Healthy Life Ad
Health Tips

လိပ်ပြာလွင့်သော ရောဂါ

ဒေါက်တာအုန်းကျော် (စိတ်ကျန်းမာရေးအထူးကု ဆရာဝန်ကြီး)

တနင်္ဂနွေနေ့ နံနက်တိုင်း သြစတြေးလျနိုင်ငံ ဘရစ်ဘိန်းမြို့တော်“လိုဂင်”ရပ်ကွက်မှာ နံနက်ဈေးတန်းတစ်ခု ကျင်းပပေးပါတယ်။ အဲဒီဈေးတန်းမှာ ကမ္ဘာတဝန်းက သြစတြေးလျနိုင်ငံမှာ လာရောက်နေထိုင်တဲ့ လူမျိုးပေါင်းစုံက ဈေးဆိုင်လေးတွေဖွင့်ပြီး ရောင်းချပေးကြတယ်။ သက်ဆိုင်ရာနိုင်ငံတွေရဲ့ ရိုးရာအဝတ်အထည်၊ ယဉ်ကျေးမှုလက်ရာ အသုံးအဆောင်တွေ၊ ရိုးရာအစားအသောက်မျိုးစုံနဲ့ ခြံထွက်ဟင်းသီးဟင်းရွက်တွေကို ရောင်းချပါတယ်။ ဒီတစ်ပတ် တနင်္ဂနွေနေ့မှာတော့ မြန်မာဆိုင်တစ်ဆိုင်ကပဲ ပြုတ်တစ်ဘူးဝယ်ခဲ့ပြီး စာရေးသူရဲ့မိတ်ဆွေ ကိုတာတို့အိမ်ဘက်ကို ခြေဦးလှည့်ဖြစ်တယ်။

ဧည့်ခန်းမှာထိုင်မိတာနဲ့ ကိုတာရဲ့ဇနီးဒေါ်မှုန်က စကားစပါတယ်။

“ကိုအုန်းကျော်ရောက်လာတာနဲ့ အတော်ပဲ။ ကျွန်မသိချင်တာတစ်ခုကို မေးချင်လို့ပါ”

“ဘာများလဲ ဒေါ်မှုန်”

“ကျွန်မ နံနက်တိုင်း တရားထိုင်တယ်ဆိုတာ ကိုအုန်းကျော် သိတယ်မဟုတ်လား”

“ကိုတာက ပြောထားဖူးပါတယ်”

“ဟိုတစ်နေ့က တရားထိုင်နေတုန်း ထူးဆန်းတဲ့အတွေ့အကြုံကို ပြောပြချင်လို့ပါ။ အာရုံစိုက်ပြီး တရားထိုင်နေတုန်းတော့ ၁၀ မိနစ်ကျော်လောက် ကြာမယ်ထင်တယ်။ ကျွန်မစိတ်က ခန္ဓာကိုယ်က ထွက်သွားပြီး လေထဲမှာ ပျံဝဲနေသလို ဗြုန်းကနဲ ခံစားလာရတယ်။ ကျွန်မခန္ဓာကိုယ်ကို ကျွန်မကိုယ်တိုင် ကောင်းကင်ပေါ်ကနေ ကြည့်ရှုနေသလို ရှိပါတယ်။ အဲဒါ ဘာဖြစ်တာလဲ”

ကိုတာက ပြုံးစိစိအမူအရာနဲ့ ကြားဖြတ်ပြောတယ်။

“တရားပေါက်သွားတာ ဖြစ်မှာပေါ့”

ဒေါ်မှုန် ဘာမှပြန်မပြောခင် စာရေးသူက အဖြေပေးပါတယ်။

“ ဖြစ်တတ်ပါတယ် ဒေါ်မှုန်၊ ဘာသာရေးအယူအဆနဲ့တော့ ကျွန်တော် ရှင်းမပြတတ်ပါဘူး။ ဆေးပညာမှာ အဲဒီလို အတွေ့အကြုံကို (Depersonalisation)လို့ ခေါ်ပါတယ်။ စိတ်နဲ့ခန္ဓာ ကင်းကွာသွားသလို ခံစားရတဲ့ အတွေ့အကြုံတစ်မျိုးပါ။ “လိပ်ပြာလွင့်ခြင်း”လို့ ဆိုပါတော့ဗျာ”

