Healthy Life Ad
Q & A

သက်ငယ်မုဒိမ်းမှု လျော့ပါးရေးနှင့် ပတ်သက်၍ . . .

———၊ ဒေါက်တာဖြိုးသီဟနှင့် တွေ့ဆုံခြင်း ၊———

Q. အခုဆိုရင် လူတန်းစားမျိုးစုံမှာ သက်ငယ်မုဒိမ်းမှုတွေ အဖြစ်များနေတာကို တွေ့လာရပါတယ်။ အဲဒါဘာကြောင့်လို့ ထင်ပါသလဲ ဆရာ။

A. ကလေးရဲ ့ သဘောသဘာဝကိုက လူကြီးနဲ့စာရင် ခန္ဓာကိုယ်ကြံ့ခိုင်မှုအားဖြင့် အားနည်းတယ်၊ အားနည်းတော့ လူကြီးနဲ့စာရင် အလွယ်တကူ အကြမ်းဖက်ခံရနိုင်ခြေ သိပ်ပြီးလွယ်တယ်၊ နောက်တစ်ချက်က အသိပညာအားဖြင့် ကလေးက လူကြီးထက်စာရင် အားနည်းတယ်။ နောက်တစ်ချက်က အရွယ်ရောက်ပြီးသား မိန်းကလေးရဲ ့ရင်သားကို သွားပြီးကိုင်လို့မရဘူး။ ကိုင်လိုက်တာနဲ့ မိန်းကလေးကအော်မယ်၊ ဟစ်မယ်၊ ကိုယ့်ကိုပြန်တုံ့ပြန်မယ်၊ ရန်မူမယ်၊ ပတ်ဝန်းကျင်ကို အကူအညီတောင်းမယ်။ ဒီလိုဖြစ်တဲ့အတွက် တော်ရုံတန်ရုံ သွားထိဖို့ခက်တယ်။ ကလေးကျတော့ သူ့ရင်ဘတ်ကိုင်နေလည်းမသိဘူး၊ သူ့လိင်အင်္ဂါကို ကိုင်နေလည်း မသိဘူး။ ဒီလိုအသိပညာအားနည်းတဲ့အခါ ကလေးက အလွယ်တကူ အကြမ်းဖက်အနိုင်ကျင့်ခံရနိုင်ခြေ သိပ်ကိုများတယ်။

ဒီလိုအနေအထားမျိုးမှာမှ Protection လို့ခေါ်တဲ့ မိဘအုပ်ထိန်းသူတွေက အကာအကွယ်ပေးတာမျိုး မရှိတဲ့ ကလေးတွေ၊ အထူးသဖြင့် အခြေခံလူတန်းစား ကလေးငယ်တွေကျတော့ တအားကိုမှ အနိုင်ကျင့်အကြမ်းဖက်ဖို့ သိပ်လွယ်သွားတဲ့အတွက် သက်ငယ်မုဒိမ်းမှုသည် အဲဒီလို အခြေခံလူတန်းစားကလေးတွေမှာ သိပ်ကိုတွေ့ရတယ်။ ဒီလိုပြောလိုက်လို့ လူလတ်တန်းစား၊ အထက်တန်းစားကလေးတွေကျတော့ရော ဒါမျိုးမကြုံနိုင်ဘူးလားဆိုတော့ သူတို့လည်း ကြုံနိုင်တာပဲ။ သူတို့ပတ်ဝန်းကျင်မှာရှိတဲ့ အစ်ကိုဝမ်းကွဲတွေ ဖြစ်ရင်ဖြစ်မယ်၊ သူတို့နဲ့ ခင်မင်ရင်းနှီးတဲ့သူတွေက လုပ်သွားတာလည်း ရှိတာပဲ။ ဒါကြောင့် ဘယ်လိုလူတန်းစားမဆို ဒါမျိုးကြုံရနိုင်တယ်ဆိုတဲ့ သတိရှိမှုလေးက မိဘအုပ်ထိန်းသူတိုင်းမှာ ရှိနေမယ်ဆိုရင်တော့ အကောင်းဆုံးပါပဲ။

