Healthy Life Ad
Q & A

မာလ်တီဗီတာမင်အားဆေးတွေကို ပုံမှန်သောက်သုံးဖို့ လိုပါသလား . . .

—၊ ဒေါက်တာမိုးအောင်ကျော်နိုင် (အထွေထွေရောဂါအထူးကု သမားတော်ကြီး အထွေထွေအတွင်းရေးမှူး၊ ရွှေရောင်နှင်းဆီကင်ဆာဖောင်ဒေးရှင်း)နှင့် တွေ့ဆုံဆွေးနွေးခြင်း ၊—

Q. မာလ်တီဗီတာမင်အားဆေးတွေကို ပုံမှန်သောက်သုံးဖို့ လိုအပ်ပါသလား ဆရာ။

A. မာလ်တီဗီတာမင် (Multivitamin) အားဆေးတွေကို ပုံမှန်သောက်ဖို့ လိုလား၊ မလိုလားဆိုတာကို မဖြေခင်မှာ မာလ်တီဗီတာမင်အားဆေးတွေမှာ ပါဝင်တဲ့ ဓာတ်တွေအကြောင်း ပြောချင်ပါတယ်။ မာလ်တီဗီတာမင်အားဆေးတွေမှာ အဓိကအားဖြင့် ဗီတာမင်နဲ့ သတ္တုဓာတ်တွေ ပါဝင်ပါတယ်။ ဗီတာမင်ဆိုတာ ကာဗွန်ပါတဲ့ သြဂဲနစ်ဒြပ်ပေါင်းဖြစ်ပြီး ခန္ဓာကိုယ်ထဲမှာ မတည်ဆောက်နိုင်တဲ့ အရာတွေဖြစ်တယ်၊ ဒါပေမဲ့ ခန္ဓာကိုယ်ရဲ့ နေ့စဉ်လှုပ်ရှားသွားလာမှုမှာ လိုအပ်နေပါတယ်။ ခန္ဓာကိုယ်က ဗီတာမင်လိုအပ်တဲ့ ပမာဏက အနည်းငယ်ပဲရှိတယ်။ အဲဒီပမာဏကို နေ့စဉ်စားသောက်တဲ့ အစားအသောက်တွေကနေ ရရှိပါတယ်။

ဗီတာမင်တွေကို ရေပျော်ဗီတာမင်နဲ့ ဆီပျော်ဗီတာမင်ဆိုပြီး နှစ်ပိုင်းခွဲခြားထားပါတယ်။ ဆီမှာပျော်တဲ့ ဗီတာမင်က အေ၊ ဒီ၊ အီးနဲ့ ကေဆိုပြီး လေးမျိုးရှိပါတယ်။ ရေမှာပျော်ဝင်တဲ့ အမျိုးအစားတွေကတော့ ဗီတာမင် ဘီ၊ စီတွေ ဖြစ်ပါတယ်။ ဆီမှာပျော်တဲ့ ဗီတာမင်တွေက ခန္ဓာကိုယ်မှာ ကြာကြာသိမ်းဆည်းထားလို့ရသလို စားသုံးတဲ့ ပမာဏများသွားရင် ခန္ဓာကိုယ်ကို အန္တရာယ်ပေးနိုင်ပါတယ်။ စုစုပေါင်းအားဖြင့် ဗီတာမင် ၁၃ မျိုးလောက်ရှိပါတယ်။

