Healthy Life Ad
Life Style

ပညာသင်ယူသူနှင့် ဥာဏလုပ်သားများရရှိသည့် ဦးနှောက်ကျန်းမာရေးအကျိုးကျေးဇူး

စူး (ဆေးဝါးတက္ကသိုလ်)

စာမေးပွဲတွေ ဖြေရတာ၊ စာတမ်းတွေတင်ဖို့ ပြင်ဆင်ရတာ၊ Presentation လုပ်ဖို့ အချက်အလက် စုဆောင်းရတာ စတဲ့ အရာအားလုံးက ဦးနှောက်ကို စိန်ခေါ်လုပ်ဆောင်ရတာကြောင့် စိတ်ပင်ပန်း နွမ်းနယ်မှုဖြစ်ရတာအမှန်ပါ။ ဒါပေမဲ့ ဒီလို ပညာရပ်အသစ်တွေကို ဆည်းပူးလေ့လာရတာကြောင့် ဦးနှောက်ရဲ့ လုပ်ငန်းဆောင်တာတွေကို ကောင်းမွန်ထက်မြက်လာစေပါတယ်။

အယ်လ်ဇိုင်းမားရောဂါဖြစ်နှုန်းလျော့နည်းခြင်း
ပညာသင်ယူလေ့လာတာနဲ့ တွေးခေါ်ဆုံးဖြတ်ရတဲ့ အလုပ်တွေလုပ်တာကြောင့် မှတ်ဥာဏ်ထိခိုက်မှုကို လျော့ကျစေပြီး အယ်လ်ဇိုင်းမားရောဂါရဲ့ လက္ခဏာတွေကိုကာကွယ်ပေးနိုင်တယ်လို့ အာရုံကြောဆိုင်ရာ ဆေးပညာဂျာနယ်ရဲ့ လတ်တလော လေ့လာမှုတစ်ရပ်အရ သိရပါတယ်။ အမျိုးသမီး ခြောက်ဦးမှာ တစ်ဦးခန့် အယ်လ်ဇိုင်းမားရောဂါ ဖြစ်နိုင်တဲ့ အခွင့်အလမ်းများနေတာက ပညာသင်ယူမှုနဲ့အလုပ်လုပ်ကိုင်မှုမှာ အချိန်ကုန်ဆုံးမှု နည်းတာကြောင့် ဖြစ်ပါတယ်။

သတိမေ့ရောဂါဖြစ်နှုန်း လျော့နည်းခြင်း
ပညာသင်ကြားတာနဲ့ ဥာဏ်သုံးရတဲ့ အလုပ်လုပ်တာကြောင့် သတိမေ့တဲ့ Dementia ဖြစ်နိုင်ခြေကို လျော့ကျစေတယ်လို့ လေ့လာမှုတစ်ရပ် အရသိရပါတယ်။ ပညာကို အဆင့်မြင့်မြင့်သင်ကြားသူတွေနဲ့ ဥာဏ်ရည်ကို လှုံ့ဆော်တဲ့ အလုပ်အကိုင် လုပ်ကိုင်သူတွေဟာ ပညာနိမ့်သူ၊ ကာယ အားကိုးပြီး လုပ်ရသူ တွေထက် သတိမေ့တဲ့ Dementia ဖြစ်နိုင်ခြေ သိသိသာသာလျော့နည်းမှု ရှိတာကို တွေ့ရပါတယ်။

တွေးခေါ်မြော်မြင်နိုင်စွမ်း အားကောင်းခြင်း
ပညာသင်ယူလေ့လာရတာနဲ့ စိန်ခေါ်တဲ့ အလုပ်တွေကို လုပ်ကိုင်တာတွေကြောင့် တွေးခေါ် မြော်မြင် နိုင်စွမ်းအားကို ပိုမိုကောင်းမွန်တိုးတက်စေတယ်လို့ လေ့လာသူတွေကဆိုပါတယ်။ အကြောင်းကတော့ အဆင့်မြင့်ပညာသင်ကြားတာနဲ့ ဥာဏ်သုံးပြီး လုပ်ရတာတွေကြောင့် ဦးနှောက်ရဲ့ လုပ်ငန်းဆောင်တာ ပိုမိုကောင်းမွန်လာပြီး ဦးနှောက်ကို သန်စွမ်းစေလို့ပါ။

အကြံပြုချက်
ပညာသင်ယူသူနှင့် ဥာဏလုပ်သားများ ဦးနှောက်စွမ်းရည် ပိုမိုထက်မြက်စေရန်
အားလပ်ချိန်မှာ မိနစ်၃၀လောက် လမ်းလျှောက်ပေးတာက အ၀လွန်တာ၊ ဆီးချိုရောဂါနဲ့ အရိုးပါးရောဂါဖြစ်နှုန်းကို လျော့ကျစေတဲ့အပြင် နှလုံးကျန်းမာရေးကို ကောင်းမွန်စေပါတယ်။ တကယ်လို့ လမ်းလျှောက်ဖို့ စိတ်မပါရင် ရေကူးတာ၊ တောင်တက်တာ၊ အိမ်မှာ လေ့ကျင့်ခန်းလုပ်တာတွေကို လုပ်ဆောင်ပေးနိုင်ပါတယ်။ ဒီလိုလုပ်တာကြောင့် ဦးနှောက်ကို ကြံ့ခိုင်သန်စွမ်းစေကာ စိတ်ကို လန်းဆန်း စေတဲ့အတွက် ပညာသင်ယူလေ့လာမှုအပိုင်းနဲ့ ဦးနှောက်သုံးပြီး ဆုံးဖြတ်လုပ်ကိုင်မှု အပိုင်းတွေမှာ ပိုမိုအဆင်ပြေလာပါလိမ့်မယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top