Healthy Life Ad
Health Tips

အသက်ကြီးသူများ လျစ်လျူရှုမထားသင့်သည့် လက္ခဏာရပ်များ

———၊ ဇွန်ခိုင်ဦး (ဆေးဝါးတက္ကသိုလ်) ၊———

အသက်ကြီးလာတဲ့အချိန်မှာ ထုံးစံမဟုတ်တဲ့ လက္ခဏာတွေ ခံစားလာရရင် ပြင်းထန်ဆိုးဝါးတဲ့ ကျန်းမာရေးပြဿနာကို ဖြစ်စေနိုင်ပါတယ်။ အဲဒီလို ပုံမှန်မဟုတ်တဲ့ လက္ခဏာတွေကြောင့် လက်ရှိကျန်းမာရေး အခြေအနေကို ပိုဆိုးစေနိုင်တဲ့အတွက် လျစ်လျူရှုမထားသင့်ဘဲ ဆရာဝန်နဲ့ ပြသဖို့ လိုအပ်နေပါတယ်။

alignnone size-medium wp-image-58971
ပုံမှန်မဟုတ်သော အသက်ရှူမဝခြင်း

နှလုံးရောဂါထတဲ့ လက္ခဏာတစ်ရပ်က ရင်ဘတ်အောင့်တာ တစ်ခုတည်းလို့ မထင်လိုက်ပါနဲ့။ ရင်ဘတ်အောင့်တာအပြင် လူတိုင်းခံစားနေရတဲ့ လက္ခဏာတွေက မတူညီဘဲ ကွဲပြားနေတတ်ပါတယ်။ ဥပမာအနေနဲ့ပြောရရင် ပုံမှန်လမ်းလျှောက်ပြီးတာတောင် အသက်ရှူရခက်ခဲနေရင် နှလုံးကို သွေးပို့ဆောင်တဲ့ သွေးလွှတ်ကြောပိတ်ဆို့မှု (Coronary Ischemia) ရဲ့ အစောပိုင်းလက္ခဏာ ဖြစ်နိုင်ခြေရှိပါတယ်။ ဒါကြောင့် အသက်ရှူမဝတာက နာတာရှည်ဖြစ်နေရင် ဒါမှမဟုတ် အရင်ကမဖြစ်ဘဲ ချက်ချင်းထဖြစ်လာရင် ဆရာဝန်နဲ့ပြသဖို့ လိုပါတယ်။ ရင်ဘတ်တင်းကျပ်တာ၊ ရင်ဘတ်မှာ ဖိထားခံရတာ၊ အသက်ရှူမဝတာနဲ့ မူးဝေတာတွေလို တခြားလက္ခဏာတွေ တွဲခံစားရရင် ဆရာဝန်နဲ့ အရေးပေါ်ပြသဖို့ လိုပါတယ်။

ရုတ်တရက် စကားပြောဆိုမှု၊ ခန္ဓာကိုယ်ဟန်ချက် ပုံမှန်မဟုတ်ဘဲ ပြောင်းလဲသွားခြင်း

အသက်ကြီးလာတဲ့အခါ ရုတ်တရက် လမ်းလျှောက်ရခက်တာ၊ အလွန်အမင်းမူးဝေတာ၊ ခန္ဓာကိုယ်ဟန်ချက် ပျက်ယွင်းတာတွေ ဖြစ်လာရင် လေဖြတ်တာရဲ့ လက္ခဏာတစ်ရပ် ဖြစ်နေနိုင်ပါတယ်။ တခြားစိတ်ပူစရာကောင်းတဲ့ လက္ခဏာတွေအနေနဲ့ စကားပြောနိုင်စွမ်း ခက်ခဲတာ၊ အမြင်အာရုံပြောင်းတာ၊ မျက်နှာ၊ လက်၊ ခြေထုံတာနဲ့ အားနည်းတာ (အထူးသဖြင့် ခန္ဓာကိုယ်ရဲ့ တစ်ခြမ်းမှာပဲဖြစ်ရင်) ဖြစ်ရင် ဆရာဝန်နဲ့ အမြန်ဆုံးပြသသင့်ပါတယ်။

သွေးဆုံးပြီး မိန်းမကိုယ်မှ သွေးဆင်းခြင်း

သွေးဆုံးပြီးချိန်မှာ မိန်းမကိုယ်မှ သွေးဆင်းရင် အမြန်ဆုံး ဆရာဝန်နဲ့ ပြသသင့်ပါတယ်။ သွေးဆုံးပြီး သွေးပြန်ဆင်းတာက အန္တရာယ်ရှိတဲ့ အခြေအနေ ဖြစ်ပါတယ်။ တချို့သော အခြေအနေတွေမှာ ကင်ဆာလို ပြင်းထန်တဲ့ ရောဂါကို ညွှန်ပြနေနိုင်ပါတယ်။