“သက်ငယ်မုဒိမ်းမှုမှာ ကျူးလွန်တဲ့သူက ကျူးလွန်ခံရတဲ့ မိသားစုထက်စာရင် နည်းနည်းလေး (နည်းနည်း လေးပဲဖြစ်ဖြစ်) ငွေကြေးအဆင့်အတန်းအားဖြင့်၊ အာဏာအားဖြင့်၊ အဆက်အသွယ်အားဖြင့် မြင့်တယ်၊ မြင့်တဲ့အခါကျတော့ ငွေကြေးနဲ့ရှင်းပလိုက်တယ်။ ပိုက်ဆံ ၁၀ သိန်းဆိုတာ ကျူးလွန်ခံလိုက်ရတဲ့ ကလေး ရဲ့ မိသားစုအတွက် တစ်ခါမှမကိုင်ဖူးတဲ့ ပိုက်ဆံဖြစ်ပေမယ့် ဒီဘက်က ကျူးလွန်သူအတွက်ကျတော့ ဘာမှမဟုတ်တဲ့ ပိုက်ဆံဖြစ်နေတတ်တယ်” . . .

Q. သက်ငယ်မုဒိမ်းမှု ကျူးလွန်ထားသူတွေက နောက်တစ်ကြိမ် ကျူးလွန်နိုင်ခြေ ဘယ်လောက်ရှိပါသလဲဆရာ။

A. ဘယ်ကိစ္စမဆို အမှိုက်ဘာလို့ ပစ်သလဲဆိုရင် ဖမ်းမယ့်သူမရှိလို့ပစ်တယ်၊ ကွမ်းတံတွေး ဘာလို့ထွေးသလဲဆိုရင် ဖမ်းမယ့်သူမရှိလို့ ထွေးတယ်။ လူကူးဂုံးကျော်တံတားဆောက်ထားပြီး အဲဒီအပေါ်ကမကူးဘဲ အောက်ကဘာလို့ကူးလဲဆိုရင် ကားလမ်းကဖြတ်ရင် ဒဏ်ငွေတပ်မယ်ပြောတုန်းပဲ ခဏဖြတ်တယ်၊ နောက်ပိုင်းမဖမ်းတော့ နဂိုအတိုင်းပဲ ဖြစ်သွားတယ်။ ပြောချင်တာက တရားဥပဒေစိုးမိုးမှုမရှိတဲ့အခါ လူတွေရဲ ့အပြုအမူက မပြောင်းဘူး၊ ဒါကို ထပ်ခါထပ်ခါလုပ်တယ်။ ဒီပြဿနာက သက်ငယ်မုဒိမ်းမှုမှာလည်း ဒီသဘောအတိုင်းပဲရှိတယ်။ ကျွန်တော့်အတွေ့အကြုံအရ သက်ငယ်မုဒိမ်းမှုမှာ ကျူးလွန်တဲ့သူက ကျူးလွန်ခံရတဲ့ မိသားစုထက်စာရင် နည်းနည်းလေး(နည်းနည်းလေးပဲဖြစ်ဖြစ်) ငွေကြေးအဆင့်အတန်းအားဖြင့်၊ အာဏာအားဖြင့်၊ အဆက်အသွယ်အားဖြင့်မြင့်တယ်၊ မြင့်တဲ့အခါကျတော့ ငွေကြေးနဲ့ရှင်းပလိုက်တယ်။ ပိုက်ဆံ ၁၀ သိန်းဆိုတာ ကျူးလွန်ခံလိုက်ရတဲ့ ကလေးရဲ့ မိသားစုအတွက် တစ်ခါမှမကိုင်ဖူးတဲ့ ပိုက်ဆံဖြစ်ပေမယ့် ဒီဘက်ကကျူးလွန်သူအတွက်ကျတော့ ဘာမှမဟုတ်တဲ့ ပိုက်ဆံဖြစ်နေတတ်တယ်။ အဲဒီအခါ အပြစ်ပေးမခံရဘူးဆိုတဲ့စိတ်ဟာ ကျူးလွန်သူအတွက် နောက်ထပ်ကလေးတစ်ယောက်ဟာ ပစ်မှတ်တစ်ခု ဖြစ်ကောင်းဖြစ်သွားနိုင်ပါတယ်။ ဒါကြောင့် တရားဥပဒေစိုးမိုးမှု ပြည့်ပြည့်ဝ၀နဲ့ တရားခံတွေကို ထိထိရောက်ရောက် အပြစ်ပေးနိုင်ဖို့က သိပ်ပြီးအရေးကြီးတယ်ဆိုတာ သိစေချင်ပါတယ်။ အဲဒီလို အပြစ်မပေးသရွေ့ ဒီကျူးလွန်သူတွေက ဒါကဘာဆန်းလဲ၊ လျော်ကြေးနဲ့ပြီးသွားတာပဲဆိုတဲ့စိတ်နဲ့ ထပ်ခါထပ်ခါ ကျူးလွန်နိုင်ခြေများသွားတတ်ပါတယ်။

