Healthy Life Ad
Q & A

လူကြီးများတွင် ဖြစ်တတ်သည့် အရိုးပျော့ရောဂါ (Osteomalacia)

—၊ ပါမောက္ခဦးနေဝင်း (အရိုးအထူးကု ဆရာဝန်ကြီး)နှင့် တွေ့ဆုံဆွေးနွေးခြင်း ၊—

Q. လူကြီးတွေမှာ အရိ်ုးပျော့ရောဂါ ဘာကြောင့်ဖြစ်ရပါသလဲ ဆရာ။

A. လူကြီးတွေမှာ အရိုးပျော့ရောဂါ ဖြစ်ရတဲ့ အဓိကအကြောင်းရင်းက ဗီတာမင်ဒီ နည်းလို့ပါပဲ။ အသက်ကြီးတဲ့သူတွေမှာ အထူးသဖြင့် အိမ်အပြင် မထွက်ရတဲ့သူတွေ၊ အိမ်အပြင်ထွက်ခဲ့ရင်လည်း အဝတ်အစားကို လုံခြုံနေအောင် ဝတ်ထားရပြီး နေရောင်ခြည်မထိတွေ့တဲ့ သူတွေမှာ ပိုဖြစ်နိုင်ပါတယ်။ လူကြီးတွေမှာ ဗီတာမင်ဒီချို့တဲ့ရတဲ့ အကြောင်းရင်းတွေက အစားအသောက်ကြောင့် ဖြစ်နိုင်တယ်။ ကိုယ်ဝန်ဆောင်တွေမှာ အစားအသောက် အရမ်းရှောင်ရင်လည်း ဖြစ်သွားနိုင်ပါတယ်။ အစာအိမ်နဲ့ အူလမ်းကြောင်းဆိုင်ရာ ရောဂါကြောင့်လည်း ဖြစ်နိုင်ပါတယ်။ တစ်ခါတလေ အူကိုဖြတ်ပြီး ခွဲစိတ်ကုသမှု ခံထားတာကြောင့် အူကနေ အာဟာရဓာတ်တွေကို စုပ်ယူမှုမကောင်းလို့လည်း ဖြစ်နိုင်ပါတယ်။

Q. လူကြီးတွေမှာ အရိုးပျော့ရောဂါဖြစ်ရင် ဖြစ်တတ်တဲ့ လက္ခဏာတွေကို သိပါရစေ ဆရာ။

A. လူကြီးတွေမှာဖြစ်ရင် အစောပိုင်းတွေမှာ လက္ခဏာမပြတဲ့အတွက် ရောဂါဖြစ်ခါစမှာ သိလေ့သိထ မရှိကြဘူး။ ဂရုစိုက်သင့်တဲ့ လက္ခဏာတွေကတော့ အရိုးတွေနာမယ်၊ ကိုက်မယ်၊ ခါးနာမယ်၊ ခြေထောက်နဲ့လက်တွေ နာမယ်၊ ဒီလိုနာတာတွေ ဖြစ်နေတတ်ပါတယ်။ အရိုးတွေကို ကိုင်ကြည့်ရင် နည်းနည်းနာနေပါတယ်။ ကြွက်သားတွေ အားနည်းနေမယ်၊ အားမရှိဖြစ်လာမယ်။ လှေကားအဆင်းအတက်တွေ လုပ်ရတာ ခက်လာပါတယ်။ လမ်းလျှောက်တဲ့ပုံစံကလည်း သိပ်မမှန်တော့ဘူး။ လမ်းလျှောက်တာက နှေးလာတယ်။ ယိုင်တိုင်တိုင် ဖြစ်လာတယ်။ တစ်ခါတလေ တွေ့တာကတော့ ကယ်လ်စီယမ် အရမ်းနည်းသွားရင် လက်တွေအကြောဆွဲသလို ကွေးသွားတယ်။ မျက်နှာအကြောတွေ ဆွဲသွားပါတယ်။ လူကြီးတွေမှာဆိုရင် အရိုးကျိုးလွယ်လာပါတယ်။ အထူးသဖြင့် ကျောရိုးတွေ၊ ခါးရိုးတွေ ကျိုးတာဖြစ်တတ်တယ်။ လူကြီးတွေမှာဖြစ်နေရင် ဓာတ်မှန်ရိုက်ကြည့်တဲ့အခါမှာ ထူးထူးခြားခြား ပြောင်းလဲမှုတွေကို တွေ့ရတယ်။ အရိုးကျိုးတာတွေက ထိမိခိုက်မိလို့ကျိုးတာနဲ့ မတူပါဘူး။ တင်ပါးဆုံအရိုးတွေ ကျိုးတယ်၊ နံရိုးတွေ ကျိုးနိုင်တယ်၊ ပေါင်အဆစ်ရိုးကျိုးတာတွေ တွေ့နိုင်ပါတယ်။

