Healthy Life Ad
Q & A

နာတာရှည်ကျောက်ကပ်ရောဂါ လူနာများတွင် စိတ်ဓာတ်ကျခြင်း (Depression in Chronic Kidney Disease patients)

—၊ ဒေါက်တာမိုးအောင်ကျော်နိုင် (အထွေထွေရောဂါအထူးကု ဆရာဝန်ကြီး)မှ ဖြေကြားပေးပါသည်။ ၊—

Q. လူနာတွေကို ကုသရာမှာ ဘယ်လိုအချက်တွေကို အဓိကထား ကုသပေးသင့်ပါသလဲ ဆရာ။

A. The good physician treats the disease; The great physician treats the patient as a whole.လို့ Sir William Osler က ပြောခဲ့ပါတယ်။ အဓိပ္ပာယ်ကတော့ သာမန်သမားတော်တွေက ရောဂါကိုပဲကုကြတယ်။ တော်တဲ့သမားတော်တွေကတော့ လူတစ်ကိုယ်လုံးကို ကုပါတယ်။ ဥပမာပြောရရင် ဆီးချိုရောဂါသည်ကို ဆီးချိုတစ်ခုတည်း ကွက်ပြီး ကုတာမဟုတ်ဘဲ သူ့မှာခံစားနေရတဲ့ ကျန်တဲ့ ကိစ္စတွေကိုလည်း ရှာဖွေပြီး ကုပေးရပါမယ်။ နာတာရှည် ကျောက်ကပ်ရောဂါ လူနာတွေကို ကုတဲ့အခါမှာ ကျောက်ကပ်ရောဂါ တစ်ခုတည်းတင်မကဘဲ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးပြဿနာတွေကိုပါ ရှာဖွေကုသပေးရပါမယ်။

နာတာရှည် ကျောက်ကပ်ရောဂါတွေ ဖြစ်စေတဲ့ အချက်တွေကတော့ အသက်ကြီးလာရင် ကျောက်ကပ်အားနည်းသွားတတ်ပါတယ်၊ မျိုးဗီဇမှာ ပါလာရင် ကျောက်ကပ်အားနည်းသွားတတ်ပါတယ်။ သွေးတိုးရောဂါ၊ ဆီးချိုရောဂါ၊ နှလုံးရောဂါ စတဲ့ ရောဂါတွေရှိရင်လည်း ကျောက်ကပ်အားနည်းသွားတတ်ပါတယ်။ အခုနောက်ပိုင်း ဆီးချိုရောဂါနဲ့ သွေးတိုးရောဂါက မြန်မာနိုင်ငံမှာ ဖြစ်နှုန်းများလာတဲ့အတွက် ကျောက်ကပ်ထိခိုက်သူတွေလည်း များလာတာကို တွေ့ရပါတယ်။ ဒါကြောင့် ဆီးချိုရောဂါ၊ သွေးတိုးရောဂါ ကုသရာမှာ စနစ်တကျ ထိန်းသိမ်းကုသမယ်ဆိုရင် နာတာရှည်ကျောက်ကပ်ဝေဒနာ ခံစားရသူ လျော့ကျသွားဖို့ ရှိပါတယ်။

