Healthy Life Ad
Q & A

မျက်ခမ်းရောင်ရမ်းနေလျှင် သန့်စင်ပေးပါ

—၊ ပါမောက္ခဦးတင်ဝင်း (မျက်စိအထူးကု ဆရာဝန်ကြီး) ပါမောက္ခ၊ ဌာနမှူး ရန်ကုန်မျက်စိဆေးရုံကြီးနှင့် တွေ့ဆုံဆွေးနွေးခြင်း ၊—

Q. မျက်ခမ်းရောင်တဲ့အခါ ဘယ်လိုလက္ခဏာတွေ ပြတတ်ပါသလဲ ဆရာ။

A. မျက်ခမ်းရောင်တဲ့အခါ ဖြစ်တတ်တဲ့ လက္ခဏာတွေက မျက်ခမ်းကထူပြီး ရောင်နေမယ်၊ ယားနေမယ်။ မျက်စိကနီနေမယ်။ မျက်တောင်အရင်းကို ကြည့်လိုက်ရင် မွေးကျွတ်နာလို မျက်စိစွန်ဖုတွေလည်း တွေ့ရတတ်ပါတယ်။ မျက်စိအဆီဖုတွေက အများကြီးရှိနေမယ်။ ဒီလိုဖြစ်တာက Tasal Glands တွေက ပိတ်ပြီး အဆီတွေက အပြင်ကို မထွက်တော့ဘူး။ အဲဒီအခါ မျက်ရည်ကြည်လွှာ (Precorneal Tear Film) က အငွေ့ပျံမှု ပိုများသွားပါတယ်။ ဒီလိုဖြစ်ရင် မျက်စိက ခြောက်သွေ့သွားတယ်။ ဒီကနေ နောက်ဆက်တွဲ လက္ခဏာအနေနဲ့ဆိုရင် ခြောက်သွေ့မျက်စိ (Secondary Dry Eye)ဖြစ်လာမယ်။ မျက်စိက စိုစိုစွတ်စွတ် မရှိတော့ဘဲ မျက်လုံးကို မကြာခဏ ပုတ်ခတ်ရပြီး ညောင်းညာမှုကလည်း ပိုဖြစ်လာတယ်။ ဒီလိုလက္ခဏာတွေကို ပိုခံစားရတတ်ပါတယ်။

Q. မျက်ခမ်းရောင်ရင် သက်သာအောင် ဘယ်လိုလုပ်လို့ရပါသလဲ ဆရာ။

A. မျက်ခမ်းရောင်တာအတွက် ကုသမှုကတော့ သိပ်လွယ်ပါတယ်။ ခေါင်းမှာအနာဖြစ်ရင် ကုသတဲ့ ကုသမှုအတိုင်းပါပဲ။ ခေါင်းမှာ ဗောက်ထတာလို အနာဖြစ်ရင် ခေါင်းလျှော်လေ့ရှိကြပါတယ်။ အဲဒီအတိုင်းပါပဲ.. မျက်ခမ်းကိုသန့်စင်မှု (Eyelid Hygiene) လုပ်ပေးရပါတယ်။

“လူအတော်များများက မျက်ခမ်းရောင်တာမဖြစ်အောင် ဒီလို နေ့စဉ်ဆေးကြောပေးရမယ်ဆိုတာကို မသိကြပါဘူး။ မျက်နှာကိုသစ်တယ်၊ သွားတိုက်တယ်၊ ဒါပေမဲ့ မျက်လုံးကို ကာရံထားတဲ့ မျက်ခွံကို ရေနဲ့သေချာဆေးကြောပေးတဲ့ အလေ့အထက လူအများစုမှာ မရှိကြဘူး။ ဒီနည်းကိုလုပ်ပေးရင်” . . .

