Healthy Life Ad
Health Tips

သင် လေ့ကျင့်ခန်း ပိုမိုပြုလုပ်ရန်လိုအပ်နေသေးသည့် သင်္ကေတရှစ်ရပ်

၊ စူး ၊ (ဆေးဝါးတက္ကသိုလ်) ( Ref;RD)

လေ့ကျင့်ခန်းလုပ်တာကြောင့် ကိုယ်အလေးချိန် လျော့ကျစေနိုင်ပြီး ကိုယ်၊ စိတ်ကျန်းမာရေးကိုသိသိသာသာ ကောင်းမွန်စေပါတယ်။ သင်က လေ့ကျင့်ခန်းလုပ်ဖြစ်နေပေမယ့် ပိုမို ပြုလုပ်ဖို့ လိုအပ်နေသေးတဲ့သင်္ကေတတွေက အောက်ပါအတိုင်း ဖြစ်ပါတယ်။

(၁) အဆက်မပြတ် နုံးချည့်ညောင်းညာနေရင်

သင်က အစာကို အလုံအလောက်စားပြီး အိပ်ရေး၀၀ အိပ်ပျော်နေရင်တောင် တစ်ချိန်လုံး ပင်ပန်းနေတယ်ဆိုရင် လေ့ကျင့်ခန်းကို နည်းနည်းလောက်ပိုပြီး လုပ်ဖို့လိုအပ်နေပါတယ်။ ဂျော်ဂျီယာတက္ကသိုလ်ရဲ့ လေ့လာမှုအရ အသင့်အတင့် ပြင်းထန်တဲ့လေ့ကျင့်ခန်းကို မိနစ် ၂၀ ခန့်နဲ့ တစ်ပတ်မှာသုံးကြိမ်ပြုလုပ်ပေးရင် စွမ်းအင်အဆင့်ကို ၂၀ ရာခိုင်နှုန်းမြင့်တက်စေတယ်လို့ သိရပါတယ်။ လေ့ကျင့်ခန်းလုပ်တဲ့အခါ ဗဟိုအာရုံကြောစနစ်ကို တိုက်ရိုက်သက်ရောက်မှုရှိစေတဲ့အတွက် နုံးချည့်ညောင်းညာမှုကို လျော့ကျစေတာ ဖြစ်ပါတယ်။

(၂) ရုတ်တရက် နာကျင်မှု ခံစားနေရရင်

မနက်တိုင်းနိုးလာပြီး ခါးအောက်ပိုင်း၊ ဒူးနဲ့ ပခုံးတွေ ရုတ်တရက် ကိုက်ခဲနေတယ်ဆိုရင် လေ့ကျင့်ခန်းကို ပိုလုပ်ဖို့လိုအပ်နေပါတယ်။ ကြွက်သား လှုပ်ရှားမှုပြုလုပ်တဲ့အခါ အဆစ်တောင့်တင်းမှု သက်သာပြီး တစ်ကိုယ်လုံးအနှံ့ သွေးလှည့်ပတ်စီးဆင်းမှု အားကောင်းကာ နာကျင်ကိုက်ခဲမှု လျော့ပါးသွားပါတော့တယ်။နာကျင်ကိုက်ခဲမှုကို ကြာကြာ ခံစားနေရရင် ပုံမှန် လေ့ကျင့်ခန်းလုပ်ဆောင်တဲ့နည်းနဲ့ သက်သာအောင် ကြိုးပမ်းသင့်ပါတယ်။

(၃) စိတ်ဖိစီးမှုများနေရင်

လေ့ကျင့်ခန်း ပုံမှန်လုပ်သူတွေရဲ့စိတ်ဖိစီးမှု အဆင့်က သိသိသာသာ လျော့ပါးမှု ရှိတာကို တွေ့ရပါတယ်။ ပြေးရုံ၊ လမ်းလျှောက်ရုံ၊ ခန္ဓာကိုယ် သန်စွမ်းအောင် လုပ်ရုံနဲ့တင် ပူပင်သောကအဆင့်က သိသိသာသာ လျော့ကျသွားပါတယ်။ အထူးသဖြင့် လေ့ကျင့်ခန်းလုပ်ချိန်မှာ တေးသီချင်းနားဆင်တယ်ဆိုရင်စိတ်ဖိစီးမှုကို ထိထိရောက်ရောက် တွန်းလှန်ပေးနိုင်မှာ ဖြစ်ပါတယ်။