“ရှင်းပြပါဦး”

“လိပ်ပြာလွင့်ခြင်း (Depersonalisation)မှာ လက္ခဏာ (၄) မျိုး တွေ့ရှိရတယ်။ (၁) ခန္ဓာကိုယ်ပုံပန်းသဏ္ဍာန် ပြောင်းလဲသွားသလို ခံစားရတယ်။ ကိုယ်ခန္ဓာက ကျောက်ကျောလိုအနေအထား ဖြစ်နေသလို ခံစားရတယ်။ (၂) ကိုယ်ပြုမူလုပ်ကိုင်နေတာကို မိမိကိုယ်တိုင် ဘေးကထိုင်ကြည့်နေသလို ခံစားရတာလည်း ရှိတယ်။ တစ်ချိန်တည်းမှာ သရုပ်ဆောင်သူနဲ့ ပွဲကြည့်ပရိသတ်လို ဖြစ်နေတယ်လို့ ပြောကြပါတယ်။ (၃) မိမိသိရှိနေကျ ပတ်ဝန်းကျင်မှာ နေထိုင်ရသလိုမဟုတ်ဘဲ တခြားတစ်နေရာမှာ ရောက်ရှိနေသလို ပတ်ဝန်းကျင်က ထူးဆန်းနေတယ်။ (၄) မိမိစိတ်ခံစားမှုတွေက မိမိကိုယ်ပိုင်စိတ်မဟုတ်သလို ခံစားရတာလည်း ရှိပါတယ်။ လိပ်ပြာလွင့်ခြင်း အတွေ့အကြုံက ထူးဆန်းနေတော့ နေ့စဉ်သုံးစကားလုံး ဝေါဟာရနဲ့ ဖော်ပြဖို့ ခက်ခဲပါတယ်။ ဒါကြောင့် “ငါသေသွားသလို ခံစားရတယ်”၊ “ဘေးပတ်ဝန်းကျင်က အမှန်တကယ်မရှိသလိုပဲ” ဒါမှမဟုတ် “ငါက ငါ့ခန္ဓာကိုယ်ဘေးမှာ ရပ်ကြည့်နေရသလိုပဲ” စသဖြင့် ကာယကံရှင်က ပြောပြတတ်ကြတယ်”

“ဟိုတစ်နေ့က တရားထိုင်နေတုန်း ထူးဆန်းတဲ့ အတွေ့အကြုံကို ပြောပြချင်လို့ပါ။ အာရုံစိုက်ပြီး တရားထိုင်နေတုန်းတော့ ၁၀ မိနစ်ကျော်လောက် ကြာမယ်ထင်တယ်။ ကျွန်မစိတ်က ခန္ဓာကိုယ်က ထွက်သွားပြီး လေထဲမှာ ပျံဝဲနေသလို ဗြုန်းကနဲ ခံစားလာရတယ်။ ကျွန်မခန္ဓာကိုယ်ကို” . . .

ကိုတာက ကြားဖြတ်ပြီး ဝင်နှောက်ပါတယ်။

“စိတ္တဇရောဂါ ဖြစ်ပွားစအခြေအနေမျိုးလိုလား”

