Healthy Life Ad
Q & A

ပလတ်စတစ်ထဲထည့်ထားသည့် အစားအသောက်များစားခြင်းနှင့် ကျန်းမာရေး

ဒေါက်တာကျော်စွာဦး (ရောင်ခြည်သစ်ကုသိုလ်ဖြစ်ဆေးခန်း-တာဝန်ခံ)နှင့် တွေ့ဆုံဆွေးနွေးခြင်း

Q. အစားအသောက်တွေကို ပလတ်စတစ်အိတ်တွေထဲ ထုပ်ပိုးသိမ်းဆည်းစားသောက်တာက ကျန်းမာရေးအပေါ် ဘယ်လိုသက်ရောက်မှု ရှိနိုင်ပါသလဲဆရာ။

A. အခုနောက်ပိုင်း ပလတ်စတစ်ဟာ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းမှုအတွက်လည်း မကောင်းသလို စွန့်ပစ်ပစ္စည်းအနေနဲ့ မကောင်းဘူးဆိုတာ လူအတော်များများ သိရှိလာကြပြီဖြစ်ပါတယ်။ ဒါပေမဲ့လည်း သေချာလိုက်နာမှုကတော့ အားနည်းနေပါသေးတယ်။ ပလတ်စတစ်တွေနဲ့ အစားအသောက်တွေ ထုပ်ပိုးတာကို အတော်များများမှာ တွေ့နေရတုန်းပါပဲ။ အဲဒီမှာ အထူးသဖြင့် အစားအသောက်ပူပူကို ပလတ်စတစ်အိတ်ထဲထည့်ပြီး ထုပ်ပိုးမှုအပိုင်းမှာ ပိုပြီးပြဿနာရှိပါတယ်။ ဥပမာပြောရရင် မုန့်ဟင်းခါးဟင်းရည်ပူပူ၊ ကြေးအိုးပူပူ စတာတွေကို ပလတ်စတစ်အိတ်ထဲထည့်တဲ့အခါ ပြဿနာရှိပါတယ်။

Q. ဘယ်လိုပြဿနာ ဖြစ်နိုင်ပါသလဲ ဆရာ။

“ကိုယ်ဝန်ဆောင်မိခင်တွေအနေနဲ့ ဒီလိုပလတ်စတစ်အိတ်ထဲ အစားအသောက်ပူပူ ထည့်စားတာနဲ့ဆက်စပ်ပြီး ရလာတဲ့ ဒီဓာတ်တွေကြောင့် မွေးလာတဲ့ ကလေးတွေမှာ ပန်းနာရင်ကျပ်ရောဂါလိုဖြစ်တာမျိုး ဆက်စပ်နေပါတယ်။ အမျိုးသမီးတွေမှာဆိုရင် ရင်သားကင်ဆာနဲ့ ဆက်စပ်တယ်လို့ တချို့ပညာရှင်တွေက ထောက်ပြကြပါတယ်။”