ပန်းသေပန်းညှိုးခြင်း

ပန်းသေပန်းညှိုးရောဂါ(Erectile Dysfunction)ဟာ အမျိုးသားတွေအတွက် အသက်ကြီးလာချိန်မှာ ပိုအဖြစ်များပါတယ်။ အမျိုးသားကျန်းမာရေး တက္ကသိုလ်ရဲ့ လေ့လာမှုအရ အသက် ၆၀ အရွယ်ရှိ အမျိုးသား ၁၆ ဒသမ ၇ ရာခိုင်နှုန်းဟာ ပန်းသေပန်းညှိုးဖြစ်တတ်ပြီး အသက် ၄၀ အရွယ် အမျိုးသား ၁ ဒသမ ၂ ရာခိုင်နှုန်းကသာ ပန်းသေပန်းညှိုး ဖြစ်တတ်တာကို တွေ့ရပါတယ်။ အသက် ၇၅ နှစ်ကျော်ရင်တော့ ပန်းသေပန်းညှိုး ဖြစ်နိုင်ခြေက ၄၇ ဒသမ ၅ ရာခိုင်နှုန်း ကျော်သွားပါတယ်။ ပန်းသေပန်းညှိုးရောဂါက လိင်ပိုင်းဆိုင်ရာ ကျေနပ်မှုမရတာအပြင် နှလုံးသွေးကြောရောဂါ၊ ဆီးချိုသွေးချိုရောဂါနဲ့ တခြားကျန်းမာရေး ပြဿနာတွေနဲ့ပါ ဆက်စပ်မှုရှိနေနိုင်ပါတယ်။ ဒါ့အပြင် စိတ်ဖိစီးမှုနဲ့ စိတ်ဓာတ်ကျတာတွေနဲ့လည်း ဆက်စပ်မှုရှိနေတတ်ပါတယ်။ ပန်းသေပန်းညှိုးဖြစ်တဲ့ အခြေအနေအများစုအတွက် ကုသမှု လိုအပ်ပါတယ်။

alignnone size-medium wp-image-58972
ဝမ်းချုပ်ခြင်း

ဝမ်းချုပ်တာကြောင့် ဖြစ်နိုင်တဲ့ အခက်အခဲသုံးခု ရှိပါတယ်။ နံပါတစ်က ဝမ်းချုပ်တာက အူလှုပ်ရှားမှုရဖို့ ကြိုးစားနေစဉ် အလွန်အမင်း တွန်းထုတ်ရတာနဲ့ ညှစ်အားသုံးရတာကြောင့် လိပ်ခေါင်းဖြစ်နိုင်ခြေ မြင့်မားရတာပါ။ ဒုတိယအချက်က ဝမ်းချုပ်တာက အများအားဖြင့် ပုံမှန်ပဲ ဖြစ်ပေမယ့် အသက် ၅၀ ကျော် အရွယ်တွေမှာ အကျိတ်၊ အသားလုံးနဲ့ တခြားတစ်ခုခု ပိတ်ဆို့တာကြောင့် ဝမ်းပိတ်တာ ဖြစ်နိုင်ပါတယ်။ တတိယအချက်အနေနဲ့ ဝမ်းချုပ်တာကြောင့် မာကြောကျစ်လျစ်နေတဲ့ ဝမ်းတွေဟာ အူနဲ့ အစာဟောင်းအိမ်ထဲမှာ တင်းကျပ်ပိတ်ဆို့နေပြီး အပြင်ကို ဝမ်းထွက်သွားအောင် မတွန်းပို့နိုင်ပါဘူး။ ဒါကို Fecal Impaction လို့ ခေါ်ပါတယ်။