Q. ဆီပျော်ဗီတာမင်တွေက ခန္ဓာကိုယ်မှာ ဘာတွေအသုံးဝင်ပါသလဲ ဆရာ။

A. ဗီတာမင်အေက မျက်စိနဲ့ မျိုးပွားအင်္ဂါတွေအတွက် လိုအပ်တဲ့ ဓာတ်တစ်မျိူးဖြစ်တယ်။ ဗီတာမင် ဒီက အရိုးဖွဲ့စည်းတည်ဆောက်ပုံအတွက် အရေးပါတယ်။ ဗီတာမင်အီးက ခန္ဓာကိုယ်ထဲမှာ စွမ်းအင်လောင်ကျွမ်းပြီး ထွက်လာတဲ့ ဓာတ်တွေကို ချေဖျက်တဲ့နေရာမှာ အင်တီအောက်ဆီးဒင့်အနေနဲ့ အသုံးပြုတယ်။ ဗီတာမင်ကေက သွေးခဲတဲ့နေရာမှာ အသုံးဝင်တယ်။ ဒီဓာတ်တွေက ခန္ဓာကိုယ်အတွက် မရှိမဖြစ် လိုအပ်ပေမယ့် ပိုသွားရင် အန္တရာယ်ရှိပါတယ်။ ရေမှာပျော်ဝင်တဲ့ ဗီတာမင်ဘီမှာတော့ မျိုးကွဲရှစ်ခုလောက်ရှိတယ်။ ဗီတာမင်ဘီရဲ့ အဓိကတာဝန်က အာရုံကြောတွေ သန်စွမ်းဖို့၊ သွေးနီဥတည်ဆောက်ဖို့ ဖြစ်သလို စွမ်းအင်ထုတ်လုပ်ရာမှာ ပါဝင်ပါတယ်။ ဗီတာမင်ဘီချို့တဲ့ရင် အာရုံကြောအားနည်းတာ၊ သွေးအားနည်းတာတွေ ဖြစ်တတ်ပါတယ်။ ဗီတာမင်စီကတော့ အနာတွေ၊ ဒဏ်ရာတွေ ကျက်အောင် ဆောင်ရွက်ပေးပါတယ်။ အင်တီအောက်ဆီးဒင့်အနေနဲ့ အဆိပ်အတောက်တွေကို ဖယ်ရှားပေးပါတယ်။ ဗီတာမင်ဘီနဲ့ စီက ရေထဲမှာ ပျော်ဝင်တဲ့အတွက် စားသုံးမှုများသွားတယ်ဆိုရင် ခန္ဓာကိုယ်ကို အန္တရာယ်မပေးဘဲနဲ့ ဆီးကနေ အပြင်ကို စွန့်ထုတ်ပါတယ်။

“တချို့လူတွေဆိုရင် ဆရာဝန်တစ်ယောက်ကညွှန်တဲ့ အားဆေးလည်းသောက်တယ်၊ လက်ဆောင်ရတဲ့ အားဆေးလည်းသောက်တယ် စသဖြင့် သောက်တဲ့အခါ ဗီတာမင်တွေ လိုတာထက်ပိုများသွားရာက ပျို့ခြင်း၊ အန်ခြင်း၊ ခေါင်းမူးခြင်း၊ နုံးခြင်း၊ နေမကောင်းခြင်း စတဲ့ နောက်ဆက်တွဲ ကျန်းမာရေးပြဿနာတွေ ဖြစ်တတ်ပါတယ်။ ဒါကြောင့် လိုအပ်လို့ အားဆေးသောက်မယ်ဆိုရင် တစ်နေ့တစ်ကြိမ် တစ်လုံးပဲသောက်ဖို့ အကြံပြုလိုပါတယ်။”

Q. မာလ်တီဗီတာမင်အားဆေးတွေမှာပါတဲ့ သတ္တုဓာတ်တွေအကြောင်းကိုလည်း ပြောပြပေးပါဦး ဆရာ။

A. သတ္တုဓာတ်တွေကတော့ Inorganic Compound ဖြစ်တယ်။ ခန္ဓာကိုယ်တွင်းမှာ နဂိုကတည်းကရှိပြီး ခန္ဓာကိုယ်လှုပ်ရှားသွားလာရာမှာ ဗီတာမင်နည်းတူ ဆောင်ရွက်တယ်။ ခန္ဓာကိုယ်ထဲမှာ လုံလုံလောက်လောက် ရှိနိုင်မှုအားနည်းရင် အပြင်ကနေ ဖြည့်သွင်းပေးဖို့ လိုအပ်တယ်။ ခန္ဓာကိုယ်အတွက် အဓိကလိုအပ်တဲ့ သတ္တုဓာတ် ၂၁ မျိုးရှိတယ်လို့ အကြမ်းဖျင်းအားဖြင့် သိရတယ်။ အဲဒီအထဲက အရေးကြီးဆုံး ၅ မျိုးကတော့ ကယ်လ်ဆီယမ်၊ ဖော့စ်ဖရပ်စ်၊ ဆိုဒီယမ်၊ မဂ္ဂနီဆီယမ်နဲ့ ပိုတက်ဆီယမ်တို့ ဖြစ်ကြပါတယ်။ ဒါတွေက ခန္ဓာကိုယ်ထဲမှာ မရှိမဖြစ် ဟန်ချက်ညီနေဖို့ လိုအပ်တယ်။ လျော့နည်းရင် လျော့နည်းတဲ့ လက္ခဏာတွေ ခံစားရတတ်သလို များရင် ဒုက္ခပေးနိုင်ပါတယ်။ ဒါကို ခန္ဓာကိုယ်ထဲမှာ ညီညွတ်မျှတအောင် ကျောက်ကပ်က စီစဉ်ဆောင်ရွက်ပေးပါတယ်။ ကျန်တဲ့ သတ္တုဓာတ် ၁၆ မျိုးထဲမှာ ချို့တဲ့မှု ဖြစ်တတ်တာက သံဓာတ်၊ အိုင်အိုဒင်းဓာတ်တို့ ဖြစ်တယ်။ တခြား ဇင့်(သွပ်)ဓာတ်၊ ဆာလဖာ၊ ခရိုမီယမ် စတာတွေကလည်း ခန္ဓာကိုယ်မှာ အနည်းငယ်လိုအပ်နေတဲ့ ဓာတ်တွေ ဖြစ်ပါတယ်။

