Healthy Life Ad
Health Tips

ငယ်မူပြန်မှတ်ဥာဏ်လျော့နည်းရောဂါ (၂)

ဒေါက်တာအုန်းကျော် (စိတ်ကျန်းမာရေးအထူးကု ဆရာဝန်ကြီး – အငြိမ်းစား)

သူနာပြုမေစီက ငယ်မူပြန်မှတ်ဥာဏ်လျော့နည်းရောဂါ ခံစားနေရတဲ့ လူနာဂျိုးအတွက် စိတ်မကောင်းပါဘူးလို့ ပြောပါတယ်။

“မေစီက ဘာကြောင့် စိတ်မကောင်းဖြစ်နေသလဲ”

“အယ်လ်ဇိုင်းမားရောဂါဆိုတာ တဖြည်းဖြည်း ရောဂါဆိုးရွား ပြင်းထန်လာတတ်တဲ့ ငယ်မူပြန်မှတ်ဥာဏ်လျော့နည်းရောဂါ (Dementia) မျိုးမဟုတ်ဘူးလား။ ကုသလို့မရတဲ့ ရောဂါမျိုးလို့ ကျွန်မသိရှိထားပါတယ်။

“ငယ်မူပြန်မှတ်ဥာဏ်လျော့နည်းရောဂါ ရှိသူတိုင်း အယ်လ်ဇိုင်းမားရောဂါ ခံစားနေရတာမဟုတ်ဘူး။ ကာကွယ်လို့ရတဲ့ အကြောင်းရင်းတွေကြောင့် ဖြစ်ပွားတဲ့ ငယ်မူပြန်မှတ်ဥာဏ်လျော့နည်းရောဂါတွေ ရှိတယ်”

“ရှင်းပြပါဒေါက်တာ”

“ဥပမာ-အရက်အလွန်အကျွံသောက်လို့ ဖြစ်ပွားတဲ့ရောဂါမျိုး (Alcoholic Dementia)၊ မကြာခဏ ဦးခေါင်းဒဏ်ရာရရှိလို့ ဖြစ်ပေါ်လာနိုင်တဲ့ ရောဂါမျိုး”

မေစီက ထောက်ပြပါတယ်။

“ကြေးစားလက်ဝှေ့သမားတွေမှာ ဖြစ်တတ်တဲ့ ဦးနှောက်ပျက်စီးရောဂါ (Punch-Drunk Syndrome) လား”

“မှန်ပါတယ်။ နောက်ပြီး ခဲအဆိပ်တက်ရောဂါနဲ့ ကာဗွန်မိုနော့ဆိုက်ဓာတ် အဆိပ်တက်ရောဂါတွေမှာလည်း ငယ်မူပြန်ဥာဏ်ရည်လျော့နည်းရောဂါ ရရှိလာနိုင်တယ်။ အချိန်မီကုသရင် ပျောက်ကင်းသက်သာနိုင်တဲ့ ရောဂါတွေကြောင့် ငယ်မူပြန်ဥာဏ်ရည်လျော့နည်းရောဂါ ရရှိနိုင်တယ်”

“ဥပမာပြောပါ”

“ဥပမာ-ဗီတာမင်ဘီ-၁၂နဲ့ ဖောလစ်ဓာတ် (Folate) ချို့တဲ့ရောဂါ၊ သိုင်းရွိုက်ဟော်မုန်းကျဆင်းရောဂါ၊ နာတာရှည် ဆီးအဆိပ်တက်ရောဂါ (Uraemia) စတဲ့ ရောဂါတွေပါ။ နောက်ထပ်ရှိသေးတယ်။ A ဗိုင်းရပ်စ်ပိုးကြောင့်ဖြစ်ပွားတဲ့ “ခုခံအားကျဆင်းရောဂါ”(HIV-AIDS) နဲ့ ဆစ်ဖလစ်ကာလသားရောဂါ (Syphilis) ကို အချိန်မီကုသပေးရင် ငယ်မူပြန်မှတ်ဥာဏ်လျော့နည်းရောဂါကို ကာကွယ်နိုင်တယ်”