Q. ကျောက်ကပ်ထိခိုက်မှုအကြောင်းကို ပြောပြပေးပါဦး ဆရာ။

A. ကျောက်ကပ်ထိခိုက်မှုကို အဆင့် ၅ ဆင့် ခွဲခြားထားပါတယ်။ Stage (1)၊ (2)၊ (3)၊ (4)၊ (5)ဆိုပြီး ခွဲထားပြီး အဆင့် ၁၊ ၂၊ ၃ တွေမှာ ဘာလက္ခဏာမှ မပြတတ်ပါဘူး။ ဒီအဆင့်တွေက ကျောက်ကပ်ရဲ့ လုပ်ငန်းဆောင်တာပေါ် မူတည်ပြီး ခွဲထားတာပါ။ ကျောက်ကပ်အားနည်းမှု ရှိ၊ မရှိ သိဖို့ သွေးထဲမှာ ခရစ်ယာတနင်းဆိုတဲ့ ဓာတ်ကို စစ်ဆေးရပါတယ်။ ဒါပေမဲ့ ဒီတစ်ခုတည်းကြည့်ပြီး ကျောက်ကပ်ထိခိုက်မှု အဆင့်ကို ခွဲခြားလို့မရပါဘူး။ လူနာရဲ့ အသက်အရွယ်၊ ကိုယ်အလေးချိန်၊ လိင်အမျိုးအစား (ကျား- မ)စတဲ့ အချက်သုံးချက်ပေါ် မူတည်ပြီး ပြန်တွက်ချက်ရပါတယ်။ တွက်ချက်တဲ့အခါ ကျောက်ကပ်လုပ်ငန်းဆောင်တာ ထိခိုက်မှုအဆင့်တွေ ထွက်လာပါတယ်။

အဆင့် (၁) ဆိုရင် ၉၀ ရာခိုင်နှုန်းနဲ့ အထက်၊ အဆင့် (၂) ဆိုရင် ၆၀ နဲ့ ၉၀ ရာခိုင်နှုန်းကြား၊ အဆင့် (၃) ဆိုရင် ၃၀ နဲ့ ၆၀ ရာခိုင်နှုန်းကြား၊ အဆင့် (၄) ဆိုရင် ၃၀ နဲ့ ၁၅ ရာခိုင်နှုန်းကြား၊ အဆင့် (၅) ဆိုရင် ၁၅ ရာခိုင်နှုန်းထက် နည်းပါတယ်။ အဆင့် (၁) ၉၀ ရာခိုင်နှုန်းနဲ့အထက်က ဘာပြောတာလဲဆိုရင် ကျောက်ကပ်လုပ်ငန်းဆောင်တာက ပုံမှန်ပဲ၊ ဒါပေမဲ့ ကျောက်ကပ်ထိခိုက်မှုက ၁၀ ရာခိုင်နှုန်းလောက် ရှိပြီလို့ ပြောတာပါ။ ကျောက်ကပ်ထိခိုက်မှု ရှိ၊ မရှိဆိုတာကို လုပ်ငန်းဆောင်တာ ကြည့်ရပါတယ်။ လုပ်ငန်းဆောင်တာ ကောင်းနေပေမယ့်လည်း ကျောက်ကပ်ထိခိုက်မှုက စနေပါပြီ။ ဒီအချိန်မှာ သာမန်လူနဲ့ ဘာကွာသွားသလဲဆိုရင် သူရဲ့ကျောက်ကပ်ထိခိုက်နိုင်တဲ့ အကြောင်းခံဖြစ်တဲ့ သွေးတိုးရောဂါ၊ ဆီးချိုရောဂါ၊ ကျောက်ကပ်ရောင်ရမ်းဖူးတာတွေ ရှိနေရင် ကျောက်ကပ်လုပ်ငန်းဆောင်တာ ကောင်းပေမယ့် အဆင့် (၁) လို့ ပြောပါတယ်။ ဥပမာပြောရရင် ဆီးချိုသမားတစ်ယောက်နဲ့ ရိုးရိုးသာမန် ဆီးချိုရောဂါမရှိသူတစ်ယောက်မှာ ကျောက်ကပ်လုပ်ငန်းဆောင်တာ တူတယ်ဆိုရင်တောင် ဆီးချိုရှိသူကို အဆင့်(၁) ကျောက်ကပ်ဝေဒနာရှိသူလို့ သတ်မှတ်လိုက်ပါတယ်။

