Healthy Life Ad
Child

ကလေးငယ် သွားလဲချိန် မိဘတို့ အထူးဂရုစိုက်ပေးရမည့် သိမှတ်ဖွယ်ရာများ

ပါမောက္ခဦးကိုကိုမောင် မေးရိုးနှင့် ခံတွင်း ခွဲစိတ်ဆရာဝန်ကြီးနှင့် တွေ့ဆုံဆွေးနွေးခြင်း

Q. ကလေးတွေက ဘယ်အသက်အရွယ်မှာ ငယ်သွား လဲလေ့ရှိပါသလဲ ဆရာ။
A. ကလေးတွေမှာ ငယ်သွားနဲ့ ကြီးသွားဆိုပြီး နှစ်မျိုး ရှိပါတယ်။ “လူငုပ်တုပ်၊ သွားငုပ်တုပ် ဆိုသလို ငယ်သွားက အသက်ခြောက်လအရွယ်မှာ ပေါက်ပါတယ်။ အောက်သွားလေးတွေ အရင်ပေါက်လာပြီး ငယ်သွားတွေက အသက် နှစ်နှစ်လောက်မှာ အကုန် စုံသွားပါတယ်။ ကြီးသွား ရှေ့သွားလေးတွေက အသက် ၆ နှစ်- ၇ နှစ်မှာ စထွက်ပါတယ်။ အံသွားကလည်း အသက် ၆ နှစ်လောက်မှာ စထွက်တတ်ပါတယ်။ ငယ်သွားတွေက လှုပ်လှုပ် . . လှုပ်လှုပ် ဖြစ် နေချိန် ကြီးသွားတွေက အဲဒီနေရာတွေမှာ ၀င်တတ် ပါတယ်။ ငယ်ငယ်တုန်းက ငယ်သွားက အောက်မှာ ၁၀ ချောင်း၊ အပေါ်မှာ ၁၀ ချောင်းရှိတယ်၊ အသက် ၆ နှစ်မှာ ငယ်သွားနေရာကို ကြီးသွား စလဲပါတယ်။ များသောအားဖြင့် လေးချောင်းစီလဲပါတယ်။
ဆရာတို့စကားနဲ့ ခေါ်ရင် AABB ဆိုပြီး ပထမဆုံး တွေ့တဲ့သွား ရှေ့သွားကို A လို့ခေါ်တယ်၊ သူ့ဘေးက သွားကို B လို့ ခေါ်တယ်၊ AB၊ AB တွေက အရင်ဆုံးလဲတယ်၊ ကြီးသွားတွေကျတော့ 1 2 3 4 လို့ ခေါ်တယ်၊ AB နေရာမှာ 1 2 ဆိုပြီး ၀င်လာတယ်၊ K 9 ဆိုတဲ့ 3 သွားက အသက် ၉ နှစ်နဲ့ ၁၀ နှစ် ကြားမှာ ပေါက်တယ်၊ ၁၀ နှစ်နဲ့ ၁၂ နှစ် ကြားမှာ D E အကုန်လဲတယ်၊ အသက် ၆ နှစ်မှာ 6 ဆိုတဲ့ အံသွား အရင်ဆုံး ထွက်တယ်၊ အသက် ၁၂ နှစ်မှာ ဒုတိယ အံသွားထွက်တယ်၊ အဲဒီအချိန်မှာ သွား ၂၈ ချောင်းထွက်တယ်၊ အံဆုံးသွား ဆိုတာကတော့ အသက် ၁၈နှစ်နဲ့ ၂၅ နှစ်ကြားထဲမှာထွက်တယ်။

