Healthy Life Ad
Q & A

အတက်စာတွေစားမိရင် အကြောတက်တယ် . . .

—၊ ပါမောက္ခဦးနေဝင်း (အရိုးခွဲစိတ်အထူးကု ဆရာဝန်ကြီး)မှ ဖြေကြားပေးပါသည်။ ၊—

Q. ကျွန်မအမေက အတက်စာတွေ စားမိရင် အရမ်းအကြောတက်တတ်ပါတယ်။ အကြောတက်တိုင်းလည်း ဆေးမသောက်ပါဘူး။ အကြောမတက်အောင် ဘယ်လိုအစားအသောက်၊ အနေအထိုင်တွေကို ဆင်ခြင်သင့်ပါသလဲ ဆရာ။ ဘယ်အစားအသောက်တွေက အကြောပိုတက်တတ်ပါသလဲ ဆရာ။
HA(FB)

A. မြေအောင်းဥ၊ မျှစ်၊ မှို၊ တညင်းသီး၊ ငါးသလောက်၊ ငါးဥ စတဲ့ အကြောတက်တတ်တဲ့ ဒီအစာတွေက သွေးတွင်းယူရစ်အက်စစ်ကိုလည်း များစေတဲ့ အစာတွေဖြစ်နေပြီး ဂေါက်အဆစ်အမျက်ရောင်ရောဂါ (Gout)ကိုလည်း ဖြစ်စေနိုင်ပါတယ်။ အဆစ်နာတာဆိုတော့ အဆစ်နဲ့ နှီးနွှယ်ပြီး အကြောတက်တာမျိုးလည်း ဖြစ်နိုင်ပါတယ်။ ဒါကြောင့် အကြောတက်တတ်တယ်ဆိုရင် ကိုယ်နဲ့မတည့်တဲ့ အစားအသောက်တွေကို ရှောင်ဖို့လိုပါတယ်။

အများအားဖြင့် ကိုယ်လက်လှုပ်ရှားမှုနည်းလို့ အကြောတက်တတ်ပါတယ်။ ပုံမှန်လှုပ်ရှားမှုမရှိလို့ အကြောတက်တာမျိုးလည်း ဖြစ်တတ်ပါတယ်။ အထူးသဖြင့် လူလတ်ပိုင်း အရွယ်ရောက်လာတဲ့အခါမှာ လှုပ်ရှားမှုက နည်းလာတတ်ပါတယ်။ အကြာကြီးထိုင်တာ၊ စာကိုအကြာကြီးဖတ်တာ၊ ကားအကြာကြီးမောင်းတာတွေလို အထိုင်များတဲ့ အပြုအမူတွေကြောင့်လည်း အကြောတက်တတ်ပါတယ်။ ထိုင်တဲ့အခါ ခါး၊ လည်ပင်းတွေ စောင်းနေ၊ လိမ်နေတာကြောင့်လည်း အကြောတက်တတ်ပါတယ်။ ကွန်ပျူတာသုံးတဲ့အခါ၊ ကားမောင်းတဲ့အခါတွေမှာ အနေအထိုင်ပုံစံကို မှန်အောင်နေဖို့ လိုပါတယ်။ ဘာကိုပဲလုပ်လုပ် အကြာကြီး မလုပ်သင့်ပါဘူး။ အနားပေးဖို့ လိုပါတယ်။ နေ့စဉ် လေ့ကျင့်ခန်း လုပ်ပေးသင့်ပါတယ်။ ကိုယ်ဝါသနာပါတဲ့ အေရိုးဗစ်လေ့ကျင့်ခန်း၊ ကြက်တောင်ရိုက်တာ၊ ရေကူးတာ စတဲ့ လေ့ကျင့်ခန်းတွေကို တစ်နေ့ မိနစ် ၃၀-၄၅ လောက် လုပ်ပေးသင့်ပါတယ်။ ဒီလို လေ့ကျင့်ခန်းတွေ မလုပ်နိုင်ရင် မိနစ် ၃၀ လောက် လမ်းလျှောက်ပေးရင်လည်း ရပါတယ်။ တစ်ပတ်မှာ ငါးရက်လောက် လုပ်ပေးရင် ကျန်းမာရေးကို အထောက်အကူ ပြုနိုင်ပါတယ်။

Most Popular

Healthy Life Ad
To Top