Healthy Life Ad
Health Tips

မွေးကင်းစကလေးငယ်တို့၏ နေမကောင်းဖြစ်နေသော အမူအရာများ

မွေးကင်းစကလေးငယ်နဲ့ လသားကလေးငယ်တွေက စကားမပြောတတ်သေးတာကြောင့် သူတို့နေမကောင်းဖြစ်နေသလား၊ မအီမသာဖြစ်နေသလားဆိုတာ သူတိုရဲ့ အမူအရာတွေကိုကြည့်ပြီး သိဖို့ကြိုးစားရပါမယ်။ သူတို့လေးတွေ နေမကောင်းဖြစ်နေချိန်မှာ အတွေ့ရများတဲ့ အမူအရာတွေကိုကြည့်ရင်း သူတို့ကို ပြုစုပေးသင့်တဲ့ အချက်တွေကို ရေးသားလိုက်ရပါတယ်။

မိခင်နို့ချို စို့ချင်စိတ်မရှိခြင်း

မွေးကင်းစကလေး နာမကျန်းမှုဖြစ်ရင် အသိသာဆုံး လက္ခဏာတစ်ရပ်က မိခင်နို့ချိုစို့ချင်စိတ် မရှိတာပဲ ဖြစ်ပါတယ်။ ကလေးတွေက မိခင်နို့ချိုစို့ရမှာကို ငြင်းဆန်ပြီး ဂျီကျငိုယိုနေရင် တစ်ခုခုမှားယွင်းနေပြီလို့ ဆိုရမှာ ဖြစ်ပါတယ်။

အပြုအမူပြောင်းလဲခြင်း

မွေးကင်းစကလေးငယ်ရဲ့ အပြုအမူပုံမမှန်တာဟာ နာမကျန်းမှုကို ပြသတဲ့ တခြားသင်္ကေတပါ။ သူက ခါတိုင်းထက် ပိုပင်ပန်းနေသလား။ သူက အလွန်အိပ်ငိုက်နေသလား၊ အိပ်ရာထရ ခက်ခဲနေသလား။ ကလေးက အလွန်ဂျီကျ ငိုယိုနေတာက နေလို့မကောင်းတဲ့ သင်္ကေတတစ်ရပ်ဖြစ်ပါတယ်။ ဒီလက္ခဏာတွေကို ခါတိုင်းထက် ပိုကြာကြာခံစားနေရရင် ကလေးအထူးကုဆရာဝန်နဲ့ ပြသင့်ပါတယ်။

ကိုယ်အပူချိန်များခြင်း

ကလေးရဲ့ ကိုယ်အပူချိန်က ၁၀ဝ ဒီဂရီဖာရင်ဟိုက်ထက် ပိုများနေရင် ဆရာဝန်နဲ့ ပြသင့်ပါတယ်။ ကလေးငယ်ရဲ့ကိုယ်ခံစွမ်းအားစနစ်က မပြည့်ဝသေးတာကြောင့် ကလေးဖျားပြီဆိုတာနဲ့ ဆရာဝန်နဲ့ ချက်ချင်းပြပေးပါ။

အသက်ရှူနှုန်း ပုံမမှန်ဖြစ်ခြင်း

ကလေးက ခက်ခက်ခဲခဲ အသက်ရှူနေရရင်၊ ချွဲအများကြီးဆို့နေရင်၊ ချောင်းဆိုးလွန်းနေရင်၊ အသက်ရှူတိုင်း မောဟိုက်နေရင် ဆရာဝန်နဲ့ ပြသင့်ပါတယ်။

အရေပြားအရောင် ဖျော့တော့နေခြင်း

မွေးကင်းစကလေးတွေ ဖျားနေရင် ပါးပြင်တွေ အလွန်အမင်းရဲနေတာမျိုး ဒါမှမဟုတ် အရေပြားအရောင် အလွန်အမင်း ဖျော့တော့နေတာမျိုး ဖြစ်တတ်ပါတယ်။ ကလေးရဲ့ အရေပြားအရောင်က ဝါနေရင် အသားဝါရဲ့လက္ခဏာတစ်ရပ်ဖြစ်ပြီး အရေပြားအရောင်က ပြာနှမ်းနေရင် အောက်ဆီဂျင်အလုံအလောက် မရတဲ့ လက္ခဏာဖြစ်နိုင်ပါတယ်။ ဒီလိုအခြေအနေမျိုးမှာ ဆရာဝန်နဲ့ ချက်ချင်းပြသင့်ပါတယ်။

Most Popular

Healthy Life Ad
To Top