Healthy Life Ad
Q & A

သွေးထဲမှာ ယူရစ်အက်ဆစ်များတာက စိုးရိမ်ရသလား

———၊ (အထွေထွေအထူးကု ဆရာဝန်ကြီးဖြေကြားသည်) ၊———

Q. သွေးထဲမှာ ယူရစ်အက်ဆစ်များတာက စိုးရိမ်ရပါသလား ဆရာ။ ဆောင်ရန်၊ ရှောင်ရန်တွေ သိပါရစေဆရာ။

A. သွေးထဲမှာ ယူရစ်အက်စစ်များတာက စိုးရိမ်ရလောက်တဲ့ ပြဿနာကြီး မဟုတ်ပါဘူး။ ယူရစ်အက်ဆစ်က ခဏတဖြုတ်များတာမဟုတ်ဘဲ နှစ်နဲ့ချီပြီး များနေရင် နောက်ဆက်တွဲအနေနဲ့ ဂေါက် (Gout) အဆစ်အမျက်ရောင်ရောဂါ ဖြစ်နိုင်ပါတယ်။ ကျောက်ကပ်ကျောက်တည်နိုင်ပြီး ကျောက်တည်ခြင်းနဲ့ ဆက်စပ်တဲ့ဆိုးကျိုးတွေ ခံစားရနိုင်တယ်။ ကျောက်ကပ်ရောင်ရမ်းတဲ့ရောဂါလည်း ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ သွေးထဲ ယူရစ်အက်စစ်များတိုင်း ဖြစ်တာမဟုတ်ပါဘူး။

Metabolic Syndrome မှာလည်း ယူရစ်အက်စစ်များနိုင်ပါတယ်။ မွေးရာပါ အင်ဇိုင်းရောဂါရှိရင်လည်း ယူရစ်အက်စစ်များနိုင်ပါတယ်။ ကင်ဆာရောဂါဝေဒနာရှင်တွေမှာ ကင်ဆာဆေးပေးတဲ့အခါ ယူရစ်အက်စစ်များလာနိုင်သလို တီဘီကုသဆေး၊ ပါရာစီတမော စတဲ့ဆေးတွေကို ကြာကြာသောက်တဲ့အခါမှာလည်း ယူရစ်အက်စစ် တက်လာနိုင်ပါတယ်။

ယူရစ်အက်စစ်များတဲ့အခါမှာ ခရမ်းချဉ်သီး၊ ပဲပင်ပေါက်၊ မျှစ်၊ မှို၊ ငါးဥ၊ ကလီစာ၊ မြေအောင်းဥ စတဲ့ အစားအစာတွေကို ရှောင်သင့်ပါတယ်။ အဲဒီအစားအသောက်တွေစားရင် ပိုဆိုးလာတတ်လို့ပါ။

ယူရစ်အက်စစ်များရင် အရေပြားမှာ၊ အထူးသဖြင့် နားရွက်အရိုးနုပေါ်မှာ၊ လက်ဖျံနောက်ကျောဘက်မှာ အသီးလေးတွေ (Tophi) ဖြစ်တတ်ပါတယ်။ ဘာမှတော့ အန္တရာယ်မရှိပါဘူး။

ယူရစ်အက်စစ်များတာကို သိပ်မစိုးရိမ်ပါနဲ့။ စောစောက ဆရာပြောတဲ့ အစားအသောက်တွေရှောင်ပြီး ဆရာဝန်နဲ့ ပြသလိုက်ရင် အဆင်ပြေသွားမှာပါ။

Most Popular

Healthy Life Ad
To Top