Q. ကလေးရဲ့ ငယ်သွားက ပိုးစားနေရင် ကြီးသွားကို မကူးစက်အောင် ဘယ်လို ဂရုစိုက်ပေးသင့်ပါသလဲ ဆရာ။
A. ငယ်သွားတွေ ပိုးစားတယ်ဆိုတာ ပိုးကောင်တွေက စားလို့ မဟုတ်ပါဘူး။ အချိုတွေစားလို့ အချို ဓာတ်တွေက တံတွေးနဲ့ တွေ့တဲ့အခါ ငရဲမီးလို အက်ဆစ်ထွက်လာပါတယ်။ အဲဒီအက်ဆစ်က သွားတွေနဲ့ ထိတွေ့တာ ကြာရင် သွားတွေက ပျော့ပျော့လာတယ်၊ အဲဒါကို ပိုးစားတယ်လို့ ဆိုလိုတာ ဖြစ်ပါတယ်။ အချိုဆိုတဲ့ နေရာမှာ သကြားတင်မက ကစီဓာတ်ပါတဲ့ ထမင်းကလည်း အချိုပဲ ဖြစ်ပါတယ်။ ကလေးတွေကို တစ်ညလုံး နို့ဘူးငုံထားပြီး အိပ်စေတယ်၊ ထမင်းကို ကြာကြာငုံထားတယ်ဆိုရင် ငယ်သွားတွေက ပိုး စားပြီး တိုဝင်သွားတဲ့အတွက် သွားတွေ မရှိသလောက် ဖြစ်တတ်ပါတယ်။ အဲဒီလို ဖြစ်တတ်တော့ ကလေးတွေကို အချိုဓာတ် မကျွေးရဘူးလားလို့ မေးရင် ကျွေးလို့ရပါတယ်၊ ဒါပေမဲ့ အချိန်နဲ့ ကျွေးရင်တော့ ပိုကောင်းပါတယ်။
ကလေးတွေကို အချိုကျွေးတဲ့အခါ တစ်ထိုင်တည်းနဲ့ စားခိုင်းပါ၊ ငုံထားတာမျိုး မလုပ်စေပါနဲ့၊ ပြီးတော့ အိပ်ခါနီးမှာ စားပြီး ငုံအိပ်တာမျိုး မလုပ်ပါစေနဲ့။ ထမင်းတင်မက ချောကလက်၊ အချိုပါတဲ့ မုန့် စ တာတွေကို ငုံပြီး မအိပ်စေသင့်ပါဘူး။ အချိုတွေ မလျှော့ဘဲ သွားပိုးစားတာက ဘယ်လိုမှ မလျော့ပါဘူး၊ အချိုတွေကို လျှော့နိုင်ရင် လျော့သွားမှာပါ။
ကလေးတွေမှာ ကြီးသွားကို ပိုးစားတာ မကူးစက်အောင် ဆိုတဲ့ နေရာမှာ အဓိက ကူးစက်တာက မိခင်ကနေ ကူးလွယ်တာပါ။

မိခင်က ပါးစပ်နဲ့ နမ်းရှုံ့တယ်၊ ပါးစပ်နဲ့ ၀ါးပြီး ခွံ့တယ် ဆိုရင် မိခင်ရဲ့ ပါးစပ်ထဲမှာ ရှိတဲ့ ပိုးမွှားတွေက ကလေးဆီ ရောက်ပြီး ကလေးမှာ သွားပိုးစားတာ ပိုဖြစ်တတ်ပါတယ်။

ဒါကြောင့် ကလေးကို ထမင်းဝါးပြီး ခွံ့တာ မလုပ်ရဘူး၊ လက်တွေကို စင်ကြယ်အောင် ဆေးပြီးမှ အစာကျွေး ရမယ်၊ ပါးစပ်နဲ့ နမ်းရှုံ့တာ မလုပ်သင့်ပါဘူး၊ ဒါဆိုရင် မိခင်ဆီကနေ ကလေးဆီ ပိုးကူးစက်တာ နည်းစေပါတယ်။
နောက်တစ်ခုက ကလေးကို ဖလိုရိုက်ပါတဲ့ သွားတိုက်ဆေးနဲ့ သွားတိုက်ပေးရမယ်။ ကလေးငယ်ငယ် လေးတွေမှာ လူကြီးတွေက ဂရုစိုက်ပြီး လက်ကိုင်ပ၀ါ၊ ပိတ်စိမ်းပါးလေးတွေမှာ သွားတိုက်ဆေး တို့ကာ သွားကို တိုက်ပေးရမယ်၊ ပါးစပ်ကို ရေများများ တိုက်ပြီး ထွေးထုတ်ခိုင်းရမယ်၊ မထွေးတတ်ရင် မျိုချမှာစိုးလို့ သွားတိုက်ဆေး နည်းနည်းပဲ ထည့်ပြီး သွားတိုက် ပေးရပါမယ်။
ကလေး အသက်နည်းနည်း ကြီးလာလို့ သွန်သင်လို့ရလာပြီဆိုရင် ကလေး သူ့ဘာသာ သွား တိုက်တတ်အောင် လူကြီးက သင်ပြပေးရမယ်၊ ဒါဆို ကလေးက သွားကို စနစ်တကျ တိုက်တတ်သွားလိမ့်မယ်။