Q. ဗီတာမင်နဲ့ သတ္တုဓာတ်တွေ အလုံအလောက်ရရှိအောင် ဘယ်လိုအစားအသောက်တွေကို စားသောက်ပေးသင့်ပါသလဲ ဆရာ။

A. နေ့စဉ်စားသုံးတဲ့ အစားအသောက်ထဲမှာ Balanced Diet (ကျန်းမာရေးနဲ့ ညီညွတ်မျှတတဲ့ အစားအသောက်)ဆိုတဲ့ ပရိုတင်း၊ ကစီဓာတ်ပါတဲ့ အစားအသောက်တွေ၊ အစေ့အဆန်၊ ဟင်းသီးဟင်းရွက် စတာတွေ စုံလင်မယ်ဆိုရင် မာလ်တီဗီတာမင် မှီဝဲဖို့ မလိုပါဘူး။

Q. ဘယ်လိုလူတွေက မာလ်တီဗီတာမင်အားဆေးတွေကို မှီဝဲဖို့ လိုအပ်နိုင်ပါသလဲ ဆရာ။

A. အကြောင်းအမျိုးမျိုးကြောင့် ညီညွတ်မျှတတဲ့ အစားအသောက်တွေကို မစားဖြစ်တဲ့သူတွေ၊ အသား၊ ငါး၊ ဥအမျိုးမျိုး၊ အသီးအရွက်၊ ပဲ စတာတွေကို စားသုံးမှုနည်းသူတွေမှာ ဗီတာမင်ချို့တဲ့နိုင်တာကြောင့် အားဆေးမှီဝဲဖို့ လိုအပ်နိုင်ပါတယ်။ နောက်တစ်ခုက လတ်တလောပိုးဝင်ပြီး ဖျားတာပဲဖြစ်ဖြစ်၊ နာတာရှည်ရောဂါဝေဒနာတွေ ရတာပဲဖြစ်ဖြစ်၊ စိတ်ဖိစီးမှု များတဲ့အခါ ခန္ဓာကိုယ်ဇီဝဖြစ်စဉ် များပြားတဲ့အခါ ထွက်ပေါ်လာတဲ့ ဘေးထွက်ဆိုးကျိုးတွေ ရှိလို့ပဲဖြစ်ဖြစ် မာလ်တီဗီတာမင်အားဆေး လိုအပ်နိုင်ပါတယ်။ ဆီးချိုလူနာတွေမှာ သွေးတွင်းအချိုဓာတ် ထိန်းသိမ်းတဲ့ဖြစ်စဉ်မှာ တချို့ဗီတာမင်နဲ့ သတ္တုဓာတ်တွေကို ပိုမိုလိုအပ်တာတွေ ရှိတတ်ပါတယ်။ ဒီခေတ်ဒီအခါမှာ အသင့်စားအစားအသောက်တွေ အစားများပြီး အသီးအရွက်အသီးအနှံတွေကို လုံလုံလောက်လောက် မစားဖြစ်တဲ့အခါ ဗီတာမင်နဲ့သတ္တုဓာတ် ချို့တဲ့မှုဖြစ်နိုင်ပါတယ်။

ဗီတာမင်နဲ့သတ္တုဓာတ် ချို့တဲ့တဲ့အခါ နေ့စဉ်လုပ်ငန်းဆောင်တာမှာ စွမ်းဆောင်နိုင်စွမ်း ကျဆင်းနိုင်ပါတယ်၊ ကိုယ်ခံစနစ်ကျဆင်းပြီး ပြင်ပပိုးမျိုးစုံ ဝင်လာနိုင်ပါတယ်။ ဒီလိုလူတွေနဲ့ ကိုယ်ဝန်ဆောင်မိခင်တွေဆိုရင်တော့ မာလ်တီဗီတာမင်အားဆေးတွေ လိုအပ်ပါတယ်။