A. ပလတ်စတစ်အိတ်ထဲမှာ BPA၊ BPS တို့လို ဓာတ်တွေပါတဲ့အတွက် အစားအသောက်ပူပူထည့်ပြီးစားရင် ကျန်းမာရေးအပေါ် သက်ရောက်စေတာ ဖြစ်ပါတယ်။ ကလေးတွေမှာဆိုရင် ဒီဓာတ်တွေကြောင့် ကလေးတွေရဲ့ ဖွံ့ဖြိုးမှုကို ထိခိုက်စေပါတယ်၊ အရွယ်မတိုင်ခင် အဝလွန်တာတွေ၊ အရွယ်မတိုင်ခင် သွေးတိုးတာ၊ ဆီးချိုဖြစ်တာ စတာတွေကလည်း ပလတ်စတစ်ထဲက ဓာတ်တွေနဲ့ ဆက်စပ်မှုရှိတာကို လေ့လာမှုတွေအရ သိရပါတယ်။ ကိုယ်ဝန်ဆောင်မိခင်တွေအနေနဲ့ ဒီလိုပလတ်စတစ်အိတ်ထဲ အစားအသောက်ပူပူထည့်စားတာနဲ့ ဆက်စပ်ပြီး ရလာတဲ့ ဒီဓာတ်တွေကြောင့် မွေးလာတဲ့ကလေးတွေမှာ ပန်းနာရင်ကျပ်ရောဂါလို ဖြစ်တာမျိုး ဆက်စပ်နေပါတယ်။ အမျိုးသမီးတွေမှာဆိုရင် ရင်သားကင်ဆာနဲ့ ဆက်စပ်တယ်လို့ တချို့ပညာရှင်တွေက ထောက်ပြကြပါတယ်။ အမျိုးသားတွေမှာဆိုရင် ဒီဓာတ်တွေနဲ့ ထိတွေ့မှုကြောင့် ဆီးကျိတ်ကင်ဆာ၊ သွေးတိုးရောဂါ၊ ဆီးချိုရောဂါဖြစ်ဖို့ အခွင့်အလမ်းများတယ်လို့ လေ့လာမှုတွေအရ သိရပါတယ်။

Q. ပလတ်စတစ်ရေဘူးထဲက ရေတွေသောက်ရင်ကော ကျန်းမာရေးအတွက် ဘယ်လိုပြဿနာတွေ ဖြစ်တတ်ပါသလဲ ဆရာ။

A. ရေဘူးတွေက ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက အသိအမှတ်ပြုလက်မှတ် ရထားတယ်ဆိုရင် ကျန်းမာရေးအတွက် ပြဿနာမရှိတတ်ပါဘူး။ ဒါပေမဲ့ ရေဘူးတွေကို နေပူထဲမထားဖို့၊ ကျန်းမာရေးနဲ့ညီညွတ်တဲ့ ရေသန့်ဘူးဖြစ်ဖို့ စသဖြင့် လိုက်နာဖို့တော့ လိုအပ်ပါတယ်။

Q. ပလတ်စတစ်ထဲ အစားအသောက်ထည့်တာနဲ့ ပတ်သက်ပြီး အများပြည်သူကို ထပ်မံပညာပေးလိုတာရှိရင် ပြောပေးပါဆရာ။

A. ဆရာတို့ငယ်ငယ်တုန်းက မုန့်ဟင်းခါးပဲဝယ်ဝယ်၊ အုန်းနို့ခေါက်ဆွဲပဲဝယ်ဝယ် အိမ်ကနေ ချိုင့်လေးနဲ့သွားဝယ်ကြတယ်။ အခုနောက်ပိုင်းမှာလည်း ဆရာကိုယ်ကိုယ်တိုင် ကြိုးစားနေပါတယ်။ အဲဒီလိုသုံးရင် ပလတ်စတစ်သုံးစွဲမှုကို လျှော့ချပြီးသား ဖြစ်သွားပါတယ်။ မတတ်သာလို့ ဝယ်ရပြီဆိုရင်လည်း အဲဒီပလတ်စတစ်အိတ်ကို ပြန်သုံးပေးတာမျိုး လုပ်ပါတယ်။ ဈေးသွားရင်လည်း လက်ဗလာနဲ့ သွားမဝယ်ဘဲ ခြင်းနဲ့သွားဝယ်တာမျိုး လုပ်သင့်ပါတယ်။ ပလတ်စတစ်နဲ့ပတ်သက်ပြီး လျှော့သုံးဖို့၊ မတတ်သာလို့ သုံးရရင် ပြန်သုံးဖို့လိုအပ်ပါတယ်။ ဒါဆိုရင် ပလတ်စတစ်ကြောင့် လူတွေအပေါ် ကျန်းမာရေးသက်ရောက်မှုတွေ နည်းသွားမှာဖြစ်သလို သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးမှာလည်း ပိုအဆင်ပြေသွားမှာ ဖြစ်ပါတယ်။

Most Popular

Healthy Life Ad
To Top