(၄) ဟော်မုန်းကမောက်ကမ ဖြစ်နေရင်

လေ့ကျင့်ခန်းလုပ်တာက ဟော်မုန်းတွေကိုဟန် ချက်ညီမျှစေတဲ့ အကောင်းဆုံးနည်းဖြစ်ပါတယ်။ဥပမာအားဖြင့် လေ့ကျင့်ခန်းလုပ်တာကြောင့် တက်စတိုစတီရုန်းဟော်မုန်းအဆင့် မြင့်တက်လာရင် ခန္ဓာ ကိုယ်ရဲ့ ဇီဝကမ္မဖြစ်စဉ်ကို အားကောင်းစေပြီး နုပျိုကြည့်ကောင်းတဲ့ အသားအရေပိုင်ဆိုင်ကာဦးနှောက်လုပ်ငန်းဆောင်တာတွေကို ကောင်းကောင်း ထိန်းချုပ်ပေးနိုင်ပါတယ်။

(၅) အစာမကြေတဲ့ ဝေဒနာဖြစ်နေရင်

မိနစ် ၃၀ ခန့် ပြေးတာ၊ ခပ်သွက်သွက် လမ်းလျှောက်တာတို့ ပြုလုပ်ပေးရုံနဲ့ အစာမကြေတဲ့ ဝေဒနာ သက်သာစေပါတယ်။ အေရိုးဗစ်လေ့ကျင့်ခန်းဟာ နှလုံးခုန်နှုန်းကို မြန်စေပြီး အသက်ရှူသွင်း/ရှူထုတ်တဲ့နှုန်းကို အားကောင်းစေကာ အူကြွက်သားတွေရဲ့ လှုပ်ရှားမှုကို ကောင်းမွန်စေပါတယ်။ အကျိုးဆက်အဖြစ် ၀မ်းမှန်မှန်သွားစေပါတယ်။ ရေကူးတာ၊လမ်းလျှောက်တာ၊ ပြေးတာ၊ ကခုန်တာ၊ ယောဂကျင့်တာနဲ့ ဆွဲဆန့်လေ့ကျင့်ခန်းလုပ်တာ စတဲ့ လေ့ကျင့်ခန်းတွေထဲက သင်အကြိုက်ဆုံး လေ့ကျင့်ခန်းကို လုပ်ဆောင်ပေးမယ်ဆိုရင် အစာကြေစေပါတယ်။

(၆) အချိန်ကို စနစ်တကျ အသုံးမချတတ်ဘူးဆိုရင်

လေ့ကျင့်ခန်းလုပ်ဖို့ အချိန်မရှိဘူးဆိုတဲ့ လူတွေက တခြားအချိန်တွေကိုလည်း ကောင်းကောင်း အသုံးချနိုင်ဖို့ မလွယ်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ ဘ၀နေထိုင်မှုပုံစံက ကျန်းမာရေးနဲ့ မညီညွတ်တဲ့အတွက် ကျန်းမာရေး ထိခိုက်ရာက အချိန်နဲ့အမျှအလုပ်လုပ်နိုင်ဖို့ မလွယ်လို့ပါ။ အောင်မြင်တဲ့သူတွေက အလုပ်ပြီးချိန်မှာ လေ့ကျင့်ခန်းလုပ်ချိန်အပြင် တခြားကိစ္စတွေကိုပါ အချိန်ကို စနစ်တကျ ခွဲဝေလုပ်ဆောင်တတ်ကြပါတယ်။

(၇) အရက်၊ ဆေးလိပ် စသဖြင့် စွဲလမ်းနေရင်

အရက်၊ ဆေးလိပ်တစ်ခုခု စွဲလမ်းနေရင် လေ့ကျင့်ခန်းလုပ်ပြီး ဖြတ်နိုင်ပါတယ်။ ဒါဆိုရင် မကောင်းတဲ့ အကျင့် ပျောက်သွားတဲ့အတွက် နေလို့ ပိုကောင်းလာတဲ့အပြင် ကျန်းမာရေးလည်း ပိုကောင်းလာမှာဖြစ်ပါတယ်။

(၈) နှစ်နှစ်ခြိုက်ခြိုက် အိပ်မပျော်ရင်

ညဘက်မှာ ကောင်းကောင်း အိပ်မပျော်ဘူးဆိုရင် တစ်နေ့တာအတွင်း နည်းနည်း ပိုလှုပ်ရှားမှု လုပ်ဖို့ လိုအပ်ပါတယ်။ အိပ်မပျော်တဲ့ ဝေဒနာရှိရင်မနက် စောစောမှာ လေ့ကျင့်ခန်းလုပ်ပေးလိုက်ပါ။

Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Most Popular

Healthy Life Ad
To Top