Healthy Life Ad
Health Tips

“သင့်မှာ စိတ်ရောဂါရှိ၊ မရှိ” . . .

—–၊ ဒေါက်တာအုန်းကျော် (စိတ်ကျန်းမာရေးအထူးကု ဆရာဝန်ကြီး – အငြိမ်းစား) ၊—–

နောက်ဆုံးနှစ် ဆေးကျောင်းသားတွေနဲ့ စိတ်ကျန်းမာရေးအကြောင်း ဆွေးနွေးနေတာ ဖြစ်ပါတယ်။

“ စိတ်ကျန်းမာရေးဆိုတာ ဘာလဲဒေါက်တာ”

“ကမ္ဘာ့ကျန်းမာရေးအဖွဲ (WHO) က ဖွင့်ဆိုထားတဲ့ အနက်အဓိပ္ပာယ်ရှိပါတယ်။ စိတ်ကျန်းမာရေးဆိုတာ စိတ်ရောဂါကင်းရှင်းနေတဲ့ အခြေအနေသာမကဘဲ စိတ်ချမ်းသာ၊ ပျော်ရွှင်သာယာခြင်းရှိတဲ့ အခြေအနေ(Well-Being) ဖြစ်တယ်။ အဲဒီလို စိတ်အခြေအနေရှိလို့ လူတစ်ဦးမှာရှိတဲ့ ပင်ကိုယ်အစွမ်းအတိုင်း လုပ်ကိုင်ဆောင်ရွက်နိုင်တယ်။ နေ့စဉ်နေ့တိုင်း တွေ့ကြုံရမယ့် ဖိစီးမှုပြဿနာတွေကို ရင်ဆိုင်ဖြေရှင်းနိုင်တယ်။ မိမိဘဝတိုးတက်မှုအတွက် အားထုတ်ကြိုးပမ်းနိုင်တယ်။ နောက်ပြီး လူမှုပတ်ဝန်းကျင်အတွက် အကျိုးကျေးဇူးရှိတဲ့ လုပ်ငန်းတွေမှာ ပါဝင်လုပ်အားပေးနိုင်တယ်”

ဆေးကျောင်းသားတစ်ယောက်က စောဒကတက်ပါတယ်။

“လူတိုင်း အဲဒီလိုအခြေအနေမျိုးကို အမြဲတမ်း ပိုင်ဆိုင်နေနိုင်ပါ့မလား”

“ခင်ဗျားပြောတာမှန်ပါတယ်။ WHO က ဖြစ်သင့်ဖြစ်ထိုက်တဲ့ စံပြအခြေအနေ (IDEAL) ကို ဖော်ညွှန်းထားတာပါ။ ဒါကြောင့် စိတ်ရောဂါခံစားနေရသူနဲ့ စံပြစိတ်ကျန်းမာရေး ကောင်းသူကြားမှာ စိတ်ကျန်းမာရေးမပြည့်စုံသူ အမျိုးမျိုးရှိနိုင်ပါတယ်။ အဖြူအမည်းမသဲကွဲတဲ့ မီးခိုးရောင်အနုအရင့်တွေကို ပြောတာပါ”

“ဒီတော့ စိတ်ရောဂါရှိတယ်လို့ ပြောနိုင်ဖို့ ဘယ်လိုအချက်အလက်တွေကို စဉ်းစားရမလဲ”

“မေးသင့်မေးထိုက်တဲ့ မေးခွန်းပါ။ ကျန်းမာရေးဆေးခန်းကို လာရောက်ပြသသူတွေထဲမှာ ဘယ်သူက စိတ်ရောဂါ ခံစားနေရသလဲဆိုတာကို ခန့်မှန်းတတ်ဖို့ လိုအပ်ပါတယ်။ မိသားစုထဲမှာလည်း အိမ်သားတစ်ဦးဦး စိတ်ရောဂါ စတင်ဖြစ်ပွားမှု ရှိ၊ မရှိ သတိထားကြည့်ရှုနိုင်ရင် ကောင်းတာပေါ့”

“အဲဒီတော့ . . .”

