Healthy Life Ad
Health Tips

မျက်စိညောင်းညာနေလျှင် လုပ်သင့်သည့် လေ့ကျင့်ခန်း ရှစ်မျိုး

လရိပ်မေ

အသက်တွေကြီးလာတဲ့အခါ အမြင်အာရုံတွေ ယိုယွင်းလာပါတယ်။ အထူးသဖြင့် ကွန်ပျူတာသုံးပြီး နာရီများများ အလုပ်လုပ်ရတဲ့ အခါအမြင်အာရုံထိခိုက်မှုပိုသိသာလာပါတယ်။ တစ်နေ့တာလုံးအချိန် ကြာကြာ အလုပ်လုပ်ပြီးချိန်မှာ မျက်စိညောင်းညာလာတယ်ဆိုရင် စိတ်မပူပါနဲ့။ သက်သာစေမယ့် လေ့ကျင့်ခန်းတွေရှိပါတယ်။


(၁) အနီးအဝေးဆုံချက်ကျအောင် ကြည့်ခြင်း

မတ်တပ်ရပ်ရင်း ဒါမှမဟုတ် ထိုင်ရင်းပြုလုပ်နိုင်ပါတယ်။
သင့်လက်မကို သင့်ရှေ့ ၁၀ လက်မအကွာမှာ ထားပေးပါ။ ဒါ ကို ၁၀-၁၅ စက္ကန့်လောက် ဆုံချက်ကျအောင် ကြည့်ပါ။သင့်ရှေ့ ၁၀-၂၀ ပေလောက်ဝေးတဲ့ နေရာက အရာဝတ္ထုကို ဆုံချက်ကျအောင် ကြည့်ပေးပါ။နောက်ဆုံးမှာ ခပ်လှမ်းလှမ်းက သစ်ပင် ဒါမှမဟုတ် အဆောက်အဦး စတာကိုလှမ်းပြီး ၁၀-၁၅ စက္ကန့်လောက် ဆုံချက်ကျအောင် ကြည့်ပေးပါ။


(၂) မျက်ဝန်းကို ဘေးတိုက် ရွေ့လျားခြင်း

မတ်တပ်ရပ်ရင်း ဒါမှမဟုတ် ထိုင်ရင်း ပြုလုပ်နိုင်ပါတယ်။
ခေါင်းကို မရွှေ့ဘဲ ဘယ်ဘက်ကို ကြည့်ပါ။ တွေ့တဲ့ အရာဝတ္ထုကိုဆုံချက်ကျအောင်ကြည့်ပါ။ ပြီးရင် ညာဘက်ကြည့်ပါ။
မျက်ဝန်းကို ဘေးတိုက် ငါးကြိမ်ရွှေ့ပေးပါ။


(၃) မျက်ဝန်းကို အထက်အောက် ရွေ့လျားမှု

မတ်တပ်ရပ်ရင်း ဒါမှမဟုတ် ထိုင်ရင်း ပြုလုပ်နိုင်ပါတယ်။
အပေါ်ကြည့်လိုက်၊ အောက်ကြည့်လိုက် လုပ်ပေးပါ။မျက်ဝန်းကို အပေါ်ရွှေ့လိုက်၊ အောက်ရွှေ့လိုက် ငါးကြိမ်လှုပ်ရှားပေးပါ။


(၄) မျက်လုံးရွေ့လျားမှုလုပ်ခြင်း

မတ်တပ်ရပ်ရင်း ဒါမှမဟုတ် ထိုင်ရင်း ပြုလုပ်နိုင်ပါတယ်။
မျက်ဝန်းကို ဘယ်ဘက်သို့ ရွှေ့ပါ။ မျက်စိကို ထောင့်ဖြတ်ရွှေ့ပြီး ညာဘက်သို့ ကြည့်ပါ။ သင်ကြည့်တဲ့ အရာဝတ္ထုကို ဆုံချက်ကျအောင် ကြည့်ပါ။
ပြီးရင် မျက်ဝန်းကို ဘယ်ဘက်သို့ ကြည့်ပါ။ ဒီလေ့ကျင့်ခန်းကို ငါးကြိမ်တိုင် ပြုလုပ်ရပါမယ်။


