Healthy Life Ad
Health Tips

ဆရာဝန်အချို့ အတည်ပြုထားသည့် အိမ်တွင်းကုထုံး ၁၆ မျိုး

———၊ ဇွန်ခိုင်ဦး (ဆေးဝါးတက္ကသိုလ်) ၊———

အိမ်တွင်းကုထုံးဆိုတာ တစ်နည်းအားဖြင့် ပြောရရင်တော့ သဘာဝဆေးတွေကို ဆိုလိုပါတယ်။ ငွေကုန်ကြေးကျ သက်သာတယ်၊ မြန်ဆန်တယ်၊ ထိရောက်တယ်။ သင့်အိမ်ထဲမှာလည်း အလွယ်တကူရှိတဲ့ သဘာဝပစ္စည်းတွေနဲ့ ကုသတာဖြစ်တယ်။ ဒီလို အိမ်တွင်းကုထုံးတွေ အများအပြားရှိပေမယ့် ဆရာဝန်တွေက အောက်ပါသဘာဝ အိမ်တွင်းကုထုံးတွေကို ဖော်ပြလိုက်ပါတယ်။


(၁) မျက်စိခြောက်သွေ့ ညောင်းညာခြင်းအတွက်

ချမိုမိုင်းလက်ဖက်အိတ်ကို ရေပူထဲမှာစိမ်ပြီး ရေခဲသေတ္တာထဲမှာ အနည်းဆုံး မိနစ် ၂၀ ကြာ အအေးခံပါ။ ပြီးရင် မျက်စိပေါ်ကို ၁၀ မိနစ်ကြာ ကပ်ထားပေးပါ။ ချမိုမိုင်းမှာ ရောင်ရမ်းမှုဟန့်တားပေးတဲ့ အာနိသင်ရှိပါတယ်။


(၂) ခံတွင်းနံ့ဆိုးခြင်းအတွက်

ရှားစောင်းဂျဲလ်အနှစ်သား ခွက်ရဲ့လေးပုံတစ်ပုံကို ရေ ဒါမှမဟုတ် ပန်းသီးဖျော်ရည်ခွက် တစ်ဝက်ထဲ ထည့်ဖျော်ပါ။ ရှားစောင်းလက်ပပ်မှာ ရောင်ရမ်းမှုကျစေတဲ့ B-sitosterol ဒြပ်ပေါင်းပါဝင်ပြီး အက်စစ်ကြောင့် အစာမကြေကာ ခံတွင်းအနံ့ဆိုးထွက်တာကို သက်သာစေပါတယ်။ ရှားစောင်းလက်ပပ်ကို များများစားရင်တော့ ဝမ်းပျော့ပျော့ သွားစေနိုင်ပါတယ်။


(၃) နှာခေါင်းပိတ်ခြင်းအတွက်

မျက်ကပ်မှန်ဆေးရည်အစက် အနည်းငယ်ကို နှာခေါင်းထဲထည့်တာမျိုးလည်း လုပ်ဆောင်နိုင်ပါတယ်။ ဒါမှမဟုတ် ယူကလစ်ဆီကို ကြက်သီးနွေးချိုးရေထဲ အနည်းငယ်ထည့်ပြီး ထွက်လာတဲ့အငွေ့ကို ရှူရှိုက်နိုင်ပါတယ်။


(၄) သွားဖြူစင်လှပစေရန်အတွက်

ဆော်ဒါမှုန့် လက်ဖက်စားဇွန်းတစ်ဝက်နဲ့ ပါအောက်ဆိုက်တစ်စက်၊ နှစ်စက်ကိုရောပြီး သွားတိုက်ကာ မိနစ်အနည်းငယ်ထားပြီးမှ ပလုတ်ကျင်းပါ။ မျိုမချရပါဘူး။ ဆော်ဒါမှုန့်ဟာ စိတ်ချရတဲ့ ကြေးချွတ်ဆေးဖြစ်ပါတယ်။ ဆော်ဒါမှုန့်နဲ့ဆားကို ရောပြီး ဝါနေတဲ့သွားတွေကို တိုက်ပေးရင်လည်း သွားတွေ ဖြူစင်လှပစေပါတယ်။ တကယ်လို့ ပါအောက်ဆိုက်မရှိရင် ဆားကို အစားထိုးသုံးနိုင်ပါတယ်။