“နာတာရှည် ကျောက်ကပ်ဝေဒနာ ရှိသူတွေမှာဖြစ်တဲ့ စိတ်ကျရောဂါကို ဆရာဝန်က သတိမထားမိလို့ မကုမိရင် နံပါတ်တစ်အနေနဲ့ ကျောက်ကပ်ပျက်စီးမှုနှုန်းက ပိုမြန်လာပါတယ်။ စိတ်ဓာတ်ကျတဲ့အတွက် အစားအသောက် မှန်မှန်မစားတာ၊ ကျန်းမာရေးကို ဂရုမစိုက်တာ၊ နည်းလမ်းမှန်မှန် မနေတာတွေ ဖြစ်လာပြီး ကျောက်ကပ်ပျက်စီးမှုက ပိုဆိုးလာတာပါ” . . .

Q. ကျောက်ကပ်လုပ်ငန်းဆောင်တာ ၃၀ ရာခိုင်နှုန်းအောက် လျော့ကျသွားရင် ဘာတွေကို သတိထားဖို့ လိုပါသလဲ ဆရာ။

A. ကျောက်ကပ်လုပ်ငန်းဆောင်တာ ၃၀ ရာခိုင်နှုန်းနဲ့အထက် နည်းသွားတဲ့ အဆင့် (၄) မှာဆိုရင် ပုံမှန်သောက်သုံးနေတဲ့ ဆေးတွေကို လျှော့ချဖို့ လိုလာပါပြီ။ ဒါကြောင့် လူတိုင်းလူတိုင်း ကိုယ့်ကျောက်ကပ်အဆင့်ကိုသိဖို့ လိုအပ်ပါတယ်။ ဒါမှ ဆေးတွေရဲ့ ဘေးထွက်ဆိုးကျိုးဒဏ် မခံရအောင် ဆေးဝါးပမာဏ လျှော့ချဖို့ လိုအပ်နေပါပြီ။ ဥပမာပြောရရင် ဆီးချိုရှိသူတွေမှာပေးတဲ့ မက်ဖော်မင်ကို ကျောက်ကပ်လုပ်ငန်းဆောင်တာ ၅၀ ရာခိုင်နှုန်းအောက် ကျပြီဆိုရင် လျှော့ချသုံးစွဲတာ ဒါမှမဟုတ် ရပ်တာလုပ်ရပါမယ်။ ဒါကြောင့် ကိုယ့်ကျောက်ကပ်အဆင့်ကို သိဖို့လိုအပ်တာပါ။

Q. ကျောက်ကပ်ထိခိုက်မှုအဆင့် (၄)နဲ့ (၅)ဆိုရင် ဘယ်လိုလက္ခဏာတွေ ပြသတတ်ပါသလဲ ဆရာ။

A. အဲဒီအဆင့်ရောက်ပြီဆိုရင် အာရုံကြောထိခိုက်တယ်၊ နှလုံးထိခိုက်တယ်၊ သွေးအားနည်းလာတယ်၊ အရိုးထိခိုက်လာတယ်။ ဒါ့အပြင် စိတ်ပိုင်းဆိုင်ရာ ဝေဒနာအနေနဲ့ စိတ်ဓာတ်ကျလာပါတယ်။ နာတာရှည် ကျောက်ကပ်ရောဂါရှင်တွေက သာမန်လူထက်စာရင် အတွင်းခံရောဂါတွေ ရှိတဲ့အတွက် ရောဂါကုရတဲ့ ကုန်ကျစရိတ်များပါတယ်။ ကျောက်ကပ်ထိခိုက်ပြီဆိုတာနဲ့ ဆရာဝန်နဲ့ ပုံမှန်ပြနေရတဲ့အတွက် အချိန်ပေးနေရပါတယ်။ အစားအသောက်တွေကို ဆင်ခြင်စားသောက်နေရပါတယ်။ တချို့ဆိုရင် ရေကိုလျှော့သောက်ရပါတယ်။ အလုပ်လုပ်တဲ့အခါ အခက်အခဲလေးတွေ တွေ့လာနိုင်ပါတယ်။ နောက်ဆုံးကြောက်တာကတော့ ကျောက်ကပ်ဆေးတာနဲ့ ပတ်သက်ပြီး ကုန်ကျစရိတ်များမှာ စိုးတဲ့အတွက် စိတ်ပိုင်းဆိုင်ရာအနေနဲ့ စိတ်ဓာတ်ကျတဲ့ဝေဒနာ ရတတ်ပါတယ်။