“ဦးနှောက်သွေးကြောပိတ် ငယ်မူပြန်မှတ်ဥာဏ်လျော့နည်းရောဂါ”( Vascular Dementia) ကို မေစီသိသလား”

“မကြာခဏ ဦးနှောက်လေဖြတ်လို့ ဖြစ်ပွားတဲ့ရောဂါလား”

“စိတ်ကျရောဂါကြောင့်တော့ ငယ်မူပြန်မှတ်ဥာဏ်လျော့နည်းရောဂါ မဖြစ်ပွားနိုင်ပါဘူး။ ဒါပေမဲ့ ငယ်မူပြန်မှတ်ဥာဏ်လျော့နည်းရောဂါ ဖြစ်ပွားစအချိန်မှာ စိတ်ကျရောဂါလက္ခဏာတွေကို တွေ့ရှိရတယ်။ နောက်ပြီး သက်ကြီးရွယ်အိုမှာ ဖြစ်ပွားတဲ့ စိတ်ကျရောဂါက ဆိုးရွားပြင်းထန်ရင် ငယ်မူပြန်မှတ်ဥာဏ်လျော့နည်းရောဂါနဲ့ ဆင်တူယိုးမှား ဖြစ်နိုင်တယ်။”

“မှန်ပါတယ်။ သွေးတိုးရောဂါ၊ သွေးအဆီတက်ရောဂါနဲ့ ဆီးချိုရောဂါကို ထိထိရောက်ရောက် ကုသမှုခံယူရင် အဲဒီရောဂါမဖြစ်ပွားအောင် ကာကွယ်နိုင်တယ်။ ငယ်မူပြန်မှတ်ဥာဏ်လျော့နည်းရောဂါ ဖြစ်ပေါ်စေတဲ့ တခြားအကြောင်းရင်းတွေ ရှိသေးတယ်။ ဥပမာ-ဦးနှောက်အကျိတ်ရောဂါ (Brain Tumour)၊ ဦးနှောက်အမြှေးပါးအောက် သွေးခဲရောဂါ (Subdural Hematoma)နဲ့ သာမန်ဖိအား ဦးနှောက်အရည်ကြည်တိုးပွားရောဂါ (Normal Pressure Hydrocephalus) စတဲ့ရောဂါတွေပါ။ အဲဒီရောဂါတွေကို အချိန်မီတွေ့ရှိရင် သက်သာပျောက်ကင်းအောင် ကုသပေးနိုင်ပါတယ်”

သူနာပြုမေစီက စပ်စုပါတယ်။

“ငယ်မူပြန်မှတ်ဥာဏ်လျော့နည်းရောဂါရှိသူတွေထဲမှာ ဒေါက်တာပြောခဲ့တဲ့ အကြောင်းရင်းတွေကြောင့် ဖြစ်ပွားတဲ့လူနာတွေ ဘယ်လောက်များသလဲ”

“အကြမ်းအားဖြင့်ပြောရရင် ငယ်မူပြန်မှတ်ဥာဏ်လျော့နည်းရောဂါ ဖြစ်ပွားသူတွေထဲမှာ ၅၀ မှ ၆၀ ရာခိုင်နှုန်းက အယ်လ်ဇိုင်းမားရောဂါ ခံစားရတာတွေ့ ရှိရတယ်။ ကျန်တဲ့လူနာတွေက ကျွန်တော်ပြောခဲ့တဲ့ အကြောင်းရင်းတွေကြောင့် ရောဂါဖြစ်ပွားတာပါ။ အဲဒီအထဲမှာ အများဆုံးတွေ့ရှိရတာက “ဦးနှောက်သွေးကြောပိတ် ငယ်မူပြန်မှတ်ဥာဏ်လျော့နည်းရောဂါ” ဖြစ်ပါတယ်။ ၁၅ မှ ၃၀ ရာခိုင်နှုန်းအထိ ရှိပါတယ်”

သူနာပြုမေစီက ကြားဖြတ်မေးမြန်းတယ်။

“စိတ်ကျရောဂါကြောင့် ငယ်မူပြန်မှတ်ဥာဏ်လျော့နည်းရောဂါ ရရှိနိုင်သလား”