ဒေါ်မှုန်မျက်စောင်းချိတ်တာ မဆုံးခင် စာရေးသူက ဆက်လက်ရှင်းပြပါတယ်။

“လိပ်ပြာလွင့်ခြင်းကို သာမန်လူတွေထဲမှာ ဖြစ်ပေါ်တာလည်း တွေ့ရှိရပါတယ်။ လူထုထဲမှာ တစ်နှစ်အတွင်း လိပ်ပြာလွင့်ခြင်း အတွေ့အကြုံခံစားရသူ ၁၈ ရာခိုင်နှုန်းရှိတယ်။ အတက်ရောဂါရှိသူ၊ ခေါင်းတစ်ခြမ်းကိုက်ရောဂါရှိသူ၊ ဆေးခြောက်သုံးစွဲသူ၊ စိတ္တဇမူးယစ်ဆေး (LSD)သုံးစွဲသူ၊ အိပ်မွေ့ချခံရသူနဲ့ အသံတိတ်အမှောင်ခန်းထဲမှာ ကြာရှည်နေထိုင်ရသူတွေထဲမှာ ပိုမိုဖြစ်ပွားပါတယ်။ ဒါကြောင့် အကြောင်းရင်း တစ်ခုခုကြောင့် တစ်ခါတစ်ရံ ဖြစ်ပေါ်တဲ့ လိပ်ပြာလွင့်ခြင်းရှိတာနဲ့ စိတ်ရောဂါလို့ မသတ်မှတ်ပါဘူး။ ဒါပေမဲ့ လိပ်ပြာလွင့်ခြင်း အတွေ့အကြုံကို နေ့စဉ်နေ့တိုင်း မကြာခဏ ခံစားနေရရင်တော့ စိတ်ရောဂါလို့ ဆိုနိုင်ပါတယ်။ “လိပ်ပြာလွင့်သောရောဂါ”( Depersonalisation Disorder)လို့ ခေါ်ပါတယ်။ လိပ်ပြာလွင့်ခြင်း အတွေ့အကြုံရှိရင် ပတ်ဝန်းကျင်က ပြောင်းလဲသွားသလို၊ အမှန်တကယ် မရှိသလို ခံစားရတာကိုပါ တွေ့ရှိရတယ်။ ဒါကြောင့် “လိပ်ပြာလွင့်သောရောဂါ”ကို ဆေးပညာမှာ”( Depersonalisation- Derealisation Disorder) လို့လည်း ခေါ်ဆိုကြတယ်။ ဒေါ်မှုန် လိပ်ပြာလွင့်သလို ခံစားရတဲ့ အတွေ့အကြုံက တိုက်ဆိုင်မှုရှိလို့ တစ်ခါတစ်ရံ ဖြစ်ပေါ်တာဆိုတော့ “လိပ်ပြာလွင့်သောရောဂါ”လို့ မဆိုသာပါဘူး”

“လိပ်ပြာလွင့်သော ရောဂါဖြစ်ပွားရတဲ့ အကြောင်းရင်းတွေက . . .”

“သီအိုရီအမျိုးမျိုး ရှိပါတယ်။ L-Tryptolan လျော့နည်းခြင်းနဲ့ Glutamate ဓာတ်တုံ့ပြန်မှု ချို့ယွင်းခြင်းတို့နဲ့ သက်ဆိုင်တယ်လို့ ယူဆပါတယ်။ ဒါက ဦးနှောက်အာရုံကြော ဇီဝဗေဒအယူအဆပါ။ ခွဲခြမ်းစိတ်ဖြာ စိတ်ပညာသီအိုရီ တစ်ခုရှိတယ်။ ကာယကံရှင်က ဘေးဒုက္ခအန္တရာယ်တွေနဲ့ ကြုံတွေ့ခဲ့ရတယ်။ အသိစိတ်ထဲမှာ စိတ်ဖိစီးမှုဒဏ်က မခံမရပ်နိုင်အောင် ပြင်းထန်နေတယ်။ ဒါကြောင့် “အသိစိတ်”( Ego) ကို ဖိစီးမှုဝေဒနာ မခံစားရအောင် “မသိစိတ်”က လှည့်ကွက်တစ်ခုနဲ့ အကာအကွယ်ပေးတယ်။ “ဒုက္ခခံစားနေရတဲ့“သူ”က “နင်”မဟုတ်ဘူး။ နင်မြင်နေရတဲ့ နင့်ခန္ဓာကိုယ်နဲ့ လူသာဖြစ်တယ်ဆိုတဲ့ သဘောပါ”

ကိုတာက ခေါင်းညိတ်ပြီး ပြုံးစိစိလုပ်နေတယ်။

“ခင်ဗျားက မယုံလို့လား။ သီအိုရီကိုပြောတာပါ။ လက်တွေ့အထောက်အထားတစ်ခုတော့ ရှိပါတယ်။ လိပ်ပြာလွင့်သောရောဂါ ခံစားနေရသူတွေထဲမှာ ၅၀ ရာခိုင်နှုန်းကျော်က ဘေးဒုက္ခအန္တရာယ်နဲ့ ကြုံတွေ့ခဲ့ရဖူးတဲ့ ရာဇဝင်ရှိတာ လေ့လာသိရှိရတယ်။ လိပ်ပြာလွင့်သော ရောဂါဖြစ်ပွားနှုန်းက လူထုထဲမှာ ၁ ရာခိုင်နှုန်းမှ ၂ ရာခိုင်နှုန်းအထိ ရှိပါတယ်”

