Healthy Life Ad
Q & A

ကျန်းမာဖို့အရေး သိလိုရာမေး

ဒေါက်တာမိုးအောင်ကျော်နိုင် (အထွေထွေရောဂါအထူးကု ဆရာဝန်ကြီး) ဖြေကြားသည်။

Q. ကျွန်တော်က ဧရာဝတီတိုင်းကပါ။ အသက်က ၁၈ နှစ်ပါ။ ကျွန်တော်အရပ်ရှည်ဖို့အတွက် ဆေးလည်းသောက်ပါတယ်။ အကြောလျှော့လေးကျင့်ခန်းတွေလည်း လုပ်ပါတယ်။အစာအာဟာရလည်းစားပါတယ်။ ဒါပေမဲ့ အရပ်ကသိပ်မထွက်ချင်ဘူးဗျ။ အဲဒါ ဘာဖြစ်လို့ပါလဲ။

A. အရပ်အမြင့်က အဓိကအားဖြင့် မျိုးရိုးဗီဇနဲ့ ဆိုင်ပါတယ်။ အဖေအမေပုရင် သားကရှည်ဖို့ခက်ပါတယ်။ အရိုးအဆစ်ကြီးထွားချိန်မှာ လိုအပ်တဲ့အာဟာရဓာတ်တွေ ချို့တဲ့ရင်လည်း အရပ်ပုတတ်ပါတယ်။ မေးတဲ့သူက အမျိုးသားလည်း ဖြစ်တယ်၊ အသက်ကလည်း ၁၈ နှစ်ရှိပြီဆိုတော့ ဒီ့ထက်အရပ်အများကြီးရှည်ဖို့ အလွန်နည်းသွားပါပြီ။ ငယ်စဉ်ဘဝ ကြီးကောင်ဝင်ချိန်မှာ အရိုးနဲ့ဆိုင်တဲ့ အာဟာရဓာတ်တွေ အလုံအလောက်မရခဲ့လို့ အရပ်ပုတာလည်း ဖြစ်နိုင်ပါတယ်။ အခုအချိန်မှာ ကိုယ်ကျန်းမာအောင် လေ့ကျင့်ခန်းတွေလုပ်တာက အရိုး၊ အကြော၊ ကြွက်သားကျန်းမာသန်စွမ်းစေပါတယ်။ ဆက်လုပ်ပါ။ တစ်ကိုယ်ရေကျန်းမာရေးကောင်းမွန်တာက အရပ်မြင့်တာထက်ပိုပြီး ကောင်းပါတယ်။

Q. ကျွန်တော်အသက် ၆၀ ရှိပါပြီ။ လွန်ခဲ့တဲ့ ၂၅ ရက်လောက်က သည်းခြေအိတ်ကို မှန်ပြောင်းနဲ့ ထုတ်လိုက်ပါတယ်။ နောက် ၂ ရက်ကြာတော့ တကိုယ်လုံးဝါလာပါတယ်။ ဆီးလဲဝါလာပါတယ်။ ခွဲစိတ်ဆရာဝန်ကိုသွားပြောတော့ အဲဒါမေ့ဆေးနဲ့မတည့်လို့ဆိုပြီး ပြောပါတယ်။ ရေများများသောက်၊ ဆီးထဲပါသ္ဗားလိမ့်မယ်လို့ ပြောပါတယ်။ နောက်အသည်းဆရာဝန်နဲ့ ဆက်ပြပါတယ်။ အသည်းအားဆေးနဲ့ အကြောဆေးအမိုင်လိုအက်စစ် ပေးပါတယ်။ ၃ ရက်တခါသွင်းပါတယ်။ ၄ထုပ်သွင်းပြီးပါပြီ။ အသားဝါကျမသွားသေးပါ။ ဆီးလည်းဝါတုန်းပဲ။ အာထရာဆောင်းရှိက်ကြည့်တော့ သဲခြေပြွန်ရောင်နေတယ်ပြောပါတယ်။ ခွဲစိတ်ဆရာဝန်လည်း ခရီးသွားနေပါတယ်။ အစာစားလိုက်ရင် ပျို့လာပါတယ်။ ခံတွင်းပျက်ပါတယ်။ တကိုယ်လုံးယားပါတယ်။ ဘာဆက်လုပ်ရမလဲဆရာ။

A. အသည်းနဲ့ သည်းခြေပြွန်ရောင်ရမ်းရောဂါဖြစ်လို့ ပဋိဇီဝပိုးသတ်ဆေး ပေးရပါမယ်။ တစ်ဖက်ကတော့ ဖြည်းဖြည်းချင်းမှ ဝါတာကျတတ်တယ်။ ပထမပြတဲ့ အသည်းဆရာဝန်နဲ့ပြပြီး ပိုးဝင်ရောင်တဲ့အရာအတွက် ပဋိဇီဝပိုးသတ်ဆေးနဲ့ ကုရပါမယ်။ အစားအသောက်အနေနဲ့ အဆီပါတာတွေကို ရှောင်ရှားပြီးတော့ စားသောက်သင့်ပါတယ်။ အဆီမစားရပါဘူး။ ခွဲစိတ်ဆရာဝန်ထက်စာရင် အသည်းဆရာဝန် ဒါမှမဟုတ် အထွေထွေရောဂါအထူးကု သမားတော်နဲ့ ပြသင့်ပါတယ်။