“စိတ်ကျရောဂါကြောင့်တော့ ငယ်မူပြန်မှတ်ဥာဏ်လျော့နည်းရောဂါ မဖြစ်ပွားနိုင်ပါဘူး။ ဒါပေမဲ့ ငယ်မူပြန်မှတ်ဥာဏ်လျော့နည်းရောဂါ ဖြစ်ပွားစအချိန်မှာ စိတ်ကျရောဂါလက္ခဏာတွေကို တွေ့ရှိရတယ်။ နောက်ပြီး သက်ကြီးရွယ်အိုမှာဖြစ်ပွားတဲ့ စိတ်ကျရောဂါက ဆိုးရွားပြင်းထန်ရင် ငယ်မူပြန်မှတ်ဥာဏ်လျော့နည်းရောဂါနဲ့ ဆင်တူယိုးမှား ဖြစ်နိုင်တယ်။ ဒါကြောင့် အလွယ်တကူကုသလို့ ပျောက်ကင်းနိုင်တဲ့ စိတ်ကျရောဂါလို ကုသမှုမခံယူရတာ ရှိတတ်ပါတယ်”

မေစီက သူကြည့်ရှုနေတဲ့ လူနာဂျိုးရဲ့ ရောဂါအခြေအနေကို သိချင်ပါတယ်။

“ဂျိုးခံစားနေရတဲ့ ငယ်မူပြန်မှတ်ဥာဏ်လျော့နည်းရောဂါက ဘာကြောင့်ဖြစ်ပွားတာလဲ”

“သွေးစစ်၊ ဓာတ်မှန်ရိုက်ထားတဲ့ အဖြေတွေကို ကျွန်တော်ရရှိပါပြီ။ ဂျိုးက အယ်လ်ဇိုင်းမားငယ်မူပြန် မှတ်ဥာဏ်လျော့နည်းရောဂါ ခံစားနေရပါတယ်”

“အယ်လ်ဇိုင်းမားရောဂါက ဘာကြောင့်ဖြစ်တာလဲ ဒေါက်တာ”

“အယ်လ်ဇိုင်းမားရောဂါက ဦးနှောက်ကလာပ်စည်းတွေ သေကြေပျက်စီးပြီး အမာရွတ်ဖြစ်လာတဲ့ရောဂါပါ။ ဦးနှောက်ကလာပ်စည်းပတ်လည်မှာ မူမမှန်တဲ့ အသားဓာတ်အစိုင်အခဲ (Amyloid Plaques) တွေ ဖြစ်ပေါ်လာတယ်။ ဦးနှောက်ကလာပ်စည်းထဲမှာလည်း TAU လို့ခေါ်တဲ့ အသားဓာတ်ချည်မျှင်တွေ ပေါ်ပေါက်လာတယ်။ ဒါကြောင့် ဦးနှောက်ကလာပ်စည်းတွေ သေကြေပျက်စီးသွားတာပါ”

“အဲဒီမူမမှန်တဲ့ အသားဓာတ်တွေက ဘာကြောင့်ဖြစ်ပေါ်လာသလဲ”

“အာနိသင်ချို့ယွင်းနေတဲ့ ဗီဇမျိုးစေ့ (Genes) တွေကြောင့်ပါ။ အခုအချိန်အထိ ချို့ယွင်းတဲ့ ဗီဇမျိုးစေ့အမျိုးမျိုး တွေ့ရှိထားပါတယ်။ အသက် ၆၅ နှစ်မတိုင်ခင် ဖြစ်ပွားတဲ့ အယ်လ်ဇိုင်းမားရောဂါက App (PSEN1) (PSEN2) လို့ခေါ်တဲ့ ဗီဇမျိုးစေ့တွေနဲ့ သက်ဆိုင်တယ်။ အသက် ၆၅ နှစ်ကျော်မှ ဖြစ်ပွားတဲ့ အယ်လ်ဇိုင်းမားရောဂါမှာတော့ APOE(E2)၊ APOE (E3) နဲ့ APOE(E4) ဗီဇမျိုးစေ့ ချို့ယွင်းနေတာ တွေ့ရှိရပါတယ်”