(၅) ခြင်ကိုက်ရာ သက်သာစေရန်အတွက်

ခြင်ကိုက်ရာပေါ်မှာ အဝတ်လျှော်ဆပ်ပြာရည်ကို သုတ်လိမ်းပြီး ခြောက်သွေ့အောင် ထားလိုက်ပါ။ အရည်က အရေပြားကို အေးမြစေပြီး ခြင်ကိုက်ရာကြောင့် ယားယံမှုကို သက်သာစေပါတယ်။


(၆) အိပ်စက်စဉ် ခြေထောက်လှုပ်သော ရောဂါစု(Restless legs syndromea)အတွက်

အိပ်ရာမဝင်ခင် ဘိလပ်ရေ (Tonic Water) တစ်ဖန်ခွက် သောက်ပေးပါ။ ဘိလပ်ရေမှာ ကွီနင်းပါတဲ့အတွက် ကြွက်သားတွေ ရုန်းတာမျိုး ထပ်ခါထပ်ခါမဖြစ်အောင် တားဆီးပေးပါတယ်။


(၇) ခြေသလုံးကြွက်တက်ခြင်းအတွက်

ခြေသလုံးအလယ်မှာ လက်မသုံးပြီး စက္ကန့် ၃၀ ကြာ ဖိအားပေးပါ။ လက်ကိုလွှတ်လိုက်ရင် ကြွက်တက်တာ သက်သာသွားပါလိမ့်မယ်။


(၈) အသားမာတက်ခြင်းအတွက်

အသားမာတက်တဲ့နေရာကို ဆား ဒါမှမဟုတ် အညိုရောင်သကြားခတ်ထားတဲ့ ရေထဲအချိန် ၁၀-၁၅ မိနစ်ကြာစိမ်ပြီး ကြေးချွတ်ပေးပါ။ အရေပြားဆဲလ်သေတွေ ကင်းစင်သွားပါလိမ့်မယ်။


(၉) ခေါင်းကိုက်ခြင်းအတွက်

ပခုံးနဲ့ လည်ပင်းကြွက်သားတွေ တောင့်တင်းမှုကြောင့် ခေါင်းကိုက်တတ်တဲ့အတွက် လက်မ၊ လက်ညှိုးနဲ့ လက်ခလယ် လက်ချောင်းတို့ကိုသုံးပြီး အဲဒီနေရာက ကြွက်သားတွေကို ဖျစ်ညှစ်နှိပ်နယ်ပေးပါ။ စက္ကန့် ၃၀ ဒါမှမဟုတ် တစ်မိနစ်လောက် အဲဒီကြွက်သားတွေကို ဖိနှိပ်ပေးရင် ခေါင်းကိုက်သက်သာသွားပါလိမ့်မယ်။ ပက်ပါးမင့်ဆီကိုလိမ်းပြီး နှိပ်နယ်ရင်လည်း လည်ပင်းကြွက်သားတွေကို ပျော့ပျောင်းသွားစေပါတယ်။


(၁၀) လည်ချောင်းနာခြင်းအတွက်

လေညှင်းတစ်ပွင့်နဲ့ ချင်း(ဂျင်း)မှုန့် လက်ဖက်စားဇွန်း လေးပုံတစ်ပုံ ဒါမှမဟုတ် လတ်လတ်ဆတ်ဆတ် ထောင်းထားတဲ့ ဂျင်းလက်ဖက်စားဇွန်းတစ်ဇွန်းစာ၊ သစ်ကြံပိုးခေါက် လက်ဖက်စားဇွန်းတစ်ဇွန်းတို့ လိုအပ်ပါတယ်။ ပြုလုပ်ရမယ့်နည်းကတော့ ပူတဲ့ ရေနှစ်ခွက်ထဲမှာ အဲဒီအရောအနှောကို ထည့်ကြိုပြီး ပျားရည်အနည်းငယ်ထည့်မွှေကာ လည်ချောင်းနာသက်သာတဲ့အထိ တစ်နေ့လုံး မကြာခဏ ငုံပေးပါ။


