Healthy Life Ad
Q & A

ကျန်းမာရေးစစ်ဆေးမှု မခံယူခင် ဘာတွေလိုက်နာသင့်သလဲ…

—–၊ ပါမောက္ခဦးကိုကို (ဆီးချိုနှင့် အထွေထွေရောဂါအထူးကု ဆရာဝန်ကြီး)နှင့် တွေ့ဆုံဆွေးနွေးခြင်း ၊—–

Q. ဘယ်အသက်အရွယ်ဆိုရင် ကျန်းမာရေးစစ်ဆေးမှုကို စတင်ပြုလုပ်သင့်ပြီလဲ ဆရာ။

A. ရောဂါမရှိတဲ့ သာမန်လူတစ်ယောက်က အသက် ၄၀ ကျော်ရင် ကျန်းမာရေးစစ်ဆေးမှုကို စတင်ခံယူသင့်ပါတယ်။ သတ်မှတ်ချက်က တစ်နိုင်ငံနဲ့ တစ်နိုင်ငံမှာတော့ မတူပါဘူး။ တချို ့နိုင်ငံတွေက အသက် ၄၀ မှာ ကျန်းမာရေးစစ်ဆေးမှုကို စတင်ခံယူသင့်တယ်လို့ သတ်မှတ်ပြီး တချို ့က အသက် ၄၅ နှစ်မှာ ကျန်းမာရေးစစ်ဆေးမှုကို စတင်ခံယူသင့်တယ်လို့ သတ်မှတ်ပါတယ်။

Q. ကျန်းမာရေးစစ်ဆေးမှုကို မခံယူမီမှာ လူနာတွေအနေနဲ့ ဘယ်လိုအချက်တွေကို ဆောင်သင့်၊ ရှောင်သင့်ပါသလဲဆရာ။

A. ကျန်းမာရေးစစ်ဆေးမှု (Medical Checkup) လုပ်ခါနီးမှာ ရှောင်ဖို့၊ ဆောင်ဖို့ ဆိုတာတော့ အထွေအထူးမရှိပါဘူး။ ဒါပေမဲ့ ဆီးချိုသွေးချိုရောဂါ ရှိ၊ မရှိသိအောင် သွေးတွင်းသကြားဓာတ်ကို စစ်ဆေးချင်ရင် အစာမစားခင်စစ်တာ (Fasting Blood Sugar) ကတော့ အကောင်းဆုံးပါ။ သွေးစစ်ဆေးမှုတချို ့က အစာမစားခင် ဖောက်ရတာတွေ ရှိပါတယ်။ ည ၁၀ နာရီနောက်ပိုင်း ဘာမှမစားဘဲ မနက်စောစော သွားစစ်တာက ကောင်းပါတယ်။ အဲဒါမျိုးတွေ မစစ်ရင်တော့ မလိုပါဘူး။

မြန်မာနိုင်ငံက ဓာတ်ခွဲခန်းအများစုကတော့ အစာစားပြီးလည်း အဆီဓာတ်ကို စစ်ဆေးပေမယ့် တချို ့ဓာတ်ခွဲခန်းတွေမှာတော့ အဆီဓာတ်ကို စစ်ချင်ရင် ကြိုပြီးတော့ အစာမစားဘဲ Fasting Lipid Profile ကို စစ်ပေးပါတယ်။ တချို ့စစ်ဆေးမှုတွေ ဥပမာ- CT Scan ရိုက်မယ်လို့ စီစဉ်ထားတဲ့အခါ ကျောက်ကပ်ကလည်း သိပ်မကောင်းတဲ့သူဆိုရင် Metformin ဆေးကို ကြိုဖြုတ်ပေးထားရပါတယ်။ Metformin ဆေးက Lactic Acidosis ဆိုတဲ့ အခြေအနေ ဖြစ်တတ်ပါတယ်။ ရိုးရိုးရိုက်တဲ့ CT Scan တွေမှာ ဆေးမထိုးပါဘူး။ ရိုးရိုးရိုက်ပြီး အလုံးဖြစ်ဖြစ် တစ်ခုခုတွေ ့တဲ့အခါမှာ ဆေးထိုးပြီး ဘေးပတ်ဝန်းကျင်က တခြားအရာတွေနဲ့ ကွဲပြားခြားနားအောင် အရောင်တင်တဲ့အနေနဲ့ ဆေး(Dye)ထိုး ပေးပါတယ်။ ဒါကို Contrast လို့ ခေါ်ပါတယ်။ အဲဒီဆေးက အခန့်မသင့်ရင် Nephropathy ရပြီး ကျောက်ကပ်ထိတတ်ပါတယ်။ ဒါကြောင့် တချို ့ Scan တွေ ရိုက်ခါနီးကျရင် Metformin ဆေးသောက်နေတာရှိရင် အဲဒီတစ်ရက်ကို မသောက်ဘဲ ကြိုဖြတ်ထားဖို့ ပြောထားပါတယ်။ ဒါက Contrast ထိုးလို့ပါ။ မထိုးရင်တော့ Metformin ကို ဖြုတ်စရာမလိုပါဘူး။

