Healthy Life Ad
Q & A

အပူအအေး ရုတ်တရက် အပြောင်းအလဲကြောင့် ဦးနှောက်သွေးကြောပြတ်ခြင်း

—၊ ဒေါက်တာမိုးအောင်ကျော်နိုင် (အထွေထွေရောဂါအထူးကု ဆရာဝန်ကြီး)နှင့် တွေ့ဆုံဆွေးနွေးခြင်း ၊—

Q. ရာသီဥတုပူပြင်းတဲ့ နေရာကနေ အေးတဲ့နေရာကို ဝင်လိုက်တဲ့အခါ ဖြစ်တဲ့ ဦးနှောက်သွေးကြော ပြတ်တာက ဘာကြောင့် ဖြစ်ရပါသလဲ ဆရာ။

A. အဓိကအားဖြင့်တော့ သွေးတိုးအခံရှိတဲ့သူတွေမှာ ပိုဖြစ်တတ်ပါတယ်။ ပူတဲ့နေရာကနေ အေးတဲ့နေရာကို ရုတ်တရက်ရောက်သွားရင် သွေးကြောတွေက ကျဉ်းသွားတဲ့အတွက်ကြောင့် သွေးပေါင်တက်ပြီး ဦးနှောက်ထဲမှာ သွေးကြောပိတ်တာ၊ သွေးကြောပေါက်တာတို့ ဖြစ်ရာက နောက်ဆက်တွဲ လေဖြတ်တဲ့ ပြဿနာတွေ ကြုံရတတ်ပါတယ်။ သာမန်လူတွေနဲ့စာရင် သွေးတိုးအခံရှိသူတွေ၊ အဲဒီအချိန်မှာ သွေးတိုးနေတဲ့သူတွေက ဦးနှောက်သွေးကြောပြတ်တာကို ပိုပြီးတော့ ခံစားရတတ်ပါတယ်။

Q. ရာသီဥတုပူပြင်းတဲ့ နေရာကနေ အေးတဲ့နေရာကို ဝင်လိုက်တဲ့အခါ ဖြစ်တဲ့ ဦးနှောက်သွေးကြောပြတ်တာ မဖြစ်အောင် ဘယ်လိုဆင်ခြင်သင့်ပါသလဲ ဆရာ။

A. အပူအအေး ရုတ်တရက် အပြောင်းအလဲ မဖြစ်အောင် သတိထား လျှော့ချပေးဖို့ လိုပါတယ်။ နေပူထဲကနေ အဲကွန်းခန်းထဲ ဝင်မယ်ဆိုရင် အမိုးအကာအနေနဲ့ ထီးသုံးရပါမယ်။ ဒါဆို ခန္ဓာကိုယ်အပူ သိပ်မများအောင် ကာကွယ်နိုင်မယ်။ အေးတဲ့အခန်း၊ အဲကွန်းခန်းထဲမဝင်ခင် အရိပ်ရတဲ့နေရာလေးမှာ ခဏတာ နားပေးရပါမယ်။ ကားစီးတဲ့သူတွေအနေနဲ့လည်း ကားထဲက အေးတယ်၊ အပြင်က တအားပူတယ်ဆိုရင် ကားထဲက အဲကွန်းကို လျှော့ချပြီးမှ အပြင်အပူချိန်နဲ့ သိပ်မကွာဟအောင် လုပ်ပြီးမှ သွားသင့်ပါတယ်။ ဘတ်စ်ကားစီးတဲ့သူတွေအနေနဲ့ ဘတ်စ်ကားပေါ်က ဆင်းဆင်းချင်း အရိပ်ရတဲ့ နေရာမှာ နေသင့်ပါတယ်၊ သွေးပေါင်ကို အဓိက ထိန်းသိမ်းသင့်ပါတယ်။ သွေးတိုးတဲ့သူအနေနဲ့ ဘတ်စ်ကားပေါ်မှာ စီးနင်းလိုက်ပါတဲ့အခါ မိမိခန္ဓာကိုယ်ကို အဲကွန်းလေတိုက်ရိုက်မကျအောင် ရှောင်နိုင်ရင် ကောင်းပါတယ်။ အဲလို တိုက်ရိုက်လေကျရင် အာရုံကြောအားနည်းတာ၊ ကျဉ်တာ၊ ကိုက်တာတွေ ဖြစ်တတ်ပါတယ်။ မျက်နှာကို အဲကွန်းလေ တိုက်ရိုက် အကြာကြီးကျရင် လေဖြန်းတာမျိုး ဖြစ်တတ်တာကြောင့် သတိပြု ကာကွယ်နေထိုင်သင့်ပါတယ်။ သွေးတိုးရောဂါရှိသူတွေအနေနဲ့ကလည်း ကိုယ်ရဲ့သွေးပေါင်ချိန်ကို သတ်မှတ်ထားတဲ့ အတိုင်းအတာအတွင်းမှာ ထားဖို့ လိုအပ်ပါတယ်။ သတ်မှတ်ထားတဲ့အတိုင်းအတာ 140/80 mmHg အောက်ရှိသူတွေဆိုရင်တော့ ဒီလိုဖြစ်ဖို့ရာခိုင်နှုန်း နည်းပါတယ်။

Q. သွေးတိုးရောဂါရှိသူတွေအနေနဲ့ အပူအအေးရုတ်တရက် အပြောင်းအလဲကြား သွားလာနေရသူတွေအနေနဲ့ ဘယ်လို နေထိုင်စားသောက်သင့်ပါသလဲ ဆရာ။

A. သွေးတိုးသမားတွေအနေနဲ့ အဓိက အဆီနဲ့ အငန်ကို ရှောင်ရှားသင့်ပါတယ်။ အသီးအရွက်၊ အသီးအနှံကို ပိုစားသင့်ပါတယ်။ ကိုယ့်အိမ်မှာ သွေးပေါင်ချိန်စက်လေးနဲ့ တိုင်းတာပြီး အမြဲတမ်း ပုံမှန်အတိုင်းအတာအတွင်းမှာ ရှိရဲ့လားဆိုတာကို ထိန်းသိမ်းစစ်ဆေးနေသင့်ပါတယ်။ ပြီးတော့ လေ့ကျင့်ခန်းတွေကို လုပ်ဆောင်ပေးသင့်ပါတယ်။ သွေးတိုးအတွက် ဆရာဝန်ညွှန်ကြားထားတဲ့ ဆေးတွေကိုလည်း မှန်မှန်သောက်သုံးသင့်ပါတယ်။

Most Popular

Healthy Life Ad
To Top