(၁၁) ဗောက်ထခြင်းအတွက်

အင်တီအောက်ဆီးဒင့်ပါဝင်တဲ့ လက်ဖက်စိမ်း လက်ဖက်ရည်ဟာ ဦးရေပြားဗောက်ထတာကို သက်သာစေပါတယ်။ လက်ဖက်စိမ်းလက်ဖက်အိတ် နှစ်အိတ်ကို ရေပူတစ်ခွက်ထဲမှာ မိနစ် ၂၀ ကြာပြုတ်ပြီး တစ်ညလုံးထားပါ။ အေးမြတဲ့အခါ ဦးရေပြားကို အဲဒီလက်ဖက်အိတ်နဲ့ ပွတ်သပ်ပေးပါ။ ဗောက်ထတာ သက်သာသွားပါလိမ့်မယ်။

(၁၂) ဝက်ခြံအဖုအပိမ့်အတွက်

လက်ဖက်ဆီမှာ ပိုးသတ်အာနိသင်နဲ့ ရောင်ရမ်းမှုကျစေတဲ့ အစွမ်းရှိပါတယ်။ ဝက်ခြံထွက်လာတဲ့အခါ လက်ဖက်ဆီအစက် အနည်းငယ်ကို လိမ်းပေးပါ။ ဝက်ခြံကို အရက်ပျံနဲ့ ဘယ်တော့မှမလိမ်းပါနဲ့။ အရေပြားကို ခြောက်သွေ့ပြီး စပ်ဖျဉ်းဖျဉ်းဖြစ်စေနိုင်ပါတယ်။


(၁၃) နေလောင်ခြင်းအတွက်

ဂျုံမှုန့်အကြမ်းတစ်ခွက်၊ နွားနို့တစ်ခွက်၊ ပျားရည်ထမင်းစားဇွန်း နှစ်ဇွန်းနဲ့ ရှားစောင်းလက်ပပ်အနှစ်သား ထမင်းစားဇွန်းနှစ်ဇွန်းတို့ကို ရောပြီး ကြက်သီးနွေးရေထဲထည့်ကာ ရေချိုးပါ။ ဂျုံမှုန့်မှာ ရောင်ရမ်းမှုကျစေတဲ့ အစွမ်းရှိပြီး ပျားရည်က ပိုးသတ်ပေးနိုင်ပါတယ်။ နွားနို့မှာပါတဲ့ ပရိုတင်းဓာတ်နဲ့ အဆီဓာတ်က အရေပြားကို အေးမြစေပြီး ရှားစောင်းလက်ပပ်က နာကျင်မှုကို ထုံသွားစေပါတယ်။ ရေချိုးပြီးတဲ့အခါ ရှားစောင်း၊ Shea Butter တို့ပါတဲ့ ခရင်မ်နဲ့ အစိုဓာတ်ထိန်းပါ။


(၁၄) ဝမ်းပျက်ဝမ်းလျှောခြင်းအတွက်

ချမိုမိုင်းလက်ဖက်ရည်တစ်ခွက် သောက်ပါ။ အဲဒီဆေးဖက်ဝင် လက်ဖက်ရည်မှာ ပိုးသတ်အာနိသင် ရှိတာကြောင့် အူလှုပ်ရှားမှုကို ထိန်းချုပ်ပေးပါတယ်။


(၁၅) လေပွလေထခြင်းအတွက်

ရေနွေးတစ်ခွက်ထဲမှာ ကရဝေးစေ့ လက်ဖက်စားဇွန်းတစ်ဇွန်းစိမ်ပြီး နည်းနည်းစီသောက်ရင် လေထတာကို သက်သာစေပါတယ်။


(၁၆) ကြွက်နို့အတွက်

ကြွက်နို့ကို တိတ်(Duct Tape)နဲ့ ကပ်ပေးပြီး အဲဒီနေရာကို သုတ်လိမ်းပါ။ သုံးရက်ကြာမှ တိတ်ကိုခွာပြီး အရေပြားသေကို လက်သည်းညှပ် ဒါမှမဟုတ် ကြေးတွန်းကျောက်နဲ့ ခွာလိုက်ပါ။ ကြွက်နို့ပျောက်တဲ့အထိ ထပ်ခါထပ်ခါ လုပ်ပေးပါ။ ဒီနည်းက တခြားနည်းတွေထက် ပိုထိရောက်တာကို တွေ့ရပါတယ်။

Most Popular

Healthy Life Ad
To Top