Healthy Life Ad
Life Style

ဘယ်သန်တွေမှာ ဘာအားသာချက်တွေ ရှိသလဲ

———၊ ငွေကြယ်စင်ယံ ၊———

ညာသန်တွေများတဲ့အတွက် ညာသန်တွေအတွက်ချည်း သီးသန့်ပြုလုပ်တီထွင်ထားတဲ့ နေ့စဉ်ဘဝမှာ ဘယ်သန်တွေအတွက် အခက်အခဲ ရှိကောင်းရှိနိုင်ပါတယ်။ လူဦးရေရဲ့ ၇-၁၀ ရာခိုင်နှုန်းကသာ ဘယ်သန်တွေဖြစ်ကြပြီး ဘယ်သန်အများစုက အမျိုးသားတွေ ဖြစ်လေ့ရှိပါတယ်။ ဒါပေမဲ့ အမျိုးသမီးတွေ (ဥပမာ-အင်ဂျလီနာဂျိုလီ) ဘယ်သန်ဖြစ်ရင် ပိုပြီးထူးခြားတတ်တယ်လို့ ဆိုပါတယ်။

ဘယ်သန်များအကြောင်း စိတ်ဝင်စားဖွယ်ရာ အချက်အလက်များ

ဘယ်သန်တွေက ညာသန်တွေနဲ့စာရင် ရေအောက်မှာ သူတို့မျက်စိကို ပိုပြီး အလွယ်တကူ ညှိယူနိုင်စွမ်းရှိပါတယ်။ ဘယ်သန်တွေမှာ လွှမ်းမိုးတဲ့ ဦးနှောက်အစိတ်အပိုင်းက ညာသန်တွေနဲ့မတူတဲ့အတွက် ရေကူးတာနဲ့ ရေငုပ်တာတွေမှာ ပိုပြီး ကျွမ်းကျင်တယ်လို့ သိပ္ပံပညာရှင်တွေက ယုံကြည်ကြပါတယ်။ ဘယ်သန်တွေက ညာသန်တွေထက် ယာဉ်မောင်းစာမေးပွဲတွေမှာ အောင်မြင်နိုင်ခြေ ပိုများပါတယ်။ ယာဉ်မောင်းသင်တန်းကျောင်းရဲ့ စစ်တမ်းတစ်ခုအရ ဘယ်သန် ၅၇ ရာခိုင်နှုန်းက ပထမဆုံးအကြိမ် ယာဉ်မောင်းစာမေးပွဲ အောင်မြင်ပြီး ညာသန်တွေရဲ့ ၄၇ ရာခိုင်နှုန်းကသာ အောင်မြင်တယ်လို့ ဆိုပါတယ်။ တကယ်တော့ ကားတွေက ညာသန်တွေအတွက် ဒီဇိုင်းထုတ်ထားပေမယ့် ဘယ်သန်တွေမှာ ပိုကောင်းမွန်တဲ့ ရလဒ်ရရှိတာ အံ့အားသင့်စရာပါ။

ဘယ်သန်တွေက စာစီစာရိုက်မှာ ပိုပြီး မြန်ဆန်ကြပါတယ်။ ဘယ်သန်တွေက ညာသန်တွေထက် စကားလုံးသုံးထောင် ပိုမြန်ပြီး ရိုက်နိုင်ကြတယ်လို့ လေ့လာမှုတစ်ခုက ဆိုပါတယ်။ ဘာသာစကားထက် တေးဂီတနဲ့ အနုပညာမှာ ပိုအားသန်ပါတယ်။ လေ့လာမှုအရ ဘယ်သန်ကျောင်းသားတွေက ဘာသာစကား အခြေခံဘာသာထက် အမြင်အာရုံအခြေခံ ဘွဲ့ဒီဂရီရနိုင်ခြေ ပိုများတယ်လို့ သိရပါတယ်။ ဘယ်သန်အနုပညာရှင် အများကြီးအနက် ပီကာဆို၊ လီယိုနာဒိုတို့လို ပန်းချီဆရာကြီးတွေနဲ့ ပါဘလိုကာဆယ်၊ ဘတ်ချ်တို့လို တေးဂီတပညာရှင်တွေဟာ ဘယ်သန်တွေ ဖြစ်ပါတယ်။

ဘယ်သန်တွေက အလုပ်အစုံလုပ်နိုင်စွမ်း ရှိပါတယ်။ ဒါက ဦးနှောက်ကို ပိုပြီး မြန်မြန်လှုပ်ရှားမှု ဖြစ်စေလို့ သတင်းအချက်အလက်တွေကို မြန်မြန်ဖမ်းဆုပ်နိုင်ပြီး အလုပ်အစုံ လုပ်နိုင်စွမ်းရှိတာ ဖြစ်ပါတယ်။ ဘယ်သန်တွေက ပါရမီရှင်ဖြစ်ဖို့ အခွင့်အလမ်း ပိုများပါတယ်။ အကြောင်းကတော့ ဉာဏ်ရည်ပိုမြင့်မားတာကြောင့် ဖြစ်တယ်လို့ ဆိုပါတယ်။ ထူးချွန်ထင်ရှားတဲ့ ဘယ်သန်တွေက အိုင်ဆက်နယူတန်၊ ဘင်ဂျမင်ဖရန်ကလင်းနဲ့ အိုင်းစတိုင်းတို့ ဖြစ်ကြပါတယ်။

ဖန်တီးနိုင်စွမ်း

ဘယ်သန်တွေက အနုပညာ၊ တေးဂီတတွေကို ချစ်မြတ်နိုးပြီး တေးသီချင်းရေးတာနဲ့ ပန်းချီဆွဲတာတွေမှာ ထူးချွန်တတ်ပါတယ်။

ထိုးထွင်းသိမြင်စိတ်

ဘယ်သန်တွေက ပြဿနာတစ်ခုကို ဖြေရှင်းရာမှာ စိတ်ခံစားမှု၊ အလိုလိုထိုးထွင်းသိမြင်စိတ် စတာတွေကို အခြေခံပြီး စဉ်းစားဆုံးဖြတ်လေ့ ရှိပါတယ်။

သင်ယူနိုင်စွမ်း

ဘယ်သန်တွေက အဖွဲ့လိုက်လုပ်ဆောင်ရတဲ့ လေ့လာမှုတွေမှာ ပိုတော်ကြပါတယ်။ ဘယ်သန်တွေက သင်ခန်းစာတစ်ခုကို နားထောင်ပြီး တစ်ယောက်တည်း တိတ်တဆိတ် အဖြေရှာတတ်ပါတယ်။

Most Popular

Healthy Life Ad
To Top