Q. ကျွန်တော့်ညီလေးတစ်ယောက် မနေ့က ဒူးကိုက်လို့တဲ့၊ ဆရာဝန်သွားပြပါတယ်။ ဆရာဝန်က ပြောပါတယ်။ ဒူးခေါင်းထဲမှာ ပိုးတွေ့တာတဲ့။ အဲဒါကို ဘာရောဂါလို့ ခေါ်ပြီး ဘာကြောင့်အဲ့လိုဖြစ်တာလဲ သိချင်ပါတယ်။ ပြောပြပေးပါဦးနော်။

A. ဒူးထဲပိုးဝင်တာကို ဆေးပညာအရ Septic Arthritis လို့ ခေါ်ပါတယ်။ ခန္ဒာကိုယ်ထဲကို ဘက်တီးရီးယားပိုး တစ်ခုခုရောက်တယ်ဆိုရင် အဲဒါက ခန္ဒာကိုယ်တစ်ကိုယ်လုံးက အင်္ဂါတွေကို ရောက်ရှိပြီး ရောင်ရမ်းနိုင်ပါတယ်။ အဲဒီပိုးက ဒူးခေါင်းအဆစ်ထဲရောက်နေလို့ ရောင်တယ်လို့ သူယူဆတယ်။ သက်ဆိုင်တဲ့ ပဋိဇီဝပိုးသတ်ဆေး သောက်လိုက်ရင် သက်သာသွားမှာပါ။ မသက်သာရင် ပိုးကြောင့်မဟုတ်ဘဲ တခြားအဆစ်ရောင်တဲ့ အကြောင်းတွေလည်း ရှိသေးတယ်။ အဲဒါတွေကို ရှာဖွေပြီး ပြန်ကုရပါမယ်။

Q. ခေါင်းမှာဒက်ပေါက်နေတာ ပျောက်လိုက်ပေါက်လိုက်နဲ့ အခုထိပဲ လေးနှစ်လောက်ကြာပါပြီ။ အသက်က ၁၇ နှစ်၊ ဘာဆေးလိမ်းသင့်လဲခင်ဗျာ။

A. မှိုပိုးသတ်ဆေးတွေ အများကြီးရှိပါတယ်။ Ketokonazole,Meconazole စသဖြင့်ရှိသလို ဒက်သေတဲ့ ခေါင်းလျှော်ရည်တွေလည်း ရှိပါတယ်။ မှိုပိုးသတ်ဆေးပါတဲ့ ရှမ်ပူ ဒါမှမဟုတ် လိမ်းဆေးအမျိုးအစားတစ်ခုခုကို အမြစ်ပြတ်တဲ့အထိ လိမ်းသင့်ပါတယ်။ တစ်ရက်လိမ်းလိုက်၊ ပျောက်လိုက်၊ မလိမ်းလိုက်နဲ့ဆို အမြစ်မပြတ်လို့ ပြန်ပြန်ဖြစ်နေတာ ဖြစ်မယ်။ အရေးကြီးတာက တစ်ကိုယ်ရေသန့်ရှင်းရေးနဲ့ ခေါင်းကိုမှန်မှန်လျှော်ပေးပါ။ ခေါင်းချွေးထွက်တာများရင်၊ ခေါင်းအုံးစွပ်မသန့်ရင် ဖြစ်လိုက်၊ ပျောက်လိုက်၊ ပြန်ဖြစ်လိုက် ဖြစ်တတ်ပါတယ်။ ဒါကြောင့် ခေါင်းမှန်မှန်လျှော်ပေးပါ၊ တစ်ကိုယ်ရေသန့်ရှင်းရေး အလေးထားလုပ်ဆောင်ပေးပါ။

Q. ကျွန်မသားလေးက ဆီးသွားရင် သွေးအရောင်နည်းနည်း ပါပါတယ်ရှင့်။ ကလေးက ၃ လ ယောကျာ်းလေးပါ။ စိုးရိမ်ရလားရှင့်။ ကျေးဇူးပြုပြီး ဖြေပေးပါနော်။

A. ဆီးစစ်ပြီးတော့ သွေး ဟုတ်၊ မဟုတ် သေချာအောင် လုပ်ရပါမယ်။ သွေးဆိုရင် ဆီးအိမ်ရောင်တာတို့၊ ဆီးလမ်းကြောင်းထဲမှာ ပိုးဝင်တာတို့ ဖြစ်တတ်တဲ့အတွက် မပေါ့ဘဲ ဆရာဝန်နဲ့ပြသဖို့ လိုပါတယ်။ ဆီးထဲ သွေးပါ/မပါ ဆီးကို စစ်ဆေးသင့်ပါတယ်။ သွေးဆိုရင် ဆရာဝန်နဲ့ပြပြီး ကုသမှုခံယူရပါမယ်။

Most Popular

Healthy Life Ad
To Top