(၅) စက်ဝိုင်းပုံစံ မျက်ဝန်းရွေ့လျားမှု

မတ်တပ်ရပ်ရင်း ဒါမှမဟုတ် ထိုင်ရင်း ပြုလုပ်နိုင်ပါတယ်။
မျက်ဝန်းကို နာရီလက်တံပုံအတိုင်း ဖြည်းဖြည်းချင်း ရွေ့လျားပေးပါ။ စက်ဝိုင်းငါးခုစာလောက်လှည့်ပေးပါ။ပြီးရင် ဦးတည်ရာပြောင်းပြီး နာရီလက်တံ ပြောင်းပြန်အတိုင်း ဖြည်းဖြည်းချင်းရွေ့လျားပေးပါ။ သုံးကြိမ်လောက် ထပ်မံပြုလုပ်ပေးရပါမယ်။


(၆) မျက်တောင်ခတ်ခြင်း

မတ်တပ်ရပ်ရင်း ဒါမှမဟုတ် ထိုင်ရင်း ပြုလုပ်နိုင်ပါတယ်။
တစ်မိနစ်မှာ ၁၀-၁၅ ကြိမ်လောက် ဖြည်းဖြည်းချင်း မျက်တောင်ခတ်ပေးပါ။ ဒီလေ့ကျင့်ခန်းကိုနှစ်မိနစ်ကြာ ပြုလုပ်ပေးရပါမယ်။


(၇) လက်ဖ၀ါးဖြင့် အုပ်ခြင်း

မှောင်တဲ့အခန်းထဲထိုင်ရင်း လက်တံတောင်တွေကို စားပွဲပေါ် သက်သောင့်သက်သာ တင်ထားပါ။လက်ဖ၀ါးတွေကို အချင်းချင်း ပွတ်ပေးပြီး ပူနွေးတဲ့ လက်နဲ့ မျက်ဝန်းပေါ် အုပ်လိုက်ပါ။အမှောင်ကို မြင်ရင်း အသက်ပြင်းပြင်း ရှူပါ။ ဒီလေ့ကျင့်ခန်းကို ငါးမိနစ်ကြာပြုလုပ်ရပါမယ်။

(၈) ၂၀-၂၀-၂၀လေ့ကျင့်ခန်း
ကွန်ပျူတာရှေ့မှာ တစ်နေ့လုံးထိုင်ရရင် မိနစ် ၂၀ကြာတိုင်း ခဏနားပြီး ခြေလှမ်း ၂၀ အကွာကို စက္ကန့် ၂၀ကြာလှမ်းလျှောက်ပါ။ ဒီလေ့ကျင့်ခန်းက တစ်နေ့လုံး သင့်မျက်ဝန်းကို အနားရစေပါတယ်။


အကြံပြုချက်

မျက်စိလေ့ကျင့်ခန်းလုပ်တာက မျက်စိညောင်းတာ သက်သာစေပါတယ်။ လေ့ကျင့်ခန်းပိုအစွမ်းထက်စေဖို့ အောက်ပါ ပါဝင်ပစ္စည်းတွေ သုံးပြီး မျက်ဝန်းကိုပေါင်းတင်ပေးလိုက်ပါ။
(၁) ဥနီ ကြိတ်ချေထားတဲ့ ထမင်းစားဇွန်း တစ်ဇွန်း
(၂) ကြက်ဥအကာ တစ်လုံး
(၃) ရှားစောင်းအနှစ် လက်ဖက်စားဇွန်း တစ်ဇွန်း
ပါဝင်ပစ္စည်းအားလုံးကို ပန်းကန်လုံးတစ်ခုထဲ ထည့်မွှေပြီး မျက်ဝန်းပတ်လည်မှာ လိမ်းပေးပါ။ အ ချိန် ၁၅-၃၀ မိနစ်ကြာထားပြီး ကြက်သီးနွေးရေနဲ့ဆေးကြောပေးရပါမယ်။


(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top