Q. ငယ်သွားလဲချိန်မှာ ကလေး သွားခိုင်ခံ့အောင် ဘယ်လို အစားအသောက်တွေ ကျွေးသင့်ပါသလဲ ဆရာ။
A. သွားဆိုတဲ့ အရာက ကယ်လ်ဆီယမ်ဆိုတဲ့ ထုံးကျောက်နဲ့ အများဆုံး လုပ်ထားတာပါ။ နို့၊ အရိုးပါ စားလို့ရတဲ့ ငါးသေး ငါးမွှားလေးတွေကနေ ကယ်လ်ဆီယမ် ရတဲ့အတွက် ကလေးတွေကို အဲဒါတွေ ကျွေးသင့်ပါတယ်။ ကယ်လ်ဆီယမ်ဓာတ်ရမှ သွားတွေ ခိုင်ခံ့ပြီး ကယ်လ်ဆီယမ်ဓာတ် နည်းတာနဲ့ ကလေးရဲ့ သွားတွေ ပျော့ကာ ပိုးစားလွယ်ပါတယ်။

Q. ကလေးသွား မထိခိုက်စေဖို့ မိဘတွေ မကျွေးသင့် တဲ့ အစားအသောက်တွေ ရှိပါသလားဆရာ။
A. သကြား၊ ထန်းလျက်၊ ချောကလက်၊ ကပ်စီးနှဲ စတဲ့သိပ်စေးကပ်ပြီး စားလိုက်ရင် ပါးစပ်ထဲမှာ ပျော် မသွားဘဲ သွားတွေမှာ ကပ်ငြိနေတာကြောင့် ပိုးစားနိုင်လို့ မကျွေးသင့်ပါဘူး။

ထမင်းကလည်း အချိုဓာတ် ထဲမှာ ပါတဲ့အတွက် ထမင်းကို ငုံထားတာ မလုပ်စေသင့်ပါဘူး။ ကလေး အစာစားပြီးတိုင်းမှာ ရေများများ တိုက်ရပါမယ်။ ကလေးက ပလုတ်ကျင်းတတ်တဲ့ အရွယ်ဆိုရင် အစာစားပြီးတိုင်း ပလုတ်ကျင်းတဲ့ အကျင့် ကျင့်ပေးရမယ်၊

အစာစားပြီးတိုင်း သွားတိုက် နိုင်ရင်တော့ အကောင်းဆုံးပါပဲ။ မနက်စာ စားပြီး သွားတိုက်ရမယ်၊ နေ့လယ် ထမင်းစားပြီးရင်လည်း သွားတိုက်နိုင်ရင် သွားတိုက်ပါ၊ ညအိပ်ရာဝင်ခါနီးမှာ တော့ အမြဲ သွားတိုက်တတ်တဲ့အကျင့် လုပ်ပေးရင်တော့ ကလေးမှာ သွားပိုးစားတာ သက်သာနေပါလိမ့်မယ်။

Q. ကလေးတွေ ငယ်သွားလဲချိန်မှာ အထူးဂရုစိုက် ပေးသင့်တဲ့ အချက်တွေရှိရင် သိပါရစေ ဆရာ။
A. ကလေးအသက် ၆ လအရွယ်မှာ ငယ်သွား စ ပေါက်တော့ သွားဖုံးကနေ သွားတိုးလာချိန်မှာ ကလေးက နည်းနည်းဖျားချင် ဖျားမယ်၊ သွားထွက်ခါစ နည်းနည်း နာတတ်တယ်၊ အဲဒီအခါ ကလေးက နို့မစို့ဘဲ နေတတ်ပါတယ်၊ အဲဒီအချိန် သွားစထွက်ရင် မြန်မာနိုင်ငံမှာရတဲ့ Zytee ဆိုတဲ့ လိမ်းဆေးက အနာသက်သာတယ်၊ လိမ်းပေးလို့ရပါတယ်၊ ပြီးတော့ သန့်ရှင်းအောင် ထားပေးရပါမယ်။
ငယ်သွားလဲပြီး အံသွား ထွက်ချိန်မှာ အကျိတ်တွေ ထွက်လာတတ်တယ်၊ သွားဖုံးတွေ ရောင်တတ်တယ်၊ မထွက်တထွက်အချိန် နာတတ်တယ်၊ သန့်ရှင်းရေးကို အထူးဂရုစိုက်ပေးရမယ်၊ သိပ်ဆိုးလာရင်တော့ သွားဘက်ဆိုင်ရာ ဆရာဝန်နဲ့ ပြသင့်ပါတယ်။
အံဆုံးထွက်ချိန်မှာလည်း အစာစားရင် ၀ါးလို့မရဘူး၊ နာတတ်တယ်၊ အံဆုံးကို ဘယ်လိုလုပ်ရမလဲ ဆိုတာ သိအောင် သွားဆရာဝန်နဲ့ ပြသင့်ပါတယ်။

