Healthy Life Ad
Health Tips

သက်လတ်ပိုင်းအရွယ်တွင် ကိုလက်စထရော အနည်းငယ် မြင့်တက်ခြင်းဖြင့် နှလုံးရောဂါ ဖြစ်နှုန်း ၄၀ ရာခိုင်နှုန်းကျော် မြင့်တက်စေနိုင်

———၊ ကိုထက် ၊———

သက်လတ်ပိုင်းအရွယ်မှာ သွေးတွင်းကိုလက်စထရောအဆင့် အနည်းငယ်မြင့်တက်တာက ဘ၀နောက်ပိုင်းမှာ နှလုံးရောဂါအန္တရာယ် သိသိသာသာ မြင့်တက်စေနိုင်တယ်လို့ သိပ္ပံပညာရှင်တွေက သတိပေးထားပါတယ်။

အသက် ၃၀၊ ၄၀ အရွယ်မှာ သွေးကြောတွေ ရေရှည်ထိခိုက်မှု စတင်ဖြစ်ပေါ်တတ်ကြောင်း လေ့လာသူတွေကဆိုထားပြီး အသက် ၃၅ နှစ်နဲ့ ၅၅ နှစ်ကြားအရွယ်မှာ ကိုလက်စထရောမြင့်တက်မှု ရှိနေပါက ၁၀ နှစ်ကြာတိုင်း နှလုံးရောဂါအန္တရာယ်က ၄၀ ရာခိုင်နှုန်းကျော် မြင့်တက်မှုရှိကြောင်း အမေရိကန် လေ့လာမှုအသစ်အရ သိရပါတယ်။ ဖရာမင်ဟမ် နှလုံးလေ့လာမှုက နှလုံးသွေးကြောရောဂါမရှိတဲ့ ၅၅ နှစ်အရွယ် လူ ၁၄၇၈ ဦးကို ဆန်းစစ်လေ့လာခဲ့ရာ သွေးတွင်း နှစ် ၂၀ ကျော်ကြာ ကိုလက်စထရော မြင့်တက်မှုရှိသူတွေက နှလုံးရောဂါဖြစ်နိုင်ခြေ မြင့်မားမှုရှိတယ်လို့ တွေ့ရှိခဲ့ရပါတယ်။

၁၁ နှစ်မှ ၂၀ နှစ်ကြာ ကိုလက်စထရော မြင့်မားသူတွေက နှလုံးရောဂါဖြစ်နိုင်ခြေ ၁၆ ဒသမ ၅ ရာခိုင်နှုန်း၊ တစ်နှစ်မှ ၁၀ နှစ်ကြာ ကိုလက်စထရော မြင့်မားသူတို့ကမူ နှလုံးရောဂါဖြစ်နိုင်ခြေ ၈ ဒသမ ၁ ရာခိုင်နှုန်း မြင့်မားမှုရှိပြီး ကိုလက်စထရောမြင့်မားမှု မရှိသူတို့ကမူ နှလုံးရောဂါဖြစ်နိုင်ခြေ ၄ ဒသမ ၄ ရာခိုင်နှုန်းသာ မြင့်တက်မှုရှိကြောင်း လေ့လာမှုအရ တွေ့ရှိခဲ့ရပါတယ်။ အဲဒီလေ့လာမှုရလဒ်အရ ကိုလက်စထရောမြင့်တက်မှု ၁၀ နှစ်ကြာတိုင်း နှလုံးရောဂါဖြစ်နိုင်ခြေ ၃၉ ရာခိုင်နှုန်း မြင့်မားမှုရှိကြောင်း သိရှိရပါတယ်။

“အသက် ၃၀ နဲ့ ၄၀ အရွယ်တွေမှာ ကိုလက်စထရော မြင့်တက်တာကြောင့် အသက် ၅၀၊ ၆၀ နဲ့ ၇၀ အရွယ်တွေမှာ နှလုံးကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။ သင်က ဆေးလိပ်မသောက်ဘူး၊ သွေးဖိအားနဲ့ ကိုယ်အလေးချိန်ကို ပုံမှန်ရှိအောင် ထိန်းနိုင်တယ်၊ ဆီးချိုရောဂါ မရှိဘူးဆိုရင်တောင် ကိုလက်စထရော မြင့်တက်နေရင် ရေရှည်မှာ နှလုံးအတွက် အန္တရာယ်ဖြစ်စေနိုင်တုန်းပါပဲ”လို့ ဒတ်ခ်ဆေးတက္ကသိုလ်မှ လေ့လာမှုခေါင်းဆောင် ဒေါက်တာအန်းမာ ရီက ပြောကြားခဲ့ပါတယ်။

(Ref;DM)

Most Popular

Healthy Life Ad
To Top