“ပိန်တဲ့သူက အဆီများရင် များနေနိုင်သလို ဝတဲ့သူကလည်း အဆီနည်းရင် နည်းနေနိုင်ပါတယ်။ အဆီများရင် လေဖြတ်မယ်၊ သွေးတိုးဖြစ်နိုင်ခြေများတယ်.. ဒီလိုလူတွေ မသိနိုင်တဲ့ အခြေအနေတွေ ရှိနေတဲ့အတွက် စောစောစစ်ပြီး စောစောသိအောင် ရှာဖွေသင့်ပါတယ်။ ဆေးပညာမှာ ‘ကြိုတင်ကာကွယ်ခြင်းသည် ကုသခြင်းထက် ပိုကောင်း၏’ ဆိုတဲ့အတိုင်း နှစ်စဉ်စစ်ဆေးမှု ပြုလုပ်နေတာကို အားပေးပါတယ်။”

Q. ကျန်းမာရေးစစ်ဆေးမှု မခံယူခင်မှာ တခြားဆင်ခြင်စရာတွေရှိရင်လည်း သိပါရစေ ဆရာ။

A. နောက်ပြီးတော့ ဆီးကျောက်ရှိ၊ မရှိ စစ်တဲ့(KUB) စစ်ဆေးမှုမှာ ဆီးကျောက်နဲ့ စမြင်းတုံးအစာဟောင်းတွေနဲ့ ရောမှာစိုးတဲ့အတွက် ဝမ်းနုတ်ပြီးမှ ရိုက်ရပါတယ်။ ဓာတ်မှန်ကျွမ်းကျင်ဆရာဝန်တွေနဲ့ တိုင်ပင်ပြီး ဝမ်းနုတ်ပြီးမှ ရိုက်ရပါတယ်။ အစာအိမ်မှန်ပြောင်းကြည့်ရင်လည်း (အရေးပေါ်အခြေအနေမဟုတ်ရင်) အစာမစားဘဲ Fasting လုပ်ထားတာကို ပိုသဘောကျပါတယ်။ တခြားထွေထွေထူးထူး ဆောင်ဖို့၊ ရှောင်ဖို့ မရှိပေမယ့် လိုအပ်ချက်ကြောင့် သပ်သပ်ရိုက်ရတဲ့ အခါမျိုးတွေမှာတော့ ခုနကလို ကြိုပြီးလုပ်ပေးထားရတာတွေ ရှိပါတယ်။ အခုနောက်ပိုင်း ခေတ်စားနေတဲ့ နှလုံးသွေးကြောကျဉ်းသလား၊ မကျဉ်းဘူးလားဆိုတာကို သွေးကြောထဲ ဆေးထိုးပြီးတော့ CT Scan ရိုက်တာတွေရှိပါတယ်။ အဲဒီလိုရိုက်တဲ့အချိန်မှာ နှလုံးခုန်နှုန်းက ၆၀ အောက်ပဲ ရှိနေရပါတယ်။ နှလုံးခုန်နှုန်း ၆၀ အောက်လောက်ပဲ ရှိရတဲ့အတွက် နှလုံးခုန်နှုန်းကိုကျအောင် တချို့သော B-Blocker ဆေးတွေ ပေးလိုက်ရပါတယ်။ ဒါတွေက သီးသန့်စစ်ဆေးမှုတွေအတွက် အထူးလိုက်နာရတဲ့ အချက်တွေဖြစ်ပါတယ်။ အကြမ်းဖျဉ်းမှာတော့ ည ၁၀ နာရီနောက်ပိုင်း အစာမစားဘဲ မနက်စောစော သွားစစ်ရတာလောက်ပဲ အများစုလိုအပ်ပါတယ်။

