Healthy Life Ad
Health Tips

အသည်းအကြောင်း သိကောင်းစရာ

———၊ ဇွန်ခိုင်ဦး (ဆေးဝါးတက္ကသိုလ်) ၊———

အသည်းဟာ လူ့ခန္ဓာကိုယ်မှာ ဒုတိယအကြီးဆုံး အင်္ဂါအစိတ်အပိုင်းဖြစ်ပါတယ်။ အသည်းဟာ စားသောက်သမျှ အစားအသောက်တွေကို ခန္ဓာကိုယ်က လိုအပ်တဲ့ စွမ်းအင်နဲ့ အာဟာရဓာတ်တွေအဖြစ် ပြောင်းလဲလိုက်ပါတယ်။ အသည်းဟာ ဗီတာမင်တွေကို သိုလှောင်ပြီး ခန္ဓာကိုယ်ရဲ့ လုပ်ငန်းဆောင်တာတွေအတွက် လိုအပ်တဲ့ ဟော်မုန်းတွေကို ချေဖျက်တည်ဆောက်ပေးပါတယ်။ အသည်းမှာ အနာကျက်နိုင်စွမ်းရှိပြီး သူ့ကိုယ်သူ ပြန်လည်ပြုပြင်နိုင်စွမ်းလည်း ရှိပါတယ်။

အသည်းရောင်အသားဝါ အေပိုး၊ ဘီပိုးနဲ့ စီပိုး၊ အရက်ကြောင့် အသည်းအဆီဖုံးရောဂါ၊ အရက်ကြောင့် မဟုတ်ဘဲ အဝလွန်တာကြောင့်ဖြစ်တဲ့ အသည်းအဆီဖုံးရောဂါ၊ အသည်းခြောက်ခြင်း၊ အသည်းကင်ဆာ စသဖြင့် အသည်းကျန်းမာရေး ထိခိုက်စေတဲ့ ရောဂါတွေရှိတာကြောင့် အသည်းကို ဘယ်ပုံဘယ်နည်းနဲ့ ကာကွယ်ထားသင့်သလဲဆိုတာ မျှဝေပေးလိုက်ရပါတယ်။

အသည်းကို ဘယ်လိုကာကွယ်သင့်သလဲ

ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအသောက်စားတာနဲ့ လေ့ကျင့်ခန်းကို ပုံမှန်လုပ်ဆောင်တာတွေက တစ်ကိုယ်လုံးကျန်းမာဖို့ အရေးပါတဲ့ လုပ်ဆောင်မှုတွေဆိုတာ သင်သိပြီးဖြစ်မှာပါ။ အခုခေတ်မှာ လူတွေက အထိုင်များလာတာကြောင့် ကိုယ်အလေးချိန်များတာနဲ့ အဝလွန်တာတို့ ဖြစ်နိုင်ပါတယ်။ အရက်အလွန်အမင်းသောက်တာဟာ အသည်းထိခိုက်စေတဲ့ အဓိကအကြောင်းရင်းဖြစ်ပြီး အသည်းရောဂါ နောက်ဆုံးအဆင့်ကို ဖြစ်စေနိုင်သလို အသည်းအစားထိုးကုသမှု ခံယူရတတ်ပါတယ်။ ဒါကြောင့် သင့်အသည်းအပါအဝင် သင့်တစ်ကိုယ်လုံးကို ကာကွယ်စောင့်ရှောက်ဖို့အတွက် အကြံပြုလိုက်ပါတယ်။

(၁) သင့်အိမ်က မီးဖိုချောင်ထဲမှာ အဆီနည်းပြီး အမျှင်ဓာတ်များတဲ့ အစာတွေကို သိမ်းထားပါ။ ဆား၊ သကြားနဲ့ အဆီအအိမ့်များတဲ့ အစာတွေကို အတတ်နိုင်ဆုံး လျှော့ချပါ။