ကိုတာက ကြားဖြတ်မေးမြန်းတယ်။

“အဲဒီလို လူနာမျိုးကို ခင်ဗျားတွေ့ဖူးလား”

“လိပ်ပြာလွင့်သော ရောဂါစစ်စစ်နဲ့ ဆေးကုသမှု ခံယူသူကတော့ အနည်းငယ်သာ ရှိတတ်ပါတယ်။ ဒီရောဂါရဲ့သဘောက ရောဂါဖြစ်ပေါ်လိုက်၊ အလိုလို ရောဂါပျောက်ကင်းသွားလိုက် ဖြစ်တတ်တယ်။ နာတာရှည်ရောဂါ ခံစားရသူလည်း ရှိပါတယ်။ ကျွန်တော်ကိုယ်တိုင်တော့ မတွေ့ဖူးခဲ့ပါဘူး။ ခင်ဗျားသိချင်ရင် ဂျာနယ်ထဲမှာ ဖတ်ဖူးတဲ့ လူနာတစ်ယောက်အကြောင်း ပြောပြနိုင်ပါတယ်”

“ပြောပြပါ”

“လူနာက မစ်အာတဲ့။ အသက် ၂၇ နှစ်။ မဟာဝိဇာသင်တန်းသား တက္ကသိုလ်ကျောင်းသူဖြစ်တယ်။ မစ်အာရဲ့ငယ်စဉ်ဘဝက မဖြောင့်ဖြူးခဲ့ဘူး။ မိဘရဲ့ အိမ်ထောင်ရေးက အဆင်မပြေဘူး။ အမြဲလိုလို ခိုက်ရန်ဖြစ်ပွားတယ်။ အကြမ်းဖက်ရိုက်နှက်တာ၊ ကိုယ်ထိလက်ရောက် တစ်ယောက်နဲ့တစ်ယောက် တိုက်ခိုက်တာအထိ ဖြစ်ပွားတတ်တယ်။ အဲဒီလိုအဖြစ်အပျက်ကို တွေ့ရှိရရင် မစ်အာက ကြောက်လွန်းလို့ အခန်းထောင့်တစ်နေရာမှာ ပုန်းအောင်းနေလေ့ ရှိတယ်တဲ့။ မစ်အာဖခင်ရဲ့ လုပ်ငန်းကြောင့် မိသားစုတစ်ခုလုံး တစ်မြို့ကနေ တစ်မြို့ကို မကြာခဏ ပြောင်းရွှေ့ရတာ ရှိတယ်။ မစ်အာရဲ့ဘဝက တည်ငြိမ်တဲ့ ပတ်ဝန်းကျင်မှာ ကြီးပြင်းလာရတာ မဟုတ်တော့ဘူး။ နောက်ဆုံးမှာ မိဘနှစ်ပါး ကွဲကွာသွားတော့ မစ်အာက သူ့မိခင်အောက်မှာ ကြီးပြင်းလာရတယ်။ မိခင်က သူ့ဒေါသတွေကို မစ်အာအပေါ်ပုံချသလို ဆက်ဆံတယ်။ မစ်အာကို အမြဲလိုလို ပြစ်တင်ဝေဖန်တယ်။ အကြမ်းဖက်တယ်။ ရန်လိုမုန်းထားတဲ့ အပြုအမူတွေနဲ့ ဆက်ဆံတယ်။ ဒီတော့ အသက်ငယ်စဉ်ကထဲက မစ်အာမှာ ကြောက်စိတ်၊ စိုးရိမ်စိတ်၊ လုံခြုံမှုမရှိတဲ့စိတ်၊ သိမ်ငယ်စိတ်တွေ ရရှိလာတာပေါ့။ ငယ်ငယ်တုန်းက ကြောက်ရင် အခန်းထောင့်မှာ ရှောင်တိမ်းပုန်းအောင်းတဲ့ အကျင့်ရှိတယ်။ အရွယ်ရောက်လာတော့ အခက်အခဲပြဿနာတွေနဲ့ ရင်ဆိုင်ရတဲ့အခါမှာ ချောင်ကုပ်ပြီး ပုန်းအောင်းတဲ့ အကျင့်ရှိတယ်။ အရွယ်ရောက်လာတော့ အခက်အခဲပြဿနာတွေနဲ့ ရင်ဆိုင်ရတဲ့အခါမှာ ချောင်ကုပ်ပြီး ပုန်းအောင်းနေဖို့ မသင့်တော်တော့ဘူး။ ဒီတော့ စိတ်ကိုတခြားလွှင့်ပြီး ရှောင်တိမ်းပုန်းကွယ်တတ်တဲ့ အလေ့အထ လိပ်ပြာလွင့်ခြင်းအပြုအမူ ပေါ်ပေါက်လာပါတယ်။ လူနာ မစ်အာရဲ့ ဆေးမှတ်တမ်းကို စာတမ်းရေးသူက အဲဒီလို ကောက်ချက်ချထားပါတယ်။