သွေးဝမ်းသွားခြင်း၊ ဝမ်းမည်းသွားခြင်း

ဝမ်းအရောင်က စားသောက်တဲ့ အစားအသောက်နဲ့ မှီဝဲတဲ့ ဆေးဝါးတွေပေါ် မူတည်ပြီး ပြောင်းလဲနေတတ်ပါတယ်။ ဥပမာအနေနဲ့ ပြောရရင် သံဓာတ်ဖြည့်စွက်ဆေးလို တချို့ဆေးတွေက ဝမ်းမည်းမည်း သွားစေနိုင်ပါတယ်။ အမည်းရောင်ဝမ်းသွားတဲ့အခါ အစာအိမ်အူလမ်းကြောင်း အပေါ်ပိုင်းမှာ သွေးထွက်တာကြောင့် ဖြစ်နိုင်ခြေရှိသလို သွေးဝမ်းသွားတဲ့အခါ အစာခြေအူလမ်းကြောင်းစနစ်ရဲ့ အောက်ပိုင်းမှာ သွေးထွက်တာကြောင့်လည်း ဖြစ်နိုင်ပါတယ်။ အစာအိမ်အနာ၊ လိပ်ခေါင်းနဲ့ တခြားအစာအိမ်အူလမ်းကြောင်း ရောဂါတွေရှိ၊ မရှိ ဆရာဝန်နဲ့ ပြသသင့်ပါတယ်။

ရင်သားရောင်ရမ်းခြင်းနှင့် ရင်သားအရောင်ပြောင်းခြင်း

ရင်သားမှာ မာကြောတဲ့ အဖုအကျိတ်တစ်ခုပေါ်တာက ရင်သားကင်ဆာရဲ့ ပထမဆုံးလက္ခဏာ တစ်ရပ်ဖြစ်နေနိုင်ပါတယ်။ တခြားဖြစ်တတ်တဲ့ လက္ခဏာတွေကတော့ ရင်သားရောင်ရမ်းတာ၊ တင်းမာတာနဲ့ အရောင်ပြောင်းတာတွေပဲ ဖြစ်ကြပါတယ်။ အမျိုးသားတွေမှာ ရှားရှားပါးပါး ရင်သားကင်ဆာဖြစ်နိုင်ခြေ ရှိပါတယ်။ တခြားဖြစ်တတ်တဲ့ လက္ခဏာတွေအနေနဲ့ နို့သီးခေါင်းမှ အရည်ထွက်တာနဲ့ ရင်သားအရေပြား အပြောင်းအလဲ ဖြစ်တာတွေပဲ ဖြစ်ကြပါတယ်။

အနာမကျက်နိုင်သော အရေပြားအဖု

အရေပြားပေါ်က အဖုအပိမ့်နဲ့ မှဲ့တွေကို လျစ်လျူရှုမထားပါနဲ့။ အရေပြားအဖုနဲ့ မှဲ့တွေက နာကျင်တာ၊ အနာမကျက်တာ၊ သွေးထွက်တာတွေဖြစ်ရင် အရေပြားကင်ဆာဖြစ်နိုင်ခြေ ရှိပါတယ်။ တခြားဖြစ်တတ်တဲ့ အရေပြားကင်ဆာတွေကတော့ မှဲ့တွေ အရောင်ပြောင်းတာ၊ အရေပြားအဖုတွေ အနာမကျက်ဘဲ ကြာရှည်ဖြစ်နေတာတွေပဲ ဖြစ်ကြပါတယ်။

စိတ်ဓာတ်ကျသော လက္ခဏာရပ်များ

အသက်ကြီးတဲ့သူတွေက စိတ်ဓာတ်ကျနိုင်ခြေ မြင့်မားပါတယ်။ အကြောင်းကတော့ ဆုံးရှုံးမှုဒဏ်၊ အထီးကျန်တဲ့ဝေဒနာကို သူများထက် ပိုမိုခံစားရတတ်လို့ပါ။ အိမ်ထောင်ဖက်သေဆုံးတာ၊ မိတ်ဆွေသူငယ်ချင်းတွေ ဆုံးရှုံးတာနဲ့ ဘယ်အရာကိုမှ ပျော်ရွှင်မှုမရတာ စတဲ့ အခြေအနေတွေကြောင့် စိတ်ဓာတ်ကျရတတ်ပါတယ်။ လက္ခဏာအနေနဲ့ ဝမ်းနည်းတာ၊ ပူပင်သောကများတာ၊ တန်ဖိုးမရှိသလို ခံစားရတာ၊ ထုံးစံမဟုတ်ဘဲ နုံးတာ၊ ပျော်ရွှင်စရာကောင်းတဲ့ လှုပ်ရှားမှုတွေမှာ စိတ်ဝင်စားမှုကင်းမဲ့တာ၊ အစာစားချင် စိတ်အပြောင်းအလဲဖြစ်တာ၊ အိပ်ရေးပျက်တာနဲ့ အလွန်အမင်းအိပ်တာတွေကို ခံစားရရင် စိတ်ဓာတ်ကျနေတာ ဖြစ်နိုင်တဲ့အတွက် ဆရာဝန်နဲ့ အမြန်ဆုံး ပြသသင့်ပါတယ်။

Most Popular

Healthy Life Ad
To Top