“လူကြီးတွေမှာ အရိုးပျော့ရောဂါဖြစ်ရတဲ့ အဓိကအကြောင်းရင်းက ဗီတာမင်ဒီ နည်းလို့ပါပဲ။ အသက်ကြီးတဲ့သူတွေမှာ အထူးသဖြင့် အိမ်အပြင်မထွက်ရတဲ့သူတွေ၊ အိမ်အပြင်ထွက်ခဲ့ရင်လည်း အဝတ်အစားကို လုံခြုံနေအောင် ဝတ်ထားရပြီး နေရောင်ခြည်မထိတွေ့တဲ့ သူတွေမှာ ပိုဖြစ်နိုင်ပါတယ်။ လူကြီးတွေမှာ”…

Q. လူကြီးတွေမှာဖြစ်တဲ့ အရိုးပျော့ရောဂါကို ဘယ်လိုစစ်ဆေးရပါသလဲ ဆရာ။

A. လူကြီးတွေမှာ တစ်ခါတလေ အရိုးက ဘာဖြစ်နေမှန်း အဖြေရှာမရတဲ့ အခါတွေမှာကို အရိုးနမူနာယူပြီး စစ်ကြည့်ရင်တော့ အရိုးပျော့ရောဂါဖြစ်နေတာကို တိတိကျကျ သိရပါတယ်။ သွေးစစ်ကြည့်ရင်လည်း ကယ်လ်စီယမ်က နည်းနေတယ်၊ ဖော့စဖိတ်ကလည်း နည်းနေတယ်၊ အယ်ကာလိုင်း ဖော့စဖိတ်(Alkaline Phosphate)က များနေတယ်ဆိုရင်လည်း အရိုးပျော့ရောဂါဖြစ်နေတာကို သိနိုင်ပါတယ်။

Q. အရိုးပျော့ရောဂါဖြစ်ရတဲ့ လူကြီးတွေကို ဘယ်လိုကုသမှု ပေးလေ့ရှိပါသလဲ ဆရာ။

A. လူကြီးတွေကို ကုသမှုအနေနဲ့ကတော့ အစားအသောက်ကြောင့် ဗီတာမင်ဒီ နည်းနေတာဆိုရင် ဗီတာမင်ဒီဆေး ပေးလို့ရပါတယ်။ အစာအိမ်အူလမ်းကြောင်းတွေက စုပ်အားမကောင်းတော့လို့ ဖြစ်တာဆိုရင်တော့ ထိုးဆေးနဲ့ကုသပါတယ်။ ကျောက်ကပ်ကြောင့် ဗီတာမင်ဒီနည်းနေတာဆိုရင် ဗီတာမင်ဒီ Active Form ဖြစ်တဲ့ Alfa Chalcidal ဆိုတဲ့ ဆေးကိုပေးပြီး ကုသကြပါတယ်။ လူကြီးတွေကို ကုသရင်တော့ ဗီတာမင်ဒီလည်း ပေးသင့်တယ်၊ နောက်ပြီး ကယ်လ်စီယမ်ကိုလည်း ပေးသင့်ပါတယ်။ ဆရာတို့ တိုင်းပြည်မှာတော့ နေရောင်ခြည်ကလည်း လုံလုံလောက်လောက်ရကျတယ်၊ စားတဲ့အစားအသောက်တွေမှာလည်း ဗီတာမင်ဒီ မျှမျှတတပါကြတယ်၊ ဒီနေ့ခေတ်မှာ ကိုယ်ဝန်ဆောင်တွေဆိုရင်လည်း ဗီတာမင်ချို့တဲ့လောက်အောင် အစားလျှော့တဲ့သူက မရှိသလောက်ဖြစ်သွားပြီ။ ဒါကြောင့် ဒီရောဂါမျိုးက သိပ်မတွေ့ရပါဘူး။ ရောဂါမဖြစ်အောင် ကာကွယ်တဲ့အနေနဲ့ လူကြီးတွေဟာ ဗီတာမင်ဒီကို ပုံမှန်မှီဝဲပေးသင့်ပါတယ်။ အပြင်တွေနဲ့ နေပူထဲ သိပ်မထွက်တတ်တဲ့သူတွေဆိုရင် ပိုပြီးမှီဝဲသင့်ပါတယ်။

Most Popular

Healthy Life Ad
To Top