“အဲဒီတော့ လူတစ်ယောက်မှာ စိတ်ရောဂါ ရှိ၊ မရှိ သိရှိနိုင်တဲ့ လက္ခဏာတွေကို စုံစမ်းစစ်ဆေးကြည့်ရမှာပေါ့။ အဲဒီလက္ခဏာတွေကို ‘သတိပေးစိတ်ရောဂါလက္ခဏာများ’(Warning Signs)လို့ ခေါ်ပါတယ်”

“ရှင်းပြပါ ဆရာ”

“(၁) ယခင်ကထက် စိုးရိမ်စိတ်၊ ကြောက်စိတ်လွန်ကဲလာခြင်း၊ (၂) ယခင်ကထက် စိတ်ညစ်တာ၊ စိတ်ကျတာ၊ မပျော်မရွှင်ခံစားရတာ ပိုမိုများပြားမြင့်မားလာခြင်း၊ ကြာရှည်စွာ ခံစားလာရခြင်း (၃) ယခင်ကထက် စိတ်တိုလွယ်ခြင်း၊ ဒေါသပေါက်ကွဲလာတတ်ခြင်း၊ အကြမ်းဖက်ခြင်း၊ (၄) ယခင်ကထက် စိတ်လှုပ်ရှားမှု အတက်အကျမြန်ခြင်း၊ စိတ်လှုပ်ရှား လွယ်လာခြင်း”

“စိတ်ရောဂါရှိနိုင်တယ်လို့ သံသယရှိရင် အဲဒီလူမှာ မိမိကိုယ်မိမိ သေကြောင်းကြံချင်စိတ် ရှိ၊ မရှိ မေးမြန်းရမယ်။ ကာယကံရှင်က မသိမသာ သွယ်ဝိုက်ပြီး အရိပ်အယောင်ပြတဲ့ အပြောမျိုးကို အလေးထားဖို့ လိုအပ်ပါတယ်။ ဥပမာ-လောကကြီးက ငြီးငွေ့စရာကြီး စတဲ့ အပြောမျိုးပါ” . . .

ဆေးကျောင်းသူတစ်ဦးက ကြားဖြတ်မေးမြန်းပါတယ်။

“ဒါတွေက စိတ်ခံစားမှုနဲ့သက်ဆိုင်တဲ့ လက္ခဏာတွေ မဟုတ်လား။ လူတိုင်းလူတိုင်း တစ်နေ့မဟုတ် တစ်နေ့မှာ စိတ်ညစ်တာ၊ စိုးရိမ်တတ်တာ၊ ဒေါသထွက်မိတာတွေ ရှိတာပဲ ဒေါက်တာအုန်း”

“မှန်ပါတယ်။ အရင်ကနဲ့ မတူတော့ဘဲ စိတ်ခံစားတုံ့ပြန်မှု ပြောင်းလဲလာတာကို သိချင်တာပါ။ စိုးရိမ်စိတ်၊ ညစ်ညူးစိတ်၊ ဒေါသစိတ်တွေက အရင်ကထက် ပိုမိုကြီးမားလာသလား။ အရင်ကလို တစ်ခါတရံ ခံစားရတာမျိုးမဟုတ်ဘဲ မကြာခဏ ခံစားလာရသလားဆိုတာကို စုံစမ်းရမှာ ဖြစ်ပါတယ်။ သတိပေးလက္ခဏာတွေကို ဆက်ပြောမယ်။ (၅) အာရုံစိုက်နိုင်မှု လျော့နည်းလာခြင်း၊ ဆင်ခြင်တွေးတော ဆုံးဖြတ်နိုင်မှု အားနည်းလာခြင်း။ ဒါကြောင့် ကျောင်းသားဆိုရင် ကျောင်းစာညံ့ဖျင်းလာမယ်။ လူကြီးတွေမှာတော့ ပုံမှန်လုပ်ငန်းကိစ္စကို ဆောင်ရွက်ဖို့ အခက်အခဲရှိလာမယ်။ (၆) ထူးဆန်းတဲ့ အာရုံခံစားရခြင်း (ဥပမာ-အကြောင်းမဲ့ စကားပြောသံကြားသလို ခံစားရခြင်း)၊ ပတ်ဝန်းကျင်ကို အထင်အမြင်မှားခြင်း (ဥပမာ-သံသယစိတ် လွန်ကဲလာခြင်း၊ ပတ်ဝန်းကျင်မှာ တွေ့ရှိရတဲ့ အဖြစ်အပျက်တွေက ထူးဆန်းနေသလို ခံစားရခြင်း)”

ဆေးကျောင်းသားတစ်ဦးက ပါဝင်ဆွေးနွေးပါတယ်။

“အဲဒီလက္ခဏာတွေက စိတ္တဇရောဂါ (Psychosis) လက္ခဏာလို့ ကျွန်တော်သိထားပါတယ်။ အဲဒီလိုတွေ့ကြုံခံစားလာရရင် ရှေးဦးသတိပေးလက္ခဏာလို့ ပြောလို့ရပါမလား”

