Healthy Life Ad
Health Tips

အသက်ကြီးလာတိုင်း အိုတာမဟုတ်ပါ

———၊ ဇွန်ခိုင်ဦး (ဆေးဝါးတက္ကသိုလ်) ၊———

“မျက်စိတွေက မှုန်လာပြီ”လို့ ပြောလိုက်တဲ့အခါ”အိုပြီလေ၊ မှုန်မှာပေါ့”လို့ အပြောခံရတာမျိုး၊ “လက်တွေက တုန်နေတာ ဘာကြောင့်ပါလိမ့်”လို့ ဇဝေဇဝါဖြစ်နေတဲ့အခါ “အသက်က မငယ်တော့ဘူးလေ၊ အိုနေပြီ၊ တုန်မှာပေါ့”ဆိုတာမျိုး မကြာခဏ ကြားရပါသလား။ တကယ်တော့ အသက်ကြီးလာတိုင်း အိုတာမဟုတ်ပါဘူး။ အသက်ကြီးလာရင် မှုန်ရမယ်၊ ထုံထိုင်းထိုင်း ဖြစ်ရမယ်၊ တုန်လာမယ်ဆိုတာတွေကို သဘာဝလို့ ထင်ကြပါတယ်။ ဒါတွေက သဘာဝမဟုတ်ပါဘူး။ အသက်ကြီးလာတိုင်း အိုတာမဟုတ်လို့ ကျန်းမာလန်းဆန်း တက်ကြွစွာ နေထိုင်လို့ရပါတယ်။ အဲဒီလို နေနိုင်ဖို့ ဘယ်လိုနေထိုင်သင့်ပါသလဲ။

အစားအသောက်

သစ်သီးဝလံ၊ သစ်ဥ၊ လတ်ဆတ်တဲ့အသား/ ငါး၊ ပဲအမျိုးမျိုး၊ နို့နဲ့ နို့ထွက်ပစ္စည်းတွေကို စားပေးပါ။ အသက်ကြီးလာချိန်မှာ ဝမ်းမချုပ်စေဖို့ရာအတွက် ဟင်းသီးဟင်းရွက်များများ စားသင့်သလို တစ်နေ့မှာ အနည်းဆုံး ရေ (၆) ခွက်ကနေ (၈)ခွက်အထိ သောက်ပေးသင့်ပါတယ်။

သွားပြဿနာ

အသက်ကြီးသူ အတော်များများက သွားပြဿနာရှိတော့ “ဝါးလို့မကောင်းဘူး”ဆိုတာမျိုး မဖြစ်စေဖို့ အသားတွေကို ပြုတ်ပြီး နူးနေအောင် ချက်ရပါမယ်။ အသီးအရွက်တွေကို ဝါးရလွယ်စေဖို့ သေးနိုင်သမျှ အသေးဆုံးလှီးဖြတ်ပြီး ပြင်ဆင်စားသောက်ရပါမယ်။

တက်ကြွသော နေထိုင်မှုပုံစံ

တက်ကြွကျန်းမာသန်စွမ်းတဲ့ အသက်ကြီးသူ တစ်ဦးဖြစ်ဖို့ဆိုရင် နေ့တိုင်း ကိုယ်လက်လှုပ်ရှားမှု လုပ်ဖို့ လိုပါတယ်။ လေ့ကျင့်ခန်းကို ပုံမှန်လုပ်ဆောင်တာက အရိုးတွေကို သန်စွမ်းစေတယ်၊ သွေးလှည့်ပတ်မှု ကောင်းစေတယ်၊ မသန်စွမ်းမှုကို ဟန့်တားပေးတယ်၊ ရောဂါဝေဒနာတွေကို ကာကွယ်ပေးတယ်၊ ရောဂါတွေရှိနေရင် သက်သာစေပါတယ်။ နောက်တစ်ခုက ခန္ဓာကိုယ်ဟန်ချက် ထိန်းပေးတဲ့အတွက် လဲမကျအောင် ကာကွယ်ပေးပါတယ်။

မိတ်ဆွေများနှင့် စုပေါင်းလေ့ကျင့်ခန်း လုပ်ခြင်း

အသက်ကြီးလာချိန်မှာ ကိုယ်နဲ့အသက်တူ မိတ်ဆွေတွေနဲ့ တွေ့ဆုံပြီး လမ်းလျှောက်တာ၊ ယောဂကျင့်တာ၊ ထိုက်ချိကစားတာ စတဲ့ ဖြည်းဖြည်းနဲ့ ညင်ညင်သာသာ လုပ်ရတဲ့ လေ့ကျင့်ခန်းတွေကို အတူတူ လုပ်တာမျိုးက သိပ်ကို ထိရောက်ပါတယ်။ ဒါက စိတ်ပူတာ၊ စိတ်ဓာတ်ကျတာတွေ ကင်းဝေးတဲ့အပြင် နှလုံးနဲ့ သွေးလှည့်ပတ်မှုကို ကောင်းမွန်စေပါတယ်၊ အသက်ရှူလမ်းကြောင်းစနစ် လုပ်ငန်းဆောင်တာတွေကို ကောင်းမွန်စေပါတယ်၊ သွေးထဲက မကောင်းတဲ့ အဆီတွေကို လျော့ကျစေပါတယ်။

ကျန်းမာရေးစစ်ဆေးမှု

ကိုယ့်ခန္ဓာကိုယ်ကို ဆန်းစစ်ပြီး ပုံမှန်မဟုတ်တဲ့ ကျန်းမာရေးပြဿနာလေးတွေ ရှိနေရင် အဲဒါကို ချက်ချင်းစစ်ဆေးပြီး ကုသမှုခံယူသင့်ပါတယ်။ မျက်စိမှုန်တာ၊ လက်တုန်တာ၊ ထုံထိုင်းထိုင်းဖြစ်နေတာ . .ဘယ်လိုဝေဒနာတွေပဲဖြစ်ဖြစ် ကုသမှုခံယူလို့ ရပါတယ်။

တစ်နေ့တာအတွင်း ပျော်ပျော်နေပါ

အိမ်မှာ သားသမီး၊ မြေးလေးတွေနဲ့အတူ လှုပ်ရှားမှုတွေလုပ်ပါ။

ကချင်စိတ်ပေါ်လာရင် ကခုန်လိုက်ပါ။

သီချင်းဆိုရ ဝါသနာပါရင် သီချင်းဆိုပါ။

အိမ်မှုကိစ္စ လုပ်ရဝါသနာပါရင် လုပ်ပါ။

ကိုယ့်စိတ်ထဲမှာ လုပ်ချင်တဲ့ ဝါသနာလေးတွေက တခြားသူတွေကို မထိခိုက်ဘဲ ပျော်စေတယ်ဆိုရင် လုပ်ဆောင်ပါ။

Most Popular

Healthy Life Ad
To Top