Q. ကျန်းမာရေးစစ်ဆေးမှုကို ပုံမှန်ခံယူတာကြောင့် ဘယ်လိုကောင်းကျိုးတွေ ရရှိနိုင်ပါသလဲ ဆရာ။

A. လူတစ်ယောက်က ခန္ဓာကိုယ်ထဲမှာ ဘာတွေဖြစ်နေသလဲ၊ ဘာတွေဖြစ်လာမလဲဆိုတာ ကြိုတင်ပြီး ဘယ်သူမှမပြောနိုင်ပါဘူး။ ဘောလုံးသမားတစ်ယောက်လို ကျန်းမာရေးကောင်းပြီး ပုံမှန်စစ်ဆေးနေသူတွေတောင် ဒုတိယပွဲစဉ်မှာ နှလုံးခုန်ရပ်ပြီး ရုတ်တရက် အသက်ဆုံးရှုံးသွားတာမျိုး ရှိပါတယ်။ ဒါကြောင့်မလို့ ကျန်းမာရေးစစ်ဆေးမှု ပုံမှန်စစ်ဆေးတာကို အားပေးပါတယ်။ မြန်မာလူမျိုးတွေမှာ ခက်တာက ‘ငါမှ ဘာမှမဖြစ်ဘဲနဲ့ စစ်ဖို့မလိုပါဘူး။ စစ်လိုက်လို့ ရောဂါတွေ့ရင်၊ သိနေရင် စိတ်ဆင်းရဲနေရပါဦးမယ်’ ဆိုပြီးတောင် တွေးနေကြပါတယ်။ ဒါကမှားပါတယ်။ တကယ်လို့ ဆီးချိုရောဂါရှိနေပြီး မစစ်လို့မသိရင် မြွေပွေးခါးပိုက်ပိုက်ထားသလို ဖြစ်နေပါလိမ့်မယ်။

ဆီးချိုသွေးချိုရောဂါရှိရင် ရေငတ်ရမယ်၊ ပိန်သွားမယ်၊ ဆီးကို ပုရွက်ဆိတ်ကအုံမှာပေါ့ .. အဲဒါတွေမဖြစ်ဘဲနဲ့ ဆီးချိုသွေးချိုရောဂါကို စစ်စရာ မလိုပါဘူးဆိုတာမျိုး တွေးကြပါတယ်။ သွေးတိုးရင်လည်း ခေါင်းမူးရမယ်၊ ခေါင်းကိုက်ရမယ်..ဒါတွေမှမဖြစ်တာ.. စစ်ဖို့မလိုပါဘူးလို့ ပြောတတ်ကြပါတယ်။ လူတွေ သိထားဖို့က အဲဒီရောဂါတွေက ဘာလက္ခဏာမှ မပြဘဲနဲ့လည်း ဖြစ်နေတတ်ပါတယ်။ အဆီများတာ၊ နည်းတာကလည်း ဘာလက္ခဏာမှ မပြပါဘူး။ ပိန်တာ၊ ဝတာနဲ့လည်း ဆုံးဖြတ်လို့ မရပါဘူး။

ပိန်တဲ့သူက အဆီများရင် များနေနိုင်သလို ဝတဲ့သူကလည်း အဆီနည်းရင် နည်းနေနိုင်ပါတယ်။ အဆီများရင် လေဖြတ်မယ်၊ သွေးတိုးဖြစ်နိုင်ခြေများတယ်..ဒီလိုလူတွေ မသိနိုင်တဲ့ အခြေအနေတွေ ရှိနေတဲ့အတွက် စောစောစစ်ပြီး စောစောသိအောင် ရှာဖွေသင့်ပါတယ်။ ဆေးပညာမှာ “ကြိုတင်ကာကွယ်ခြင်းသည် ကုသခြင်းထက် ပိုကောင်း၏” ဆိုတဲ့အတိုင်း နှစ်စဉ်စစ်ဆေးမှု ပြုလုပ်နေတာကို အားပေးပါတယ်။ စစ်လည်းစစ်သင့်ပါတယ်။ ရောဂါဖြစ်ရင်လည်း စောစောသိနိုင်ပြီး ရောဂါမကျွမ်းခင် ကုသမှုပေးနိုင်ပါတယ်။

Most Popular

Healthy Life Ad
To Top