(၂) အရက်ကို မသောက်တာ အကောင်းဆုံးပါ။ မသောက်ရမနေနိုင်ရင် အရက်ကို အသင့်အတင့်ပဲ သောက်ပါ။ အမျိုးသမီးတွေက အရက်ကို ချေဖျက်နှုန်း နှေးတဲ့အတွက် အရက်သောက်ရင် အရက်နဲ့ ဆက်စပ်နေတဲ့ အသည်းရောဂါ ပိုဖြစ်လွယ်ပါတယ်။

(၃) ခရီးသွားဖို့စီစဉ်နေရင် အသည်းရောင်အသားဝါ အေပိုးနဲ့ဘီပိုး ကာကွယ်ဆေးထိုးနှံသွားပါ။

(၄) ဆေးဝါးတွေနဲ့ ဓာတုပစ္စည်းတွေ(ကြေးချွတ်ဆေးနဲ့ အိမ်သန့်ရှင်းရေး ပစ္စည်းတွေ)ကို ကလေးတွေနဲ့ ဝေးတဲ့နေရာမှာ သိမ်းထားသင့်ပါတယ်။

(၅) ဆေးဝါးတွေနဲ့ ဆေးဖက်ဝင်အပင်ထွက်ဆေးတွေကို ဆရာဝန်ရဲ့ညွှန်ကြားချက်မပါဘဲ ဘယ်တော့မှ ရောမသောက်ပါနဲ့။

(၆) အိမ်သာတက်ပြီးတိုင်း လက်ကိုအမြဲ ရေ၊ ဆပ်ပြာတို့နဲ့ သေချာ ဆေးကြောသန့်စင်ပါ။

(၇) ပိုးမွှားတွေကိုသတ်ဖို့ ပိုးသတ်ဖျန်းဆေးတွေ သုံးတဲ့အခါ ကြိုတင်ကာကွယ်ထိန်းသိမ်းမှုတွေ ရယူသင့်ပါတယ်။

(၈) စက်ဘီးစီးတာ၊ လမ်းလျှောက်တာ စတဲ့ လေ့ကျင့်ခန်းတွေနဲ့ အားကစားတွေကို အခွင့်အရေးရတိုင်း လုပ်ဆောင်ပါ။

(၉) ခန္ဓာကိုယ်ကို အပေါက်ဖောက်တာ၊ ဆေးမင်ကြောင်ထိုးတာ၊ တစ်ခါသုံးဆေးထိုးအပ်မသုံးဘဲ မျှဝေသုံးစွဲတာတို့ကြောင့် သွေးထိစပ်မှုရှိကာ လူတစ်ဦးနဲ့တစ်ဦးမှာ အသည်းရောင်အသားဝါဘီပိုးနဲ့ စီပိုးတို့လို ကူးစက်ပိုးတွေ ကူးစက်ခံရနိုင်ခြေ များပါတယ်။ သွေးတွင်းကူးစက်ပိုးတွေဟာ ပြင်းထန်တဲ့ အသည်းရောဂါကို ဖြစ်စေနိုင်ပြီး အသက်အန္တရာယ်ရှိပါတယ်။

(၁၀) ဆေးထိုးအပ်၊ ဘရိတ်ဓား၊ အပ်နဲ့ ချွန်ထက်တဲ့ အသုံးအဆောင်တွေကို တစ်ဦးနဲ့တစ်ဦး မျှဝေအသုံးပြုတာကို ရှောင်ပါ။ အဲဒီကိရိယာတွေ သုံးပြီးတိုင်း ဘယ်သူမှမထိတွေ့နိုင်အောင် စနစ်တကျ ထုပ်ပိုးကာ လွှင့်ပစ်သင့်ပါတယ်။

(၁၁) အသည်းရောင်အသားဝါ ဘီပိုးနဲ့ စီပိုးတွေက လိင်ကတစ်ဆင့် ကူးစက်ခံရနိုင်ပြီး အသည်းရောင်အသားဝါဘီပိုးက စီပိုးထက် လိင်ကတစ်ဆင့် ကူးစက်ခံရနိုင်ခြေ ပိုများပါတယ်။

Most Popular

Healthy Life Ad
To Top