုပ်ကိုင်နေရသူတွေဟာ အကာအကွယ်ကို စနစ်တကျ အသုံးပြုဖို့နဲ့ ဓာတ်ရောင်ခြည်ကုသမှု ခံယူနေရသူတွေက ဆရာဝန်ညွှန်ကြားချက်အတိုင်း လိုက်နာစစ်ဆေးဖို့ လိုအပ်ပါတယ်။

ခရမ်းလွန်ရောင်ခြည်ပါတဲ့ နေရောင်ခြည်ကို ကြာကြာထိတွေ့ရင် အရေပြားကင်ဆာဖြစ်နိုင်လို့ ကိုယ့်သားသမီးတွေကို အဲဒီလို နေရောင်အောက်မှာ ဆော့ကစားမှုမရှိအောင် အိမ်ထောင်ဦးစီးက ကြီးကြပ်ပေးရပါမယ်။

အိမ်ထောင်ဦးစီးဆိုတာ မိသားစုဝင်အားလုံးရဲ့ စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေးတွေမှာ တာဝန်ရှိသလို ကင်ဆာကာကွယ်ရေးနဲ့ စောစောသိရှိရေးတွေကို နားလည်ပြီး လိုက်နာဆောင်ရွက်ပေးမယ်ဆိုရင် ကိုယ်နဲ့ ကိုယ်ချစ်တဲ့သူအားလုံး အနာဂတ်မှာ ကင်ဆာကင်းစင်ပြီး ကိုယ်ကျန်းမာ စိတ်ချမ်းသာနေနိုင်မှာ ဖြစ်ပါတယ်။

Most Popular

Healthy Life Ad
To Top