Healthy Life Ad
Health Tips

အရက်ဝိုင်းမှာ ကျန်းမာရေးနဲ့အညီ မြည်းတတ်၊ သောက်တတ်စေဖို့ . .

ကိုထက်

အရက်ဆိုတာ မသောက်ဘဲနေနိုင်ရင် အကောင်းဆုံးပါ။ တကယ်လို့ အရက်ကိုမသောက်ဘဲ မနေနိုင်လို့ပဲဖြစ်ဖြစ်၊ လူမှုရေးအရပဲဖြစ်ဖြစ် သောက်မယ်ဆိုရင်တော့ အသင့်အတင့်ပမာဏကိုသာ သောက်သင့်ပါတယ်။ အရက်ကို အရက်ဘား၊ စားသောက်ဆိုင် စတဲ့နေရာတွေမှာ သောက်တဲ့အခါ အမြည်းအဖြစ် စားသောက်တဲ့ အစားအစာတွေမှာ ပါလေ့ရှိတဲ့ အပိုကယ်လိုရီတွေ၊ ဆားနဲ့အဆီဓာတ်တွေကို ရှောင်ရှားနိုင်ဖို့ အကြံပြုရေးသားလိုက်ရပါတယ်။

ချက်ပြုတ်နည်းကို ကြည့်ပါ

စားသောက်ဆိုင်မှာ ရောင်းချတဲ့ အစားအသောက်အများစုဟာ အဆီ၊ ဆားနဲ့ ကိုလက်စထရောဓာတ်တွေ ပါဝင်မှုများပါတယ်။ အထူးသဖြင့် အရက်ဆိုင်က အမြည်းအများစုဆိုရင် ကျန်းမာရေးနဲ့မညီတာ ပိုများတတ်တာကြောင့် ဆီကြော်စာအစား ပြုတ်ထားတဲ့၊ ပေါင်းထားတဲ့ အစားအစာမျိုးကို အဓိကမှာပါ။

ဟင်းသီးဟင်းရွက်တွေကို လျစ်လျူမရှုပါနဲ့

ပြုတ်ထားတဲ့ ဟင်းသီးဟင်းရွက်တွေနဲ့ အစိမ်းလိုက်စားလို့ရတဲ့ ဟင်းသီးဟင်းရွက်တွေဟာ ဆီနဲ့ကြော်ထားတဲ့ ဟင်းသီးဟင်းရွက်တွေထက် ကျန်းမာရေးနဲ့ ပိုညီညွတ်ပါတယ်။

ငါးကို အဓိကမှာပါ

အရက်နဲ့ မြည်းတဲ့အခါ ဘဲကင်၊ ဝက်သုံးထပ်သားလို အဆီများတဲ့ အသားတွေကို အဓိကမှာလေ့ ရှိတတ်ပါတယ်။ ဘဲကင်မှာ အဆီဓာတ်ပါဝင်မှု များတာကြောင့် ငါးလို ကျန်းမာရေးနဲ့ညီညွတ်တဲ့ အသားကို အဓိကမှာယူ စားသောက်ပေးပါ။ ငါးကင်စားတဲ့အခါ အပေါ်ယံအရေခွံဟာ မီးနဲ့တိုက်ရိုက် ထိတွေ့ထားတာကြောင့် အရေခွံကိုခွာပြီးမှ စားသင့်ပါတယ်။

အာလူးချောင်းကြော် မစားပါနဲ့

အာလူးချောင်းကြော်ကို အရက်နဲ့မြည်းလို့ကောင်းတဲ့ သရေစာအဖြစ် လူသိများပါတယ်။ တကယ်တော့ မစားသင့်ပါဘူး။ အရက်ကြောင့် ဗိုက်ပူစေတဲ့အချက်ကို အာလူးချောင်းကြော်က ပိုမိုအားပေးနေတာကြောင့်ပါ။

အမြည်းများများ စားပါ

အရက်ကို အသင့်အတင့် သောက်ဖြစ်အောင်နဲ့ အရက်သောက်ပြီး အာဟာရပြည့်ပြည့်ဝ၀ မစားဖြစ်လို့ ဖြစ်တတ်တဲ့ အာဟာရချို့တဲ့မှုတွေ မဖြစ်အောင် ကျန်းမာရေးနဲ့ ညီညွတ်တဲ့ စားသောက်ဖွယ်ရာတွေ ရောက်လာပြီဆိုရင် အဲဒါကို အရင်စားပါ။ အမြည်းမစားဘဲ အရက်ချည်းပဲ မသောက်ပါနဲ့။

အရက်ကို ကန့်သတ်ချက်နဲ့သာ သောက်ပါ

အမျိုးသားတွေအနေနဲ့ တစ်နေ့ကို အရက်နှစ်ပက်ပဲ သောက်သင့်ပါတယ်။ အဲဒီပမာဏထက်ကျော်ရင် အသည်းရဲ့ ချေဖျက်နိုင်စွမ်းအဆင့်ထက် ကျော်လွန်သွားတာကြောင့် အသည်းအတွက်အန္တရာယ် ရှိပါတယ်။

ရေများများနဲ့ တွဲသောက်ပါ

အရက်သောက်တဲ့အတွက် ရေငတ်မပြေတဲ့အပြင် ရေဓာတ်ခန်းခြောက်မှုကိုတောင် ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် အရက်မသောက်ခင်မှာ ရေကို အရင်သောက်ထားလိုက်ပါ။ ဒါဆိုရင် အရက်ကို ကန့်သတ်ထားတဲ့ ပမာဏအတွင်းမှာပဲ သောက်ဖြစ်သွားပါလိမ့်မယ်။

အရက်သောက်ရင်း ရင်တွင်းဖြစ်ခံစားချက်တွေကို မဖွင့်ဟပါနဲ့

သင့်သူငယ်ချင်းနဲ့အတူ အရက်သောက်ရင်း ကိုယ်ခံစားရတာတွေ ရင်ဖွင့်လိုက်၊ သူခံစားရတာတွေ နားထောင်လိုက် . . အဲဒီလို လုပ်တဲ့အခါ အရက်ကို လိုတာထက် ပိုသောက်မိသွားနိုင်ပါတယ်။ ဒါကြောင့် အရက်ခွက်ကို အဖော်ပြုပြီး ခံစားချက်တွေကို မဖွင့်ဟလိုက်ပါနဲ့။ အမြည်းစားရင်းပဲပြောတာ ကောင်းပါတယ်။

အရက်သမားမဟုတ်ပါ

ဘာအကြောင်းကြောင့်ပဲ အရက်သောက်သောက် ကိုယ့်ကိုယ်ကိုယ် အရက်သမားတစ်ယောက်လို့ မခံယူထားပါနဲ့။ အရက်သမားလို့ ခံယူလိုက်တာနဲ့ အကန့်အသတ်ဆိုတာ မသိဘဲ သောက်မိနိုင်ခြေ များပါတယ်။ လူမှုရေးအရ သောက်ဖြစ်တဲ့အခါတွေမှာ လူကြီးလူကောင်းတစ်ယောက်လိုပဲ စည်းကမ်းနဲ့သောက်ပါ။

Most Popular

Healthy Life Ad
To Top