“ဒါပေမဲ့ စိတ္တဇရောဂါ ဖြစ်ပွားစမှာ အဲဒီလို အတွေ့အကြုံတွေကို အမြဲလိုလို ခံစားနေရတာ မဟုတ်ပါဘူး။ တစ်နေ့မှာ တစ်ကြိမ်-နှစ်ကြိမ်ဆိုသလို ဗြုန်းကနဲ ခံစားရပြီး အချိန်အနည်းငယ်အတွင်း ပျောက်ကွယ်သွားတတ်ပါတယ်။ ဒါကြောင့် ဘေးလူတွေက ရိပ်မိမှာမဟုတ်ဘူး။ ကာယကံရှင် ကိုယ်တိုင်ကလည်း အလိုအလျောက် ဘေးကလူတွေကို ပြောပြမှာမဟုတ်ဘူး။ (၇) လူမှုဆက်ဆံရေး ပြောင်းလဲလာတာကိုလည်း တွေ့ရှိနိုင်တယ်။ ဥပမာ-အပေါင်းအသင်းတွေကိုရှောင်ပြီး တစ်ကိုယ်တည်း နေတတ်လာခြင်း၊ လူတွေနဲ့ ပူးပေါင်းဆောင်ရွက်ရမယ့် ကိစ္စတွေမှာ စိတ်ဝင်စားမှု လျော့နည်းခြင်း၊ ပျက်ကွက်ခြင်း၊ လူတွေနဲ့ ဆက်ဆံပေါင်းသင်းတဲ့အခါမှာလည်း အဆင်မပြေ၊ ပဋိပက္ခဖြစ်ပွားလာတတ်ခြင်း”

ဆေးကျောင်းသူတစ်ယောက်က ကြားဖြတ်မေးမြန်းပါတယ်။

“အဲဒီလို လူမှုဆက်ဆံရေး အပြုအမူ ပြောင်းလဲမှု ရှိနေတာကို လူနာကိုယ်တိုင်က ဝန်မခံရင် ဘယ်လိုသိနိုင်မလဲ”

“အိမ်သားတွေ၊ မိတ်ဆွေသူငယ်ချင်းတွေကို မေးမြန်းကြည့်ရမှာပေါ့။ နောက်ပြီး အိပ်စား၊ ကာမသဘာဝဆန္ဒသုံးမျိုး ချို့ယွင်းတဲ့ လက္ခဏာတွေကိုလည်း စုံစမ်းကြည့်နိုင်တယ်။ (၈) အစားအသောက်ပျက် ခြင်း (ဒါမှမဟုတ်) အရင်ကထက်ပိုပြီး အစားကြူးလာခြင်း၊ (၉) အိပ်ရေးပျက်ခြင်း (ဒါမှမဟုတ်) အလွန်အမင်းအိပ်တဲ့အကျင့် ရရှိလာခြင်း၊ (၁၀) လိင်ဆန္ဒကျဆင်းခြင်း (ဒါမှမဟုတ်) လိင်ဆန္ဒပြင်းပြလာခြင်း၊ (၁၁) အအိပ်၊ အနေ၊ အစားအသောက်ချို ့ယွင်းတာကြောင့် ကိုယ်အလေးချိန်ကျခြင်း (ဒါမှမဟုတ်) ကိုယ်အလေးချိန် တက်လာခြင်းတို့ ဖြစ်ပါတယ်။ အဲဒါအပြင် အပြုအမူ၊ အနေအထိုင်ပြောင်းလဲမှုနဲ့ ပတ်သက်တဲ့ လက္ခဏာတွေကိုလည်း သတိထားရမယ်”

“ပြောပြပါ ဆရာ”

“(၁၂) အရက် ဒါမှမဟုတ် မူးယစ်ဆေး စတင်သုံးစွဲလာခြင်း ဒါမှမဟုတ် အရက်သောက်တတ်သူ၊ ဆေးလိပ်သောက်တတ်သူက အရင်ကထက်ပိုပြီး သုံးစွဲလာခြင်း၊ (၁၃) နေ့စဉ် လုပ်ငန်းတာဝန်တွေကို အရင်ကလို ဆောင်ရွက်လုပ်ကိုင်နိုင်မှု မရှိခြင်း၊ စိတ်ပါဝင်စားမှု လျော့နည်းလာခြင်း၊ (၁၄) ခန္ဓာကိုယ်ရောဂါမရှိပေမယ့် ခြေလက်နာကျင်ကိုက်ခဲခြင်း၊ ခေါင်းကိုက်ခြင်း၊ ဗိုက်နာခြင်း၊ ရင်ဘတ်အောင့်ခြင်း၊ မောပန်းခြင်း စတဲ့ ခန္ဓာကိုယ်လက္ခဏာတွေကို ညည်းတွားခြင်း”