Q. သက်ငယ်မုဒိမ်းမှု လျော့ပါးအောင် ဘယ်လိုလုပ်ဆောင်သင့်ပါသလဲ ဆရာ။

A. သက်ငယ်မုဒိမ်းမှု ဖြစ်ပွားတာတွေက ဆင်းရဲနွမ်းပါးတာ၊ လူနေမှုအဆင့်အတန်းနိမ့်ကျတာ၊ လူတွေရဲ ့အသိဉာဏ်အားနည်းတာ . . ဒီအချက်တွေနဲ့လည်း အများကြီး ဆက်စပ်ပတ်သက်မှုရှိပါတယ်။ ဒါတွေ ပြောင်းလဲတိုးတက်ဖို့က နိုင်ငံတစ်ခုရဲ ့ လူနေမှုအဆင့်အတန်း တိုးတက်လာတော့မှ အဆင်ပြေသွားနိုင်မယ့် ကိစ္စမျိုးပါ။ လတ်တလောမှာ လုပ်နိုင်တာကတော့ ကိုယ်ရဲ ့ကလေးကို အလွယ်တကူ အနိုင်ကျင့်အကြမ်းဖက်ခံရမှု မဖြစ်အောင် မှန်မှန်ကန်ကန်လေး အသိပညာပေးထားနိုင်မယ်ဆိုရင် သိပ်ကိုကောင်းမွန်ပါတယ်။ ယေဘုယျအားဖြင့် သူတို့ရဲ ့ခန္ဓာကိုယ် အစိတ်အပိုင်းလေးတွေအကြောင်း သင်ပေးထားမယ်ဆိုရင် သိပ်ကိုကောင်းမွန်ပါတယ်။ သမီးရဲ ့ဒီနေရာ၊ ဒီနေရာကို တစ်ယောက်ယောက်က လာကိုင်ရင် လုံးဝလက်သင့်မခံနဲ့၊ လုံးဝမူမမှန်ဘူးဆိုတာကို ကလေးကသိထားဖို့ လိုပါတယ်။ ကလေးနဲ့ မိဘကြားထဲမှာ စိတ်ချင်းဆက်နွယ်မှုရှိဖို့လည်း လိုပါတယ်။ ကလေးကတစ်ခုခုဆိုရင် ကိုယ့်ကိုလာမပြောရဲဘူး၊ ပြောလိုက်လို့ရှိရင် အဖေ၊ အမေက ငါ့ကိုဆူတော့မှာပဲ၊ အဖေ၊ အမေက ငါ့ကိုမချစ်တော့ဘူးဆိုတဲ့ ခံစားချက်မျိုးရှိနေရင် တစ်ဖက်ကလူက အနိုင်ကျင့်အ ကြမ်းဖက်ခံလိုက်ရရင်တောင် မိဘကို ပွင့်ပွင့်လင်းလင်း ပြန်ပြောပြဖို့ အခက်အခဲရှိလိမ့်မယ်။ ဒါကြောင့် မိဘက သားသမီးတွေကို သင်ပေးထားရုံတင်မကဘူး၊ မိဘနဲ့ သားသမီးကြား စိတ်ချင်းဆက်နွှယ်မှုရှိဖို့လည်း ကြိုးစားတည်ဆောက်ထားစေချင်ပါတယ်။ နောက်တစ်ချက်က ဒီလိုမျိုးတွေ ဖြစ်သွားနိုင်ပါလားဆိုတဲ့ သတိရှိမှုလေးထားပြီး ကိုယ့်ရဲ ့ကလေးမှာ ဘာအပြောင်းအလဲတွေ ဖြစ်နေလဲ၊ ကိုယ်ရဲ ့ကလေးနဲ့ ရင်းနှီးတဲ့ ကလေးတွေကြားထဲမှာ ဘယ်လိုအပြုအမူလေးတွေ လုပ်တတ်လဲ . . ဒါလေးတွေကို စောင့်ကြပ်ကြည့်ရှုနိုင်မယ်ဆိုရင်တော့ အကောင်းဆုံးလို့ ထင်ပါတယ်။

Most Popular

Healthy Life Ad
To Top