Q. ငယ်သွားလဲချိန်မှာ သွားတွေ ထပ်မနေအောင်၊ စီစီရီရီ ဖြစ်နေအောင် ဘယ်လိုအချက်တွေကို လိုက်နာသင့်ပါသလဲ ဆရာ။
A. ငယ်သွားတွေက လဲချိန်တန်ရင် ထွက်သွားတတ်ပါတယ်။ တစ်ခါတလေကျတော့ ကြီးသွားက ထွက်လာတယ်၊ ငယ်သွားက ကျန်နေပေမယ့် ငယ်သွားရဲ့ အမြစ်တွေက ပြုတ်ထွက်ပြီး တိုတိုသွားအောင် သဘာဝက ဖန်တီးပေးထားပါတယ်။ ဒါပေမဲ့ တချို့ကျတော့ ငယ်သွားတွေက အမြစ်က တိုသင့်သလောက် မတိုဘဲ ခိုင်နေတော့ ကြီးသွားထွက်လာပေမယ့် ဒီအတိုင်းပဲ ရှိနေတတ်တယ်၊ အဲဒီအခါ သွားက နှစ်ထပ် လိုမျိုး ရှေ့မှာ ငယ်သွားရှိတယ်၊ နောက်မှာ ကြီးသွား ထွက်တယ် . . အဲဒီအခါ ငယ်သွားကို ဖယ်ရှားပေးလိုက်ရင် ကြီးသွားက သူ့နေရာနဲ့ သူ နေရာတကျ စီစီရီရီ ဖြစ်နေမှာပါ။
နောက်တစ်ချက်က အချိန်မတန်ဘဲနဲ့ ငယ်သွားတွေကို နုတ်ပစ်တာကို ရှောင်သင့်ပါတယ်။ အဲဒီလို အချိန်မတန်ဘဲ ငယ်သွား နုတ်လိုက်ရင် ကြီးသွား ပေါက်တာက နှေးသွားပါတယ်။ ပြီးတော့ သူ့နေရာနဲ့ သူ မပေါက်ဘဲ ပေါက်ချင်သလို ပေါက်လာတတ်တယ်၊ တကယ်တော့ ငယ်သွားဆိုတာ လမ်းပြမှတ်တိုင် တစ်ခုပါပဲ။ ကြီးသွားတွေက ငယ်သွားတွေ နောက် လိုက်တာ ဖြစ်တဲ့အတွက် ငယ်သွားတွေ မရှိရင် ပရမ်းပတာနဲ့ သွားတွေက ထွက်ချင်သလို ထွက်နေတတ်ပါတယ်။
Q. ကလေးတွေကို သွားဘက်ဆိုင်ရာ ဆရာဝန်နဲ့ ဘယ်အချိန်တွေမှာ တွေ့ဆုံပြသ ပေးသင့်ပါသလဲ ဆရာ။
A. ကလေး သွားစထွက်လာပြီ ဆိုတဲ့အချိန်မှာ သွား ဆရာဝန်နဲ့ စပြီး ပြထားပါ၊ ကလေးနဲ့ သွားဆရာဝန် ရင်းနှီးမှုကို ယူထားရင် ကလေးက သွားဆရာဝန်ကို ရင်းနှီးပြီး မကြောက်တော့ပါဘူး။ ကလေး သွားနာ လာမှ သွားပြလိုက်ရင် နာနေတယ်၊ သွားဆရာဝန်က တစ်ခုခု လုပ်လို့ ပိုနာသွားတယ်လို့ ထင်တဲ့အခါ ကလေးက သွားဆရာဝန်ကို ပိုကြောက်သွားပါတယ်။ သွားဆရာဝန်က သွားနုတ်လိုက်ရင် ပိုကြောက်သွားပြီး သွားဆရာဝန်ဆီ မပြချင်တော့ဘူး၊ အဲဒီလို မဖြစ်အောင် ရင်းနှီးမှုရအောင် ကလေးသွားထွက်လာ ကတည်းက ပြထား၊ လိုအပ်တာတွေကို ကုသပေးရင် ကလေးက သွားဆရာဝန်နဲ့ ရင်းနှီးပြီး သွားဆေးခန်း ပြတာ နာတာ မဟုတ်ဘူးဆိုတဲ့ အသိဝင်သွားပြီး အသက် ၁၂ နှစ်လောက်အထိ ပုံမှန် ပြချင်စိတ်ရှိနေမှာ ဖြစ်ပါတယ်။

Most Popular

Healthy Life Ad
To Top