Q. နာတာရှည် ကျောက်ကပ်ဝေဒနာ ရှိသူတွေမှာ စိတ်ကျဝေဒနာဖြစ်နှုန်း များပါသလား ဆရာ။

A. နာတာရှည်ကျောက်ကပ်ရောဂါ ရှိသူတွေမှာ သာမန်လူတွေနဲ့စာရင် စိတ်ကျရောဂါဝေဒနာ ဖြစ်ပွားမှုနှုန်းက သုံးဆပိုများတာ တွေ့ရပါတယ်။ နာတာရှည် ကျောက်ကပ်ဝေဒနာရှင်တွေကို ပြန်ပြီး လေ့လာသုံးသပ်တဲ့အခါမှာ ၃၀ ရာခိုင်နှုန်းလောက်က စိတ်ကျရောဂါ ဖြစ်နေတာကို တွေ့ရပါတယ်။ ကျောက်ကပ်ထိခိုက်မှု အဆင့် (၅)နဲ့ ကျောက်ကပ်ဆေးရတဲ့ အဆင့်တွေမှာဆိုရင် စိတ်ကျဝေဒနာ ခံစားရတာက ၄၀ ရာခိုင်နှုန်းအထိ တွေ့ရပါတယ်။ ဒါကို ဂရုပြုပြီး ဆရာဝန်တွေက အထူးကုသပေးဖို့ လိုပါတယ်။

Q. တကယ်လို့ နာတာရှည် ကျောက်ကပ်ဝေဒနာ ရှိသူတွေမှာဖြစ်တဲ့ စိတ်ကျရောဂါကို ဆရာဝန်က သတိမထားမိလို့ မကုမိရင် ဘာဖြစ်နိုင်ပါသလဲ ဆရာ။

A. နာတာရှည် ကျောက်ကပ်ဝေဒနာ ရှိသူတွေမှာဖြစ်တဲ့ စိတ်ကျရောဂါကို ဆရာဝန်က သတိမထားမိလို့ မကုမိရင် နံပါတ်တစ်အနေနဲ့ ကျောက်ကပ်ပျက်စီးမှုနှုန်းက ပိုမြန်လာပါတယ်။ စိတ်ဓာတ်ကျတဲ့အတွက် အစားအသောက်မှန်မှန် မစားတာ၊ ကျန်းမာရေးကို ဂရုမစိုက်တာ၊ နည်းလမ်းမှန်မှန် မနေတာတွေ ဖြစ်လာပြီး ကျောက်ကပ်ပျက်စီးမှုက ပိုဆိုးလာတာပါ။ နံပါတ်နှစ်အနေနဲ့ ဆေးရုံတက်တဲ့နှုန်းက ပိုများလာပါတယ်။ နံပါတ်သုံးအနေနဲ့ နောက်ဆက်တွဲရောဂါ ဝေဒနာတွေကြောင့် အချိန်မတိုင်ခင် သေဆုံးမှုနှုန်း ပိုများလာပါတယ်။ ဒါကြောင့် ဆရာဝန်တွေက အထူးသတိထားပြီး ကုသင့်ပါတယ်။

ကုတဲ့အခါမှာ စိတ်ကျရောဂါသက်သာစေတဲ့ ဆေးဝါးတွေပေးတာ၊ နှစ်သိမ့်ဆွေးနွေးပေးတာ စတဲ့နည်းတွေနဲ့ စနစ်တကျ ကုသမှုပေးရပါမယ်။

Most Popular

Healthy Life Ad
To Top