Q. မာလ်တီဗီတာမင်အားဆေးတွေကို မလိုဘဲ မှီဝဲရင် ဘာဖြစ်တတ်ပါသလဲ ဆရာ။

A. အာဟာရကို စုံလင်မျှတအောင် ပုံမှန်စားသုံးနေတဲ့ သူတွေအနေနဲ့ အားထပ်ရှိအောင်ဆိုပြီး မာလ်တီဗီတာမင်အားဆေးတွေ မှီဝဲလည်း အကျိုးမရှိပါဘူး။ ဗီတာမင်နဲ့သတ္တုဓာတ် ချို့တဲ့နေတဲ့သူတွေမှာ အားဆေးမှီဝဲမှ အကျိုးရှိမှာပါ။ အထူးသဖြင့် ဗီတာမင် အေ၊ ဒီ၊ အီး၊ ကေလို ဆီပျော်ဗီတာမင်တွေက ခန္ဓာကိုယ်ထဲ လိုအပ်တာထက်များနေရင် နောက်ဆက်တွဲ ပြဿနာတွေတောင် ကြုံတွေ့နိုင်ပါတယ်။ တချို့လူတွေဆိုရင် ဆရာဝန်တစ်ယောက်ကညွှန်တဲ့ အားဆေးလည်းသောက်တယ်၊ လက်ဆောင်ရတဲ့ အားဆေးလည်း သောက်တယ် စသဖြင့် သောက်တဲ့အခါ ဗီတာမင်တွေ လိုတာထက်ပိုများသွားရာက ပျို့ခြင်း၊ အန်ခြင်း၊ ခေါင်းမူးခြင်း၊ နုံးခြင်း၊ နေမကောင်းခြင်း စတဲ့ နောက်ဆက်တွဲ ကျန်းမာရေးပြဿနာတွေ ဖြစ်တတ်ပါတယ်။ ဒါကြောင့် လိုအပ်လို့ အားဆေးသောက်မယ်ဆိုရင် တစ်နေ့တစ်ကြိမ် တစ်လုံးပဲသောက်ဖို့ အကြံပြုလိုပါတယ်။ အသက်ကြီးတဲ့သူတွေမှာတော့ ကယ်လ်ဆီယမ်နဲ့ ဗီတာမင်ဒီက လိုအပ်လာနိုင်ပါတယ်။ ရောဂါတစ်ခုခုရှိတဲ့ သူတွေဆိုရင်တော့ ဆရာဝန်နဲ့တိုင်ပင်ပြီး ကိုယ့်အတွက်သင့်တော်တဲ့ အားဆေးကို မှီဝဲသင့်ပါတယ်။

Q. အားရှိအောင် ဘာအားဆေးသောက်ရင် ကောင်းမလဲဆိုပြီး မေးတတ်ကြသူတွေကို ဘာများ ဖြည့်စွက်ပြောလိုပါသလဲ ဆရာ။

A. လူနာ ၅ ယောက်မှာ တစ်ယောက်လောက်က ဆရာတို့နဲ့ပြတိုင်း အားရှိအောင် ဘာအားဆေးသောက်ရမလဲလို့ မေးတတ်ကြပါတယ်။ အားဆေးသောက်မှ အားပိုရှိလာမယ်လို့ ထင်နေကြလို့ပါ။ တကယ်တော့ မြန်မာလိုသာ အားဆေးပါ၊ အင်္ဂလိပ်လိုကျတော့ ဗီတာမင်ဖြည့်စွက်ဆေးပါပဲ။ ခန္ဓာကိုယ်ထဲမှာ ချို့တဲ့မှု လိုအပ်ချက်ရှိတဲ့သူတွေမှာပဲ လိုအပ်တာဖြစ်ပါတယ်။ ရောဂါဝေဒနာရှိသူ၊ နာမကျန်းဖြစ်သူတွေ၊ ကိုယ်ဝန်ဆောင်တွေဆိုရင်တော့ ဆရာဝန်နဲ့တိုင်ပင်ပြီး သင့်တော်တဲ့အားဆေးကို မှီဝဲသင့်ပါတယ်။

Most Popular

Healthy Life Ad
To Top