ကိုတာက သူနားလည်သလို ပြောပါတယ်။

“ဘေးဒုက္ခဒဏ်ကို မခံနိုင်လို့ စိတ်ကူးထဲမှာ အဝေးကို ရှောင်ပြေးတယ်ဆိုပါတော့”

“မှန်ပါတယ်။ ဒီလိုသဘောနဲ့ မစ်အာ လိပ်ပြာလွင့်သော ရောဂါရရှိလာတယ်လို့ ဆိုပါတယ်။ မစ်အာက ပညာတတ်တစ်ယောက်ဖြစ်တော့ သူ့အတွေ့အ ကြုံတွေကို ဖမ်းယူဖော်ပြနိုင်တယ်။ စာတမ်းထဲ ဒီလိုရေးထားတာ ဖတ်ရတယ်။ “ကျွန်မစကားပြောနေတုန်း ထူးဆန်းတဲ့ ခံစားရမှုတစ်ခု ဗြုန်းကနဲပေါ်ပေါက်လာပါတယ်။ ကျွန်မက စကားပြောနေတာ မဟုတ်ဘူး။ စကားပြောနေသူတစ်ယောက်ကို ကျွန်မက ကြည့်ရှုနေရသလိုပဲ။ သူက ငါမဟုတ်ဘူး၊ အခု စကားပြောနေတာ ဘယ်သူလဲပေါ့။ အဲဒီအချိန်မှာ ကျွန်မစိတ်က အေးချမ်းသာယာနေသလို ခံစားရတယ်။ အပူအပင်ကင်းမဲ့နေတယ်။ အခန်းထောင့်တစ်နေရာကနေပြီး ကျွန်မကိုယ်ကို ကျွန်မ ပြန်ကြည့်နေရသလိုပဲ”

ဒေါ်မှုန်က ကြားဖြတ်ပြီး မှတ်ချက်ချပါတယ်။

“မြန်မာအယူအဆနဲ့ ပြောရရင် နတ်ဝင်တာမျိုး၊ လိပ်ပြာနုတ်ခံရတာမျိုးပေါ့။ ရိုးရာကုထုံးနဲ့ ကုသလို့ မရဘူးလား”

“ပြောလို့ရပါတယ်။ ထူးဆန်းတဲ့ အတွေ့အကြုံကို ရိုးရာယဉ်ကျေးမှု အယူအဆနဲ့ သုံးသပ်နားလည်ထားတာပါ။ ဘယ်နိုင်ငံမှာမဆို ရိုးရာယဉ်ကျေးမှု ယုံကြည်ချက်ကို အမှီပြုထားတဲ့ ကုသနည်းတွေကို အသုံးပြုကြပါတယ်။ လူနာရဲ့ ယုံကြည်ချက်အတိုင်း ကုသမှုခံယူတာကို ဆေးပညာက အားမပေးပေမယ့် တားမြစ်ပိတ်ပင်မှု မပြုပါဘူး။ အဓိကအချက်က ရောဂါသက်သာပျောက်ကင်းဖို့ပဲ မဟုတ်လား။ ဒါပေမဲ့ ကုသမှုကြောင့် လူနာမှာအန္တရာယ်ရှိရင် အကျိုးယုတ်စေရင်တော့ အဲဒီလိုကုသမှုမျိုးကို အားမပေးသင့်ဘူးပေါ့”

Most Popular

Healthy Life Ad
To Top