Q. မျက်ခမ်းကို ဘယ်လိုသန့်စင်ရမလဲ ဆရာ။

A. မျက်ခမ်းကို ဘယ်လိုသန့်စင်မလဲဆိုတဲ့ မေးခွန်းကို ဖြေရမယ်ဆိုရင်တော့ မျက်နှာသစ်တဲ့အခါတိုင်း ကိုယ့်မျက်ခွံကို ဆေးကြောမိရဲ့လားလို့ ပြန်မေးရမှာပါပဲ။ အများအားဖြင့် မဆေးမိကြပါဘူး။ မျက်နှာကို ရေနဲ့ဆပ်ပြာသုံးပြီး အားရပါးရ ဆေးကြောတဲ့အခါ မျက်တောင်တွေကို ဆေးကြောမိတာမျိုး ဖြစ်နိုင်ပေမယ့် ဂွမ်းစလေးနဲ့ မျက်တောင်နဲ့ မျက်ခမ်းတွေကိုသုတ်ပြီး ဆေးကြောမိဖို့ကျတော့ မလုပ်ဖြစ်တာ များပါလိမ့်မယ်။ ဒါကြောင့် ဒီလိုမျက်ခမ်းရောင်တဲ့လူနာ၊ မျက်စိစွန်တဲ့လူနာ၊ မျက်စိအဆီဖုဖြစ်တဲ့ လူနာတွေ လာပြပြီဆိုရင် မျက်နှာကို ရေနဲ့ အားရပါးရဆေးကြောပါ။ ပြီးရင် မျက်ခမ်းလေးတွေကို တုတ်ပါတဲ့ဝါဂွမ်း (Cotton Stick) လေးနဲ့ ရေနွေး၊ ဆပ်ပြာတွေသုံးပြီး ဆေးကြောပေးပါလို့ မှာရပါတယ်။

ဒီလို မျက်ခမ်းသန့်ရှင်းမှု လုပ်တာက လွယ်လည်းလွယ်၊ ထိလည်းထိရောက်မှု ရှိပါတယ်။ ဒါပေမဲ့ လူတိုင်းလုပ်နိုင်ဖို့ ခက်ပါတယ်။ ဒီအလေ့အထက လွယ်ပေမယ့် လူတိုင်းမှာ ဒီအလေ့အထကို လိုက်နာနိုင်မှု မရှိပါဘူး။ ဥပမာအားဖြင့် ပြောရရင် ဦးခေါင်းမှာ ဗောက်တွေရှိနေရင် ခေါင်းလျှော်လိုက်ရင် သက်သာသလိုပဲ မျက်ခမ်းကို ရေနဲ့ဆေးကြောပေးလိုက်ရင် မွေးကျွတ်နာတွေက အတော်သက်သာသွားပါတယ်။ မျက်စိစွန်တာက မဖြစ်တော့ဘူး။ မျက်ခမ်းမှာရှိတဲ့ Tasal Glands တွေက ပွင့်သွားပြီး မျက်စိအဆီဖု မဖြစ်တော့ဘူး။ ဒီလိုလုပ်လို့မှ မျက်စိအဆီဖု၊ မျက်စိစွန်ဖုတွေ ပေါက်နေသေးရင် မျက်စိကို ကြက်သီးနွေးရေနဲ့ ဆေးကြောပေးရပါမယ်။ ဒီလိုလုပ်လို့မှ မသက်သာသေးရင် မျက်တောင်တွေကို တချို့ဘေဘီရှမ်ပူနဲ့ ဆေးကြောသန့်စင်ပေးရပါမယ်။ ဆိုလိုတာက မျက်တောင်ကို သန့်ရှင်းစင်ကြယ်အောင် လုပ်ပေးတာမျိုးပါ။

Q. မျက်ခမ်းမရောင်အောင် ဘယ်လိုကာကွယ်ပေးလို့ ရပါသလဲဆရာ။

A. လူအတော်များများက မျက်ခမ်းရောင်တာ မဖြစ်အောင် ဒီလို နေ့စဉ်ဆေးကြောပေးရမယ်ဆိုတာကို မသိကြပါဘူး။ မျက်နှာကိုသစ်တယ်၊ သွားတိုက်တယ်၊ ဒါပေမဲ့ မျက်လုံးကို ကာရံထားတဲ့ မျက်ခွံကို ရေနဲ့သေချာဆေးကြောပေးတဲ့ အလေ့အထက လူအများစုမှာမရှိကြဘူး။ ဒီနည်းကိုလုပ်ပေးရင် မျက်ခမ်းရောင်တာ ဖြစ်နှုန်းက အတော်လေး လျော့နည်းသွားနိုင်ပါတယ်။ ကုသမှုမှာလည်း ဒီလိုသန့်ရှင်းပေးတာက ပါဝင်သလို ကာကွယ်မှုမှာလည်း ပါဝင်ပါတယ်။

Most Popular

Healthy Life Ad
To Top