ဆေးကျောင်းသားတစ်ယောက်က ကြားဖြတ်ပြီးမှ မှတ်ချက်ချပါတယ်။

“ဒါကြောင့် ခန္ဓာကိုယ်ရောဂါကို ရှာမတွေ့ပေမယ့် ခန္ဓာကိုယ်ရောဂါလက္ခဏာတွေကို ညည်းတွားနေတဲ့သူ့ကို တွေ့ရင် စိတ်ကျန်းမာရေး ကောင်း၊ မကောင်း သတိပြုသင့်တယ်ပေါ့”

“မှန်ပါတယ်။ နောက်ဆုံးအရေးကြီးတဲ့အချက် တစ်ခုရှိသေးတယ်။ (၁၅) စိတ်ရောဂါရှိနိုင်တယ်လို့ သံသယရှိရင် အဲဒီလူမှာ မိမိကိုယ်မိမိ သေကြောင်းကြံချင်စိတ် ရှိ၊ မရှိ မေးမြန်းရမယ်။ ကာယကံရှင်က မသိမသာသွယ်ဝိုက်ပြီး အရိပ်အယောင်ပြတဲ့ အပြောမျိုးကို အလေးထားဖို့ လိုအပ်ပါတယ်။ ဥပမာ-လောကကြီးက ငြီးငွေ့စရာကြီး စတဲ့ အပြောမျိုးပါ”

ဆေးကျောင်းသားတစ်ယောက်က ဝေဖန်ဆွေးနွေးတယ်။

“ဒေါက်တာအုန်းပြောခဲ့တဲ့ သတိပေးလက္ခဏာတချို ့ကို တစ်ခါတလေ ကျွန်တော်တွေ့ကြုံခံစားဖူးပါတယ်။ ဒီတော့ ကျွန်တော့်မှာ စိတ်ရောဂါဖြစ်ပွားစ လက္ခဏာတွေ ရှိတယ်လို့ ပြောနိုင်မလား”

ဆေးကျောင်းသူတစ်ယောက်က မကြားတကြားပြောတယ်။

“သိပ်မှန်တာပေါ့”

“အဲဒီလိုတော့ အလွယ်တကူ မှတ်ချက်ချလို့ မရပါဘူး။ ဆရာပြောခဲ့တဲ့ သတိပေးလက္ခဏာ ၁၅ မျိုးထဲက လက္ခဏာဘယ်လောက်များများ ခံစားနေရသလဲဆိုတာ စုံစမ်းမေးမြန်းကြည့်ရမယ်။ ရှိတယ်ဆိုရင် အဲဒီရောဂါလက္ခဏာ တစ်ခုချင်းက အရင်ကထက် ပိုမိုဆိုးရွား ပြင်းထန်လာသလား။ တစ်ခါတရံသာမဟုတ်ဘဲ မကြာခဏ ဒါမှမဟုတ် အမြဲတမ်းလိုလို ခံစားနေရသလား။ ရောဂါလက္ခဏာ ခံစားနေရတာ အချိန်ကြာရှည်လာပြီလား။ ရောဂါလက္ခဏာအများစုကို တပြိုင်တည်း ခံစားနေရသလား။ ခံစားနေရတဲ့ ရောဂါလက္ခဏာတွေကြောင့် နေ့စဉ်လုပ်ငန်းတာဝန်ကို ဆောင်ရွက်ဖို့ ပျက်ကွက်လာသလား စတဲ့ အချက်အလက်တွေကို ထည့်သွင်းစဉ်းစားရမယ်။

ဒါကြောင့် တစ်ဦးတစ်ယောက်မှာ စိတ်ရောဂါရှိမရှိ သိချင်ရင် ကာယကံရှင်ကိုယ်တိုင်ဖြစ်ဖြစ်၊ အိမ်သူအိမ်သားတွေကဖြစ်ဖြစ်၊ ဆရာဝန်၊ သူနာပြုတွေကဖြစ်ဖြစ် သတိပေးလက္ခဏာ ၁၅ မျိုးနဲ့ ချိန်ထိုးကြည့်နိုင်ပါတယ်။ မသင်္ကာရင် သက်ဆိုင်ရာ ကျန်းမာရေးဝန်ထမ်းနဲ့ ဆက်လက်စစ်ဆေးရမှာပါ”

Most Popular

Healthy Life Ad
To Top