“အဲဒီလိုဆိုတော့ အယ်လ်ဇိုင်းမားရောဂါက မျိုးရိုးလိုက်ပြီးဖြစ်တဲ့ ရောဂါပေါ့”

“အယ်လ်ဇိုင်းမားရောဂါလူနာ ၄၀ ရာခိုင်နှုန်းကျော်က မိသားစုထဲမှာ အလားတူရောဂါဖြစ်ပွားတာ တွေ့ရှိရတယ်။ အမျိုးထဲမှာ ရောဂါမရှိပေမယ့် ဗီဇမျိုးစေ့သဘာဝ ပြောင်းလဲသွားခြင်း (Gene Mutation) ရှိရင်လည်း အယ်လ်ဇိုင်းမားရောဂါ ရရှိနိုင်ပါတယ်”

“ဦးနှောက်ကလာပ်စည်းတွေ ပျက်စီးသွားတော့ ဦးနှောက်အာရုံကြောဆက်သွယ်ပေးတဲ့ ဓာတ်ဖြစ်တဲ့“အေစီအိပ်ခ်ျ” (Acetycholine) ဓာတ် လျော့နည်းလာတယ်။ ဒါကြောင့် ငယ်မူပြန်မှတ်ဥာဏ်လျော့နည်းလက္ခဏာတွေ ဖြစ်ပေါ်လာတာပါ”

မေစီက သူ့လူနာဂျိုးဘက်ကို ဦးလှည့်လာပြန်တယ်။

“အဲဒီတော့ ဂျိုးအတွက် ကုသမှုက . . .”

“အေစီအိပ်ခ်ျဓာတ် အာနိသင်တိုးပွားစေတဲ့ ဆေးတွေကို အသုံးပြုပါတယ်။ ဥပမာ- Donepezil၊ Rivastigmine၊ Galatamine နဲ့ Tacrine စတဲ့ ဆေးတွေပါ။

နောက်ထပ်ဆေးတစ်မျိုး ရှိသေးတယ်။ အဲဒီဆေးကတော့ ဦးနှောက်ကလာပ်စည်းတွေကို ဒဏ်ပိစေတဲ့ ဂလူတာမိတ် Glutamate ဓာတ်ရဲ့ အာနိသင်ကို လျော့နည်းစေတယ်၊ ဆေးနာမည်က Memantine ဖြစ်ပါတယ်”

“အဲဒီဆေးတွေက အယ်လ်ဇိုင်းမားရောဂါကို သက်သာပျောက်ကင်းစေနိုင်သလား”

“ပျောက်ကင်းအောင်တော့ မကုသနိုင်ဘူး။ ရောဂါကို သက်သာစေတယ်။ ရောဂါဆိုးရွားမှုအရှိန်ကို လျော့နည်းစေပါတယ်”

သူနာပြုမေစီက သူ့လူနာဂျိုးကို ပြုစုပျိုးထောင်ဖို့ ဆောင်ရွက်သင့်တဲ့ အချက်အလက်တွေကို သိချင်ပါတယ်။

“ဂျိုးအတွက် ကျွန်မဘယ်လိုကူညီပေးရမလဲ”

“အင်္ဂလန်နိုင်ငံ၊ အမျိုးသားကျန်းမာရေးဝန်ဆောင်မှုဌာန (NHS) က ညွှန်ကြားထားတဲ့ လူနေမှုပုံစံ သုံးမျိုးရှိတယ်။

(က) ဆေးလိပ်သောက်တဲ့အကျင့် (ဆေးရွက်ကြီးစားတဲ့အကျင့်) ကို ရပ်နားရမယ်။ အရက်မသောက်နဲ့။ အရက်သောက်တတ်နေရင် တစ်နေ့အရက်(Ethanol) ၂၀ ဂရမ်ထက် ပိုမသောက်နဲ့။ အသီးအရွက်များများစား၊ အသက်ရှူမြန်လာစေတဲ့ ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်း (Aerobic Activity) မှန်မှန်လုပ်။ သွေးတိုးရောဂါ၊ ဆီးချိုရောဂါရှိရင် အချိန်မီကုသမှုခံယူ၊ စိတ်လေ့ကျင့်ခန်းကိုလည်း လေ့ကျင့်ရမယ်။

(ခ) “ဦးနှောက်လေ့ကျင့်ခန်း (Brain Training) ကို ပြောတာလား”

“မှန်ပါတယ်။ ဒါပေမဲ့ အင်တာနက်ထဲမှာ တွေ့ရှိရတဲ့ ဦးနှောက်လေ့ကျင့်ခန်းတွေကို မလိုက်နာနိုင်ရင် အားငယ်စရာမလိုပါဘူး။ နေ့စဉ်အလွယ်တကူ ပြုလုပ်နိုင်တဲ့ နည်းတွေရှိပါတယ်။ နေ့စဉ် သတင်းစာ၊ ဂျာနယ်တစ်ခုခုကိုဖတ်။ ဖတ်ပြီးတဲ့ အကြောင်းအရာကို ပြန်လည်စဉ်းစားကြည့်၊ ဗဟုသုတအသစ်ကို သင်ယူလေ့ကျင့်-ဥပမာ-ဘာသာစကားအသစ်ကိုသင်ယူခြင်း၊ ၀ါသနာအသစ်ကို လေ့လာခြင်း၊ တေးဂီတအတီးအမှုတ်ကို သင်ယူခြင်း၊ နောက်ပြီး ပဟေဠိဥာဏ်စမ်းဂိမ်းကစားခြင်း။

(ဂ) အသက်ကြီးလာရင် တစ်ယောက်တည်း အထီးကျန်နေတတ်တာလည်း မကောင်းဘူး။ အပေါင်းအသင်းနဲ့ စုပေါင်းလှုပ်ရှားနိုင်တဲ့ လုပ်ငန်းတွေထဲမှာ ပါဝင်ဆောင်ရွက်ရမယ်။ ဥပမာ-ပရဟိတ လုပ်ငန်းတစ်ခုခုမှာ ပါဝင်လှုပ်ရှားခြင်း၊ ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းကို စုပေါင်းဆောင်ရွက်ခြင်း၊ ၀ါသနာအဖွဲ့အစည်းတစ်ခုခုမှာ ပါဝင်လုပ်ကိုင်ခြင်း စသဖြင့်ပေါ့”

“ဒေါက်တာပြောတဲ့ လူနေမှုပုံစံတွေကို ဆောင်ရွက်ခိုင်းရင် ဂျိုးအတွက် အကျိုးရှိပါမလား”

“ကျွန်တော်ပြောခဲ့တဲ့ လူနေမှုပုံစံသုံးမျိုးက အကျိုးကျေးဇူးသုံးခု ရရှိနိုင်တယ်။

(၁) ဂျိုးရဲ့ အယ်လ်ဇိုင်းမားရောဂါကို ပျောက်ကင်းစေမှာတော့ မဟုတ်ဘူး။ ဒါပေမဲ့ ရောဂါခံစားနေရတဲ့ အချိန်ကာလပိုင်းမှာ“ဘ၀တန်ဖိုး”( Quality of Life)ကို တိုးတက်ကောင်းမွန်ဖို့ အထောက်အကူပြုနိုင်တယ်။

(၂) အယ်လ်ဇိုင်းမား ငယ်မူပြန်မှတ်ဥာဏ်လျော့နည်းရောဂါဖြစ်ပွားဖို့ အလားအလာရှိသူတွေအတွက် ရောဂါစတင်ဖြစ်ပွားဖို့ နှောင့်နှေးကြန့်ကြာစေနိုင်တယ်။

(၃) သာမန်သက်ကြီးရွယ်အိုတိုင်းမှာ ဖြစ်ပေါ်လာတတ်တဲ့ မှတ်ဥာဏ်အားနည်းခြင်းနဲ့ အသိဥာဏ်ကျဆင်းခြင်းကိုလည်း ကာကွယ်နိုင်ပါတယ်။

